Thursday, June 25, 2015

မျက်လုံးဖွင့်ပြီး အိပ်ကြည့်ရမည့် မြန်မာ့ နိုင်ငံရေး

၂၀၁၅ရွေးကောက်ပွဲ အကြိုနိုင်ငံရေးအခင်းအကျင်းများသည် သိမ်မွေ့၊ ရှုပ်ထွေး၊ ပရိယာယ် ကြွယ်နိုင်လွန်းသည့် အားလျော် စွာ နိုင်ငံရေး ခေါင်းဆောင်များ၊ တပ်မတော် ခေါင်းဆောင်များနှင့် တိုင်းရင်းသား ခေါင်းဆောင်များ အနေဖြင့် ဆင်းရဲမွဲတေမှုနွံနစ်နေ သည့် တိုင်းပြည်နှင့်တိုင်းရင်းသား ပြည်သူလူထု၏ လက်ငင်းအကျိုး ကို မဖြစ်မနေ ရှေးရှုရမည် ဖြစ် သည်။ တိုင်းရင်းသားပြည်သူလူ ထုကို အကျိုးပြုနိုင်ခြေနည်းပါးနေ သရွေ့ ဒီမိုကရေစီပြုပြင်ပြောင်း လဲရေးသည် ဟန်ပြသက်သက် သာဖြစ်နေဦးမည်မှာ ဧကန်မုချ ဖြစ်သည်။ ၂၀၁၅ ဇွန်လ ၂၃ ရက်မှ ၂၅ ရက်အထိ ပြည်ထောင်စုလွှတ် တော်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အ ခြေခံဥပဒေ ၂၀၀၈ ပြင်ဆင်သည့်ဥပဒေကြမ်းနှစ်ရပ်ကို ဆွေးနွေးလျက်ရှိသည်။ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးရန်စာရင်းပေး သွင်းထားသူ ၃၉ ဦး အနက် အများစုသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည်။ ဒီချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည်လည်း သုံးရက်တာ လွှတ်တော်တွင်းဆွေးနွေးပွဲတွင် ပါဝင်နိုင်သည်ဟု သုံးသပ်မှုများရှိနေသည်။ ပထမနေ့ဆွေးနွေးသူ ၁၆ ဦးအနက် ငါးဦးသည် ဒီချုပ်၏လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သည်။ ဒီမိုကရေစီရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ယုံကြည် မှုတည်ဆောက်ရေးနှင့် ငြိမ်းချမ်း ရေးတို့လွှမ်းခြုံနေသည့် လက်ငင်း နိုင်ငံရေးတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အကျပ်အတည်းသည် သော့ချက်ပင်ဖြစ်သည်။ လတ်တလော ပြည်ထောင်စုလွှတ်တော်တွင်း ပြင်ဆင်ရေးဆွေးနွေးမှုများသည် အကျပ်အတည်းကို ကျော်လွှားနိုင်မည့် နည်းလမ်းများဖြစ် ရန် အလားအလာနည်းနေဆဲ ဖြစ်ပြီး ဒီချုပ်ကိုယ်စားလှယ်များ အနေဖြင့် ဆွေးနွေးခွင့်ပိုရလင့်ကစား မဲခွဲဆုံးဖြတ်အတည်ပြုရာတွင် မှန်းချက်နှင့်နှမ်းထွက်လွဲ နေနိုင်ခြေမြင့်မားနေဆဲဖြစ်သည်ဟု သုံးသပ်နိုင်သည်။ အာဏာရပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီခေါင်း ဆောင်များအနေဖြင့် သုံးရက် ကြာပြင်ဆင်ရေး ဆွေးနွေးပွဲတွင် ဒီချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစု ကြည်ကိုယ်တိုင် ပါဝင်ဆွေးနွေး ရေးကို လိုလားနိုင်ဖွယ်ရှိသည်။ လွှတ်တော်တွင်း ဆွေးနွေးပွဲများ ၌ ဒီချုပ်ကိုယ်စားလှယ်များကို နေရာပိုပေးထားခြင်း၏နောက် ကွယ်တွင် ဝှက်ဖဲတစ်ချပ်ချပ်ရှိနေ နိုင်သည်။ လွှတ်တော်တွင်း ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး တွင် ဒေါ်အောင်ဆန်းစုကြည်အပါ အဝင် ဒီချုပ်လွှတ်တော်ကိုယ်စား လှယ်များ၏ အကြိတ်အနယ်ဆွေး နွေးမှုမှတ်တမ်းများသည် အမေရိ ကန်ပြည်ထောင်စုနှင့် အနောက် နိုင်ငံများကို စည်းရုံးသိမ်းသွင်းနိုင် မည့် ပြကွက်ကောင်းများလည်း ဖြစ်နိုင်သည်။ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများ၏ စိတ်ဝင်စား မှုကိုလည်း ပိုမိုရရှိနိုင်ခြေရှိသည်။ ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) ဒီချုပ်ကိုယ်စားလှယ်များများ ပါဝင်ဆွေးနွေးလာမည်ဆို လျှင် ပြည်ထောင်စုလွှတ်တော် တွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် ဇာတ်ညွှန်း အားကောင်းသော ပြဇာတ်တစ် ပုဒ်ဖြစ်ကောင်းဖြစ်လာနိုင်သည် ဟု သုံးသပ်မှုများရှိနေသည်။ ဒီချုပ်ကိုယ်စားလှယ်အများ စု ဆွေးနွေးခွင့်ရသည့်အလျောက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးကို မျှော်လင့်ချက်ထားနိုင် သည်ဟု အလိုတော်ရိပညာရှင် များ၊ အလိုတော်ရိလေ့လာသူ များအနေဖြင့် သုံးသပ်မှတ်ချက်ပြု လျက် ဘေးတီးနိုင်သည်။ ဒီချုပ် ကိုယ်စားလှယ်အားလုံးပင် ဆွေး နွေးခွင့်ရသော်ငြား လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ကျော်၏ ထောက်ခံမှုရရှိနိုင်ရန် ခဲယဉ်းနေဦးမည်မှာ ဧကန်မုချဖြစ် သည်။ အစိုးရ၊ အာဏာရပါတီ တို့နှင့်နီးစပ်သော ပြည်တွင်း၊ ပြည်ပ ပညာရှင်များကလည်း လွှတ်တော်တွင်း ပြင်ဆင်ရေးကို ဗိန်းဗောင်းတီး ကြိုဆိုလာနိုင်သည်။ အကယ်စင်စစ် ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆွေးနွေးရာ၌ ဒီချုပ်ကိုယ်စားလှယ်အများစုကိုဆွေးနွေးခွင့်ပြုထားခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပါဝင်ဆွေးနွေး မှတ်ချက်ပေးနိုင်ရန် လမ်းဖွင့်ပေးထားခြင်းတို့သည် အစိုးရနှင့် အာဏာရပါတီတို့၏ ဗျူဟာ မြောက်အကွက်ကျကျ ကြိုတင် စီစဉ်ထားသော နိုင်ငံရေးလှည့် ကွက်များ၊ ပရိယာယ်များဖြစ် ကောင်းဖြစ်နိုင်သည်ကို သတိချပ် သင့်သည်။ သမ္မတက တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဝန်ကြီးချုပ် ကို ခန့်အပ်တာဝန်ပေးနိုင်သည့် ပြဋ္ဌာန်းချက်ကို တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်များက ဝန်ကြီးချုပ်ကိုရွေး ချယ်ပြီး သမ္မတကခန့်အပ်တာဝန်ပေးနိုင်သည့် ပြဋ္ဌာန်းချက်နှင့် ပြင်ဆင်အစားထိုး မည့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေးကို ပြည်ထောင်စုလွှတ်တော်တွင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခွင့် ပြုနိုင်ဖွယ်ရှိသည်။ ပြင်ဆင်ရေး ဘက်ကို အလေးသာဆွေးနွေးနိုင် သော်လည်း အပြီးသတ်မဲခွဲဆုံး ဖြတ်သောအခါ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၇၀ ရာခိုင်နှုန်းနီးပါး၏ ထောက်ခံမှုကို သာရရှိသဖြင့် ပြင်ဆင်ရေး အကောင်အထည်မဖော်နိုင်သည့် ကိန်းဆိုက်နိုင်ခြေရှိသည့် အကွက်ခင်းကျင်းနိုင်သည်ကိုလည်း မျက်ခြည်မပြတ်သင့်ပေ။ အစိုးရနှင့် အာဏာရ ပြည်ခိုင်ဖြိုးပါတီတို့ အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ရဲသောသတ္တိနှင့် ယုံကြည်မှုလုံးလုံးမရှိနိုင်ဟုသုံးသပ်မိသည်။ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးသည် ရေရှည် လုပ်ငန်းစဉ်အောက် ပြန်ရောက်မည်ဖြစ်သည်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို ပြည်တွင်း၊ ပြည်ပက အလွန် အမင်းစိတ်ဝင်စားနေသည့် အ လျောက် ပိုမိုစိတ်ဝင်စားလာ စေရန် အက်ရှင်ဆန်ဆန် ဇာတ်ညွှန်းရေးလာနိုင်ခြေရှိသည်။ လွှတ်တော်ထဲမှာ အကြိတ်အနယ်ဆွေးနွေးသည့်ပုံရိပ်ကိုလည်း ပြင်ဆင်ပြသနိုင်ဖွယ်ရှိသည်။ ပြည်ထောင်စုလွှတ်တော်တွင်း ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအကြိတ်အနယ်ဖြစ်မှသာ အမေရိကန်ပြည်ထောင်စုနှင့် အနောက်နိုင်ငံအစိုးရများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အနေဖြင့် နိုင်ငံရေးအရ အတန်အသင့် အသက်ရှူချောင်မည်ဖြစ်သည်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအထမြောက်မည်လားဟု စောင့်စားမျှော်လင့်နေကြမည်ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော် တွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အဆိုပြုထားသောပုဒ်မအား ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှုနှင့် အတည်ပြုလိုက်မည်ဆိုလျှင် ပြည်တွင်း၊ ပြည်ပ မြန်မာ့အရေး ပရိသတ်များအားလုံးကို ဟင်ခနဲ၊ ဟာခနဲဖြစ်သွားစေနိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်၊ ဒီချုပ်၊အမေရိကန်နှင့် အနောက်နိုင်ငံများကို နိုင်ငံရေးအရ ပြယုဂ်ကောင်းစေနိုင်သည့် ကစားကွက်လည်းဖြစ်သည်။ ပြည်တွင်း၊ ပြည်ပသတင်း မီဒီယာများအတွက်ရေး ကွက်ကောင်းများပေါ်လာနိုင်မည့်အပြင် အလိုတော်ရိပညာရှင်များ၊ ဖားတစ်ပိုင်းငါးတစ်ပိုင်း သုတေသီများလည်း လက်ပမ်းပေါက်ခတ်လာကြမည် ဖြစ်သည်။ အစိုးရနှင့်အာဏာရပြည်ခိုင်ဖြိုးပါတီ အနေဖြင့် အဆိုပါဆုံးဖြတ်ချက် တစ်ပိုင်းတစ်စ၏ အသီးအပွင့်ကို ခံစားရလာနိုင်ခြေရှိသည်။ အကယ်၍ ဖော်ပြပါဇာတ် ညွှန်းအတိုင်း ခင်းကျင်းခဲ့မည်ဆို လျှင် သတင်းမီဒီယာများနှင့် ပညာရှင်များအနေဖြင့် ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးအတွက် ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲတွင် မဲပေးပိုင် ခွင့်ရှိသူစုစုပေါင်း၏ ထက်ဝက် ကျော်ထောက်ခံမှုရရှိရန် လိုအပ် နေဆဲအနေအထားကို စဉ်ဆက် မပြတ် ထောက်ပြဆွေးနွေးနိုင်ရန် ပဓာနကျမည်ဖြစ်သည်။ ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲကို ၂၀၁၅ အ ထွေထွေ ရွေးကောက်ပွဲနောက် ပိုင်းမှသာ ကျင်းပနိုင်ဖွယ်ရှိသည့် အလျောက် ပုဒ်မ ၄၃၆ ပြင်ဆင် ရန် ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်နှင့်အတူ ရွေး ကောက်ပွဲကာလကို ဖြတ်သန်းနိုင် ခြေရှိသည်ဟု ခန့်မှန်းသုံးသပ် နိုင်သည်။ အစိုးရနှင့်အာဏာရပြည် ခိုင်ဖြိုးပါတီအနေဖြင့် ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲကျင်းပမည့် အ ချိန်ကို ဗျူဟာမြောက် စဉ်းစား ရွေးချယ်နိုင်သည်။ ရွေးကောက်ပွဲ အလွန် အစိုးရသစ်မဖွဲ့စည်းနိုင်မီ ကြားကာလထက် အစိုးရသစ်ဖွဲ့ ပြီးစအချိန်တွင် ဖြစ်နိုင်ခြေများ သည်ဟုသုံးသပ်နိုင်သည်။ ရွေး ကောက်ပွဲအလွန် အစိုးရမဖွဲ့မီ ကြားကာလမှာ ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ပုဒ်မ ၄၃၆ ပြင်ဆင်နိုင် ရန် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့မှုကိုအကြောင်းပြု လျက် ဒီချုပ်ပါတီ၊ ဒေါ်အောင် ဆန်းစုကြည်တို့နှင့်ပူးပေါင်းဆောင်ရွက်ရေးခြေလှမ်းကို ထိထိရောက် ရောက် လှမ်းလာနိုင်ဖွယ်ရှိသည်။ အဆိုပါကာလတွင် သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် အကြား ဆက်ဆံရေးသည်လည်း ပို၍ပို၍ကောင်းမွန်လာနိုင်ခြေရှိသည်ဟုသုံးသပ်နိုင်သည်။ အစိုးရသစ်များ၊ လွှတ်တော် သစ်များဖွဲ့စည်းကျင်းပစအချိန် တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပမည်ဆိုလျှင် စိတ်ဝင်စားမှု အမြင့်မားဆုံးရရှိနိုင်ဖွယ်ရှိသည်။လွှတ်တော်များတွင် သာမက အစိုးရများတွင် ဒီချုပ်ကိုယ်စား လှယ်များ ပါဝင်ကောင်းပါဝင်နေ နိုင်ဖွယ်ရှိသည့် အခင်းအကျင်း လည်းဖြစ်နိုင်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ (က)ပါ ပြဋ္ဌာန်းချက်အရ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့် ပြင်ဆင်ရန်မှာ အခက်ခဲဆုံး ဖြစ်နိုင်ဖွယ်ရှိသည်။ အကယ်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ၄၀ ရာခိုင်နှုန်းကျော်သာ ထောက်ခံမည်ဆိုလျှင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးသည် အထမြောက်နိုင်တော့မည်မဟုတ်ပေ။ အဆိုပါ အခင်းအကျင်းကို ဆင်ပြောင်ကြီး အမြီးကျမှတစ်သည်ဟု သုံးသပ်မှုများရှိနိုင်သကဲ့သို့ အမြီးကျမှတစ်မည်ဟုသိသိ ချည်းနှင့် ဆင်ကန်းတောတိုးခဲ့သည်ဟုလည်း သုံးသပ်နိုင်ဖွယ်ရှိသည်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို လာမည့်လွှတ်တော်သက်တမ်း တွင် ထပ်မံကြိုးစားကြမည်ဟု သစ္စာဆိုရင်း ၂၀၁၃ မှစတင်ခဲ့ သည့် ပြင်ဆင်ရေးလုပ်ငန်းစဉ် ကြီး ကန့်လန့်ကာချလိုက်နိုင်ခြေရှိ သည်။ အခြားတစ်ဖက်တွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို ပြည်ထောင် စုလွှတ်တော်တွင် ဆွေးနွေးပြီး အဆုံးအဖြတ် ရယူကတည်းက ပြည်ထောင်စု လွှတ်တော်ကိုယ် စားလှယ် ၇၀ ရာခိုင်နှုန်းကျော်၏ ထောက်ခံမှုနှင့်အတူ အတည်မပြု နိုင်ခြင်းသည်လည်း အခြားဖြစ်နိုင် ခြေတစ်ခုဖြစ်သည်ကို ဆင်ခြင် သင့်သည်။ အချုပ်အားဖြင့်ဆိုသော် အတွေ့အကြုံ၊ ဖြတ်သန်းမှုတို့ အပေါ် အခြေခံသည့် စဉ်းစားသုံး သပ်မှုများနှင့် ဆန့်ကျင်လျက် ပုဒ်မ ၂၆၁ နှင့် ပုဒ်မ ၄၃၆ တို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် သည့်ဥပဒေကြမ်းပါ ပြဋ္ဌာန်းချက် များနှင့်အညီ ပြင်ဆင်နိုင်ခဲ့မည်ဆို လျှင် တိုင်းပြည် ပြည်သူလူထုနှင့် ဒီမိုကရေစီအပြောင်းအလဲအတွက်အပြုသဘောဆောင်သော ခြေလှမ်းသစ်များကို လှမ်းနိုင်ပြီဟု သုံးသပ်လျက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမည်သာဖြစ်သည်။ အဆိုပါ မျှော်လင့်ချက် များနှင့်အတူ နိုင်ငံရေးလှည့်ကွက်များ၊ ပရိယာယ်များ၊ ကစားကွက်များ၏ အစွမ်းသတ္တိကိုလည်း မျက်ခြည်မပြတ်ရန် အရေးကြီးသည့်အလျောက် နိုင်ငံရေးအရ နိုးနိုးကြားကြား မျက်လုံးဖွင့်ပြီး အိပ်ကြည့်နိုင်ရန် လိုအပ်နေဆဲဖြစ်ပါကြောင်း မီးမောင်းထိုးတိုက်တွန်း ဆော်သြလိုက်ရပါသည်။

No comments:

Post a Comment