Sunday, June 28, 2015

ကလိန်ကျ ကချလာပြည်မြင်ကွင်း

ဒီနေ့လွှတ်သဘင်မှာ ဘုရင်အရမ်းစိတ်ဆိုးနေတယ်။ ပြည်သူတွေ ဟစ်တိုင်ကနေ “အလိုမရှိ” ဆိုတဲ့ အော်သံကို မနက်လင်းလင်းချင်း ကြားလိုက်ရလို့။ ခါတိုင်းက ဟစ်တိုင်ရင်ပြင်ကို အမတ်တစ်ဦးက လေလံဆွဲပြီး ဈေးပွဲလုပ် ထားတယ်။ ဟစ်တိုင်ရင်ပြင်က နွားဈေးပွဲဖြစ်နေတာကြောင့် နွားအော်သံတွေပဲ ကြားနေရပြီး လူအော်သံ မကြား ရတာကို မကြာခင်ကမှ ဘုရင်သိရတာ။ ဒါကြောင့် ရင်ပြင်ကို လေလံဆွဲထားတဲ့ ယောက်ဖတော်ဝန်ကြီးကို “ဟဲ့ .. မတော်ပါဘူးကွယ်” လို့ ပြောပြီး ဈေးပိတ်စေလို့ အမိန့်ချလိုက်တော့ ဈေးသည်တွေဆီက အကောက်တော် ယူထားတဲ့ငွေကို ဘယ်လိုလုပ်မလဲဆိုတာ ယောက်ဖက အစ်မတော်ကိုလျှောက်၊ အစ်မတော်က ဘုရင်ကို ခြေစောင့်ပြီး နှုတ်ခမ်းစူ၊ ဒီလိုနဲ့ ပြည်သူ့ဘဏ္ဍာထဲကနေ လျှော်စေဆိုတဲ့ အမိန့် ထပ်ထွက်လာရပြန်တယ်။ ဈေးသည်တွေဆီက ယူထားတာ အသပြာ တစ်ထောင်၊ ပြည်သူ့ဘဏ္ဍာက ထုတ်သွားတာ အသပြာတစ်သောင်း ဒီလိုနဲ့ ယောက်ဖတော်ဝန်ကြီးလည်း ဆင်တစ်ကောင်ဝယ်စီးနိုင်တဲ့အထိ ဘုန်းကြီးသွားတယ်။ ဟစ်တိုင်ဖွင့်တဲ့နေ့ကစပြီး လာအော်လိုက်ကြတာ။ “ကယ်တော်မူပါ” ဆိုတဲ့ အသံတွေတောင်ပါတယ်။ အလိုမရှိ လို့ အအော်ခံရတဲ့ သူတွေကလည်း အရှေ့ပြင်၊ အနောက်ပြင်၊ တောင်ပြင်၊ မြောက်ပြင် အရပ် ဆယ်မျက်နှာ ၀န်တွေအားလုံးပဲ။ လေသာဆောင်ကနေ ရင်ပြင်ကိုထွက်ကြည့်တဲ့ဘုရင် အံ့အားသင့်သွားတာက ပြည်သူတွေ အင်္ကျီမရှိ၊ အောက်ပိုင်းကို နံငယ်ပတ်၊ အချို့ကသစ်ခေါက်လျှော်ဖုံးပြီး စုရုံးဟစ်အော်နေတာပဲ။ ဒါနဲ့ မဖြစ်ချေဘူးဆိုပြီး လွှတ်တော်ခေါ်၊ လွှတ်သဘင်မှာ ၀န်တွေကိုဖြုတ်၊ တိုင်းပြည်ကိုမွဲအောင်လုပ်တဲ့ သူတွေ မြိုင်ရပ်ကိုနှင်မယ်ဆိုပြီး ဒေါမာန်နဲ့ လွှတ်သဘင်ကို ဘုရင်တက်လာတယ်။ “ဟဲ့ .. အရှေ့ပြင်ဝန် မောင်မင်း နယ်တစ်ကြော အော်သူတွေ ပေါလှချည့်။ ပြည်သူတွေ စားစရာမရှိ။ လူးဆတ် တောင် မှန်အောင် မစားနိုင်ဆိုပါလား။ စပါးဆန်တွေ ဘယ်ဆီကိုရောက်သွားသလဲ” “မှန်လှပါ စိန့်တိုင်းကို ရောင်းနေရပါတယ်ဘုရား” “အနောက်ဝန်မင်း မောင်မင်းရဲ့နယ်မှာ ကျောက်မျက်တွေ ဒီလောက်ပေါရက်သားနဲ့ ဘာဖြစ်လို့ ပြည်သူတွေ လျှော်တေ၀တ်ပြီး စားစရာမရှိလို့ အော်နေရသလဲဟဲ့” “မှန်လှပါ စိန့်တိုင်းကိုရောင်းပြီး နန်းတော်ကို ရွှေချ၊ နေပြည်တော်ကို လှပအောင် လုပ်နေရလို့ပါဘုရား” “တောင်ပြင်ဝန်မင်းကလည်း မြို့ရွာတကြော သူခိုးမုဒိမ်းဆူသူပေါတယ်လို့ အော်နေကြပါလားဟဲ့” “မှန်လှပါ စိန့်တိုင်းက၀င်ကူ လစ်လျူရှုနေရပါတယ်ဘုရား” “တယ် .. ဒီဝန်တွေ ဒါစိန့်ပြည်လား ငါ့ပြည်လားကွဲ့” “မှန်လှပါ .. စိန့်ပြည်ကိုလည်း ကြောက်ရပါတယ်ဘုရား။ သူတို့က ကျေးဇူးရှိပါတယ်ဘုရား” “ညံ့လှတဲ့ ၀န်တွေ အားလုံးကိုဖြုတ် အသစ်တွေနဲ့ အုပ်ချုပ်မယ်” ဒီအချိန်မှာ အမတ်ချုပ်ကြီးက ဘုရင်ကို ကပ်ပြီး “မင်းကြီး အားလုံးသောဝန်ကြီးတွေဟာ မင်းကြီးနဲ့ မိဖုရားကြီးရဲ့ ဘထွေးတော်၊ တူတော်၊ နောင်တော်၊ မောင်တော်တွေချည်းပဲလေ။ စိန့်တိုင်းဆိုတာကလည်း ဆွေမျိုးပေါက်ဖော်တွေလေ။ ဆင်ခြင်တော်မူပါဘုရား” “ဒါဆိုရင် အမိန့်တော်မှတ်မယ်။ နောက်နေ့ကစပြီး ဟစ်တိုင်မှာ လူစုလူဝေးနဲ့ လာအော်တာကို မကြားချင်ဘူး။ လာအော်သံကြားရင် မောင်မင်းတို့အားလုံးကို စီရင်အုပ်ချုပ်ခွင့်တွေရပ် မြိုင်ရပ်ကို နှင်တော်မူမယ်” နောက်တစ်နေ့ကစပြီး ပြည်သူ့ဟစ်တိုင်ရင်ပြင်ကို မြို့စွန် သုဿာန်အနီး လူသတ်ကွင်းထဲပြောင်းလိုက်တာ ကြောင့် ဘုရင်လည်း ငြိမ်းချမ်းစွာ အိပ်စက်ရပြီး၊ အမတ်တွေ ၀န်တွေလည်း အေးချမ်းစွာ ဆက်ပြီး ခိုးယူအုပ်ချုပ် မတရားလုပ်နိုင်ပါတော့တယ်။

No comments:

Post a Comment