Tuesday, August 25, 2015

မဟုတ်မဟက်လုပ်ရပ်တွေ ရပ်ပါတော့

အခုရက်ပိုင်း ရန်ကုန်မြို့နေ လူလတ်တန်းစားတွေအတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းတစ်ပုဒ်ကတော့ ကိုယ့်ကားကို ကိုယ့်ပါကင်မှာ မရပ်တဲ့ ကား ၄၇ စီး ဖမ်းဆီး အရေးယူခံ ရတဲ့ ကိစ္စပါ။ ရန်ကုန် စည်ပင်ကတော့ ဥပဒေထဲက စာသားတွေကို ရွတ်ဆိုပြီး သူတို့ကို ဒဏ်ငွေ ကျပ် တစ်သောင်းကနေ ၅ သိန်းအထိ တပ်ရိုက်မယ်၊ ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ဆိုပါ တယ်။ ခုလို ဖမ်းဆီးအရေးယူ ဒဏ်ရိုက်ခံရတဲ့ ပြည်သူတွေအတွက် ဘယ်လောက် မခံချင်စရာ ကောင်းမလဲ တွေးကြည့်ရုံနဲ့ ကိုယ်ချင်းစာနိုင်ပါတယ်။ ဒီလို အဓိပ္ပာယ်မဲ့တဲ့ စည်းကမ်းချက်တွေကို သတ်မှတ်၊ မတရားဖမ်းဆီး အရေးယူခံ ရတာကို အာဏာပိုင်တွေရဲ့ မျက်ကွယ်မှာ ဆဲဆိုရုံမှ တစ်ပါး ဘာမှ မတတ်နိုင်ကြတော့ဘူးလား။ အာဏာပိုင်တွေရဲ့ အခုလုပ်ရပ် အဓိပ္ပာယ် ရှိပါရဲ့လား၊ ပြည်သူ တွေ အနေနဲ့ ဘယ်လိုတုန့်ပြန်လို့ ရနိုင်မလဲ ဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။ အားလုံးသိကြပြီဖြစ်တဲ့အတိုင်း အစိုးရဟာ ရန်ကုန်နေပြည်သူတွေ တစ်ဦးချင်း ကားတင် သွင်းခွင့်နဲ့ ပတ်သက်ပြီး စည်းကမ်းချက် အသစ်တစ်ခု ချမှတ်ထားခဲ့ပါတယ်။ အဲဒါကတော့ ကိုယ် ကိုယ်တိုင် ပိုင်ဆိုင်တဲ့ ကားပါကင်နေရာရှိမှ ကားတင်သွင်းခွင့်ပြုမယ် ဆိုတာမျိုးပါ။ အကြောင်းပြ ချက်ကတော့ ရန်ကုန်မှာ ကားတွေ တအားများနေတယ်၊ ကားတွေ အလွန်ကြပ်နေတယ်၊ ဒါကြောင့် ရန်ကုန်လိုင်စင် ကားအရေအတွက် လျှော့ချနိုင်အောင် ခုလိုအစီအစဉ်တွေ လုပ်ရတာလို့ ဆိုပါတယ်။ အဓိပ္ပာယ်ကတော့ မြောက်ဒဂုံလို၊ သံလျင်လို ကိုယ့်ခြံဝိုင်းလေးနဲ့ ကားပါကင်အတွက် မြေနေရာရှိသူတွေပဲ ကားတင် သွင်း၊ ရန်ကုန်မြို့လယ် ဧရိယာမှာ နေထိုင်သူတွေ လုံးဝ ကားမတင် သွင်းနဲ့ဆိုတဲ့ အဓိပ္ပာယ် ပေါက်ပါတယ်။ ဒီလောက် စဉ်းစားတတ်ရင်ပဲ ဒီစည်းကမ်းချက် လုံးဝအဓိ ပ္ပာယ် မရှိဘူးဆိုတာ နားလည်နိုင်လောက်ပါတယ်။ ကောင်းပါပြီ။ရန်ကုန်မြို့လယ် ဧရိယာပြင်ပမှာ နေထိုင်တဲ့ သူ၊ ကားပါကင် မြေနေရာ ရှိသူ တွေကရော သူတို့ ကားတင်သွင်းပါပြီတဲ့၊ အဲဒီကားဟာ သူ့အိမ်ဝိုင်းမှာပဲ အမြဲတမ်း ညသိပ်ရမှာ လား၊ တစ်ခါတစ်ရံ မြို့ထဲသွားမယ်၊ မြို့ထဲက လွတ်နေတဲ့ ကားပါကင်တစ်ခုခုမှာရော သူ့ကားကို ရပ်လို့ မရဘူးလား၊ ညအိပ် ထားခွင့်မရှိဘူးလား မေးစရာ ရှိလာပါတယ်။ အာဏာပိုင်တွေကတော့ ပြောမှာပါ။ မရပါဘူး ဆိုပြီး။ ဒါဆိုရင် မြို့ထဲမှာ ဘာ ကားပါကင်ထောက်ခံချက်မှ မရှိဘဲ သွင်းထား တဲ့ ကား အများစုကြီးကရော ဘာအကြောင်းကြောင့် ရပ်ချင်ရာ ရပ်လို့ ရတာလဲ မေးစရာ မေးခွန်း ရှိလာမှာပါ။နောက် တစ်ချက် ကားပါကင်ရှိလို့ ကားတင်သွင်းထားသူ တစ်ယောက်ကရော အဲဒီ ကားကို တစ်သက်လုံး စီးရမှာလား။ မရောင်းစားရ၊ ကားကို မလဲရတော့ဘူးလား။ ကားကို ပြန် ရောင်းမယ် ဆိုရင် မြို့လယ် မှာနေသူကို ရောင်းလို့ မရတော့ဘူးလား။ ကားရောင်းရင် ကားပါကင် မြေနေရာကိုပါ “မ” ပြီး ရွှေ့ပေးရတော့မယ့်ပုံ ပေါက်နေပါတယ်။ ဒီလောက် အသိဉာဏ် ဆင်ခြင်တုံ နည်းတဲ့ အတွေးအခေါ်ကို တင်သူက တင်၊ အတည်ပြုသူက ပြု၊ အကောင်အထည်ဖော်သူက ဖော်၊ ဟော ခုနောက်ဆုံး ဒုက္ခပေးသူက ပေးပါတယ်။ နောက်ဆုံး လူတကာသိတဲ့ လျှို့ဝှက်လုပ်ငန်းတွေ ပေါ်လာပါတယ်။ ကားပါကင်မြေနေရာ ငှားတာ၊ ရောင်းတာ လုပ်တဲ့လုပ်ငန်းပါ။ ကားသွင်းမယ့် ပုဂ္ဂလိက ပြည်သူတွေဟာ ဒီအလုပ်တွေကို ဘယ်သူကမှ စိတ်အညစ်ခံ၊ အချိန်ကုန်ခံပြီး လိုက်လုပ်မနေကြပါဘူး။ ကားသွင်းတဲ့ အကျိုးဆောင် ကုမ္ပဏီတွေကပဲ လုပ်ကိုင်ကြတာပါ။ အဲဒီမှာ ကားပါကင်နေရာ ရောင်းစားသူတွေ ပေါ်ပေါက်လာပါ တယ်။ အဲဒီ ပါကင်နေရာ အသိအမှတ်ပြုခွင့်ရဖို့ အောက်ခြေအာဏာပိုင် အဖွဲ့အစည်း အဆင့်ဆင့် မှာ လာဘ်ပေးလာဘ်ယူမှုတွေ ပေါ်လာပါတယ်။ ဒီလိုနဲ့ ရန်ကုန်က ကားဝယ်စီးမယ့် ပြည်သူတစ် ယောက် အနေ နဲ့ကားပါကင် မြေနေရာဖိုး ကျပ် ၃ သိန်းကနေ ၅ သိန်း အပိုကုန်ရတယ်ဆိုတဲ့ အားလုံးသိပြီးသား ဇာတ်လမ်း ထွက်လာပါတယ်။ ကားဝယ်သူတွေဟာ အဲဒီကားပါကင်မှာ နေတဲ့လူတွေ မဟုတ်သလို၊ ကား ကို တစ်နေကုန်သုံး၊ ညနေကျရင် အဲဒီကားပါကင်မှာ သွားသိပ်၊ ကိုယ်ကတော့ Taxi နဲ့ ကိုယ့်အိမ်ကိုယ်ပြန်၊ မနက်ကျရင် အလွန်ဝေးတဲ့ ကားပါကင်နေရာကို Taxi နဲ့သွားပြီးမှ ကားကိုယူမောင်းဆိုတဲ့ ရူးသွပ် တဲ့ အလုပ်မျိုးကိုလည်း ဘယ်ပြည်သူတစ်ယောက်မှ မလုပ်ပါဘူး။ ပြောရရင် အာဏာပိုင်တွေက အဓိပ္ပာယ်မဲ့တဲ့ စည်းကမ်းတွေကို သတ်မှတ်လိုက်တဲ့ အတွက် ပြည်သူတွေကလည်း လိုက်နာနိုင်ခြင်းမရှိဘဲ အဆင်ပြေသလို လုပ်ကြရတာပါ။ အခု အဲဒီ ပြည်သူတွေကို နှိပ်ကွပ်နေပါပြီ။ အခု ကိုယ့်ကားပါကင်နေရာမှာ ကိုယ်မရပ်လို့ဆိုပြီး စည်ပင်က ဖမ်းတဲ့ ဥပဒေကတော့ ခုလိုပါ။ ရန်ကုန်မြို့တော် စည်ပင်အများပိုင်မြေများနှင့် အများပြည်သူပိုင် လမ်းမများပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ရပ်နား ထားသည့်အတွက် စည်ပင်သာယာရေး ဥပဒေပုဒ်မ (၆၈) နဲ့ ဖမ်းဆီး တရားစွဲဆိုတာလို့ ဆိုပါတယ်။ ဖြစ်မှ ဖြစ်ရလေလို့ ဆိုရမလိုပါပဲ။ ပါကင်ပါမစ်နဲ့ သွင်းတာမဟုတ်ဘဲ ရှေ့က ရှိပြီးသား သိန်းနဲ့ချီတဲ့ ကားတွေကရော စည်ပင်ခွင့်ပြုချက် ရပြီးသားတွေလို့ မှတ်ယူရမှာ လားလို့ မေးလိုက်ချင်ပါတယ်။ အာဏာပိုင်တွေရဲ့ အခုလုပ်ရပ်ဟာ ဥပဒေကို လိုသလိုသုံးပြီး ပြည်သူကို နှိပ်ကွပ်တာပါ။ တကယ့်ကိုပဲ ပါကင်ပါမစ်နဲ့ သွင်းလာတဲ့ကားတွေ သူ့နေရာ သူမရပ် တာကို အရေးယူချင်တယ်ဆိုရင် အဲဒီကားတွေနဲ့ ပတ်သက်တဲ့ ဥပဒေ သီးသန့်ပြဋ္ဌာန်းဖို့ လိုပါလိမ့် မယ်။ ပြီးရင် အဲဒီဥပဒေ ပြည်သူတွေသိအောင် ရှင်းရှင်းလင်းလင်း ထုတ်ပြန်ရပါလိမ့်မယ်။ အခု တော့ အဲဒီလိုမလုပ်ဘဲ ကိုယ်တပ်ချင်တဲ့ ပုဒ်မတပ်ပြီး အရေးယူချင်သလို အရေးယူပြတာမျိုး ဖြစ်နေပါတယ်။ တကယ်တော့ အစိုးရအဖွဲ့ရဲ့ အဲလို မလျော်မကန် လုပ်ရပ်ကို ပြည်သူတွေ ဘာမှပြန်မပြော နိုင်ဘဲ ခေါင်းငုံ့ခံနေရတဲ့ အနေအထားမျိုးပါ။ အားလုံးသိကြသလို ရန်ကုန်လွှတ်တော် ဆိုတာက လည်းဒေါ်ညိုညို သင်းတို့ နှစ်ယောက် သုံးယောက်ကလွဲရင် ကျန်တဲ့အမတ်အားလုံး လက်ညှိုး ထောင် ခေါင်းညိတ်တွေဖြစ်ပြီး ဟန်ပြသာသာလောက်ပဲရှိတဲ့ လွှတ်တော်ပါ။ ပြည်သူတွေအပေါ် ခုလို အဓိပ္ပာယ်မဲ့တဲ့ စည်းကမ်းတွေထုတ်၊ ကိုယ်လိုရာ ဥပဒေနဲ့ ဖမ်းဆီးအရေးယူတာမျိုးကို လွှတ်တော်ဘက်က ထိန်းညှိပေးဖို့ လုံးဝအားမကိုးရပါဘူး။ ဒီအတွက် အရည်အချင်း အလွန်နည်း တဲ့ ရန်ကုန်အစိုးရ၊ ရန်ကုန်စည်ပင် ဟာ ခုလိုပဲ အလွဲစီမံခန့်ခွဲမှုတွေ ဆက်ပြီး လုပ်နေဦးမှာပါပဲ။ ဒီအတွက် ပြည်သူတွေလုပ်နိုင်တာ တစ်ခုပဲ ရှိပါတော့တယ်။ အဲဒါကတော့ လာမယ့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲပါ။ ရန်ကုန်အစိုးရ၊ ရန်ကုန် လွှတ်တော်၊ ရန်ကုန်စည်ပင် အားလုံးကို လွှမ်းမိုး ထားတာ ပြည်ခိုင်ဖြိုးပါတီပါ။ ခုလို တလွဲစီမံခန့်ခွဲမှုတွေနဲ့ ပြည်သူတွေကို ဖိနှိပ်နေတဲ့ လုပ်ရပ်တွေ ကို မကြိုက်ရင် ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီကို မဲမပေးတဲ့နည်းကို စဉ်းစားရွေးချယ်ခွင့် ရှိနေပါ ကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်. . . .
credit: စည်သူအောင်မြင့်

Friday, August 21, 2015

မင်္ဂလာဒုံ NLD အောင်နှိုင်ရေးရုံး

မင်္ဂလာဒုံ NLD အောင်နှိုင်ရေးရုံး မှာ ရိုက်ထားတဲ့ ပုံလေး တွေပါ

Tuesday, August 18, 2015

သံစဉ် အလွမ်း

ညီမလေး ရေ မတွေ့ရတဲ့
ဒို့ နေ့တွေဟာ
မီးပျက်နေတဲ့ လျှပ်စစ်ဂစ်တာ
သံစဉ် ပျောက် ညနေခင်းမှာ
ငါမင်းကို လွမ်းနေဆဲပါ . . . . .?

                        M . M . A

Saturday, August 15, 2015

လမ်းခွဲ လမ်းကွဲ လမ်းလွဲ

ပြောပါရစေဗျာ။ အခုရက်ထဲ ကျုပ်တို့ ရွှေပြည်ကြီးရဲ့ နိုင်ငံရေး ဇာတ်ခုံမယ် အ၀င်အထွက်တွေက ကြမ်းလှ ရမ်းလှပါကလားကွယ် ရို့။ သိတယ်နော်။ နေပြည်တော် မှာ အာဏာရပါတီကြီးဖြစ်တဲ့ပြည်ခိုင်ဖြိုးက ပါတီရဲ့ဥက္ကဋ္ဌသူရဦးရွှေမန်းနဲ့ ဗဟိုအလုပ်အမှုဆောင် ၁၂ ဦးကို ဆိုင်းမဆင့် ဗုံမပါဖယ်ရှားပစ်လိုက်သတဲ့။ ပါတီတွင်းကိစ္စဆိုပေတဲ့ တစ်တိုင်းပြည်လုံးလှုပ်လှုပ်ရှားရှားဖြစ်သွားတာတော့ အမှန်ပဲဗျို့။ မဖြစ်လည်း ခံနိုင်ရိုးတဲ့လား။ နေပြည်တော်မှာရှိတဲ့ ပြည်ခိုင်ဖြိုး ပါတီရုံးချုပ်ဆီမယ် သြဂုတ် ၁၂ ရက် ည ၈နာရီလောက်မှာက တည်းက ကားအ၀င်အထွက်တွေ များနေတယ်။ ရဲတပ်ဖွဲ့၊ လုံခြုံရေး အစောင့်အကြပ်တွေလည်း ထူထူ ထပ်ထပ်ချထားတယ်။ ဆိုတော့ ကာ ဒါဟာ ပါတီတွင်းမှာတစ်ခုခု တော့ဖြစ်နေပြီဆိုတဲ့ သင်္ကေတပဲ ဟဲ့ဆိုပြီး သတင်းတွေက ထွက်လာ သမို့လား။ ဒီနေရာမယ် မေးခွန်း ထုတ်စရာတစ်ခုက နိုင်ငံရေးပါတီ တစ်ခုရဲ့ မူဝါဒပိုင်းအပြောင်းအလဲလုပ်ကြရာမှာ ဘယ့်နှယ် ကြောင့်များ ရဲတပ်ဖွဲ့တွေက လုံခြုံ ရေးပေးရသလဲပေါ့ဗျာ။ အာဏာ ရပါတီမို့ အာဏာနဲ့ လုပ်ခွင့်ရှိသ လားတော့ မသိပေါင်။ ပြီးတော့လည်း ပါတီတွင်း အပြောင်းအလဲလုပ်တာ ညကြီး သန်းခေါင်မှာလုပ်တာကလည်း ပုံ စံတော့မကျဘူးပေါ့ဗျာ။ အမှန်က ပါတီညီလာခံလေးဘာလေးခေါ်၊ အများဆန္ဒနဲ့အညီ ဆုံးဖြတ်စ သည်ဖြင့် ဖြုတ်တာ၊ ထုတ်တာ တွေကို ဣနြေ္ဒရရလုပ်သင့်ကြတာ ပေါ့။ ပြောသာပြောရတာပါ။ တ ချို့ လူကြီးမင်းတွေကလည်း နိုင်ငံ ရေးနယ်ထဲ ကူးသာကူးလာခဲ့တာ။ အခုအချိန်ထိ တိုက်ပွဲဝင်စိတ် ဓာတ်က မပျောက်သေးဘူးထင်ပါ ရဲ့။ ပါတီတွင်းရာထူးနေရာပြင် ဆင်ဖွဲ့စည်းတာတောင်မှ ကွန်မန် ဒိုအကွက်တွေခင်ဗျ။ သန်းခေါင်ယံစီးနင်းတိုက်ခိုက်မှုလို့ပဲ ပြောရ တော့မလား။ ဘာပဲဖြစ်ဖြစ်ပေါ့လေ။ အခု လို သူရဦးရွှေမန်းရယ်၊ သူနဲ့နီးစပ် မှုရှိတယ်လို့ဆိုတဲ့ အလုပ်အမှု ဆောင် ၁၂ဦးရယ်ကို ပြည်ခိုင်ဖြိုး က ဘာကြောင့်ရုတ်တရက်ဖယ် ရှားပစ်လိုက်ရတာလဲဆိုတာဟာ ပြည်သူတွေကြားမှာ စိတ်ဝင်စားမှု အတော်များတယ်။ ပြည်ခိုင်ဖြိုးပါတီရဲ့ တာဝန်ရှိသူတွေကတော့ ပြောတာပဲ။ ဦးရွှေမန်းအနေနဲ့ လက်ရှိမှာ ပါတီဥက္ကဋ္ဌရာထူးကို ပူးတွဲထမ်းဆောင်နေရသလို တခြားတစ်ဖက်မှာ ပြည်သူ့လွှတ် တော်ရဲ့ ဥက္ကဋ္ဌအဖြစ်နဲ့ရော ပြည် ထောင်စုလွှတ်တော်ရဲ့ နာယက အနေနဲ့ပါ ကြီးလေးတဲ့တာဝန် တွေကို ထမ်းဆောင်နေရတာဖြစ် တဲ့အတွက် မကြာခင်လာမယ့်ရွေး ကောက်ပွဲမှာ ပါတီအောင်နိုင်ရေး ကို ဖိဖိစီးစီးထိထိရောက်ရောက် စည်းရုံးနိုင်အောင်ပြင်ဆင်ဖွဲ့စည်းရတာဖြစ်ပါတယ်လို့ဆိုသဗျ။ ဒီမှာ ပါတီဘက်ကပြောတာ နဲ့ သမ္မတဦးသိန်းစိန်ရဲ့ပြောခွင့်ရ သူဖြစ်တဲ့ ဦးရဲထွဋ်ရဲ့အပြောဟာ ကွဲလွဲချက်တွေနည်းနည်းရှိနေ တယ်။ သူကတော့ သူရဦးရွှေမန်း ဆီက အာဏာသိမ်းလိုက်တယ်ဆို တာမဟုတ်ပါဘူးတဲ့။ ပါတီဥက္ကဋ္ဌ က ဦးသိန်းစိန်ဖြစ်ပြီး လက်ရှိမှာ သမ္မတရာထူးကို ထမ်းဆောင်နေ ရတာဖြစ်တဲ့အတွက် ဦးရွှေမန်းကို ပါတီစည်းမျဉ်းအရ လွှဲပေးတာ။ နို့ပေတဲ့ ဦးရွှေမန်းဟာ ပါတီဥက္ကဋ္ဌ ကို တာဝန်ယူစဉ်မှာ ပါတီတွင်း သဘောထားကွဲလွဲမှုတွေဖြစ်လာ တယ်။ ပါတီတွင်းမှာ ဒီမိုကရေစီ မရှိဘဲ တစ်ဦးချင်းသဘောနဲ့ လုပ် တာ၊ ပါတီရန်ပုံငွေသုံးစွဲမှုမှာ ပွင့် လင်းမြင်သာမှုမရှိတာ၊ လွှတ် တော်တွင်းလုပ်ငန်းတွေဆောင် ရွက်ရာမှာ ဖွဲ့စည်းပုံအခြေခံဥပ ဒေကို လေးစားလိုက်နာမှုမရှိတာ တွေဖြစ်လာကြောင့်ရယ်၊ လွှတ် တော်ကိုယ်စားလှယ်ပြန်လည်ရုပ် သိမ်းခြင်းဥပဒေနဲ့ ပတ်သက်ပြီးအ ချိန်ဆွဲဖင့်နွှဲနေတာတွေကြောင့် မဲဆန္ဒရှင်တွေဘက်က ယုံကြည်မှု လျော့လာတာတွေရယ် အစရှိ သဖြင့်ပေါ့ဗျာ။ အဲဒါတွေကြောင့်ဖြစ်ပါတယ်ဆိုပြီးဖြေသွားတယ်။ အနှာလိုအပြောအဆိုများ ကို ကြည့်ခြင်းအားဖြင့် ဦးရွှေမန်း ကို ဖယ်ရှားခြင်းနဲ့ ပတ်သက်ပြီး ပါတီဘက်ကပြောတာနဲ့ ဦးရဲထွဋ် ပြောတာရဲ့ ကြားမှာ ကွဲလွဲမှုတွေ ရှိတယ်။ ဦးရဲထွဋ်ရဲ့အပြောကပို ပြီးဖြစ်နိုင်ခြေရှိတယ်။ ဦးရွှေမန်း ကို ပါတီက မကြိုက်လို့ဖယ်ရှား လိုက်တာပဲ။ဘာကြောင့် မကြိုက်တာလဲဆိုတာနဲ့ ပတ်သက်ရင်တော့ ဦးရဲထွဋ်ပြောဆိုတဲ့ အချက်တွေတင်မက တခြားအကြောင်းအချက်အများကြီးရှိလိမ့်ဦးမှာပဲ။ ဒီအထဲက အထင်ရှားဆုံးအ ချက်ကတော့ သူရဦးရွှေမန်းအနေ နဲ့အတိုက်အခံခေါင်းဆောင်ဒေါ် အောင်ဆန်းစုကြည်နဲ့ နီးနီးကပ် ကပ်ဆက်ဆံရေးရှိတာကလည်း တစ်ကြောင်းပါတာပေါ့ဗျာ။ ပြီး တော့ အခုဦးရွှေမန်းနဲ့အတူ ခေါင်း ဆောင်ပိုင်းက ဖယ်ရှားခံရတဲ့အ ထဲမှာပါတဲ့ သူရဦးအောင်ကိုဆို ရင်လည်း လွှတ်တော်မှာအခြေခံ ဥပဒေပြင်ဆင်ရေးဘက်မှာ တပ် မတော်သားကိုယ်စားလှယ်တွေနဲ့ ဆန့်ကျင်ကွဲလွဲတဲ့အမြင်ရှိတဲ့ ဘက်က ထုတ်ဖော်ပြောဆိုခဲ့တာ တွေလည်းရှိသကိုး။ သို့ကလိုဖြစ် တာကြောင့် သူတို့ကို ပါတီဦး ဆောင်မှုအပိုင်းမှာ ဆက်ထားရင် ရေရှည်မလွယ်ဘူးဆိုပြီးသူတို့အ ထဲမှာ တွေးလာတဲ့သူတွေကလက် ဦးမှုယူလိုက်တယ်လို့ တွေးကြည့် ရင်လည်းဖြစ်တာပဲ။ ဒါကရိုးရိုး တွေးကြည့်တာ။ ဆန်းဆန်းပြားပြားတွေး ကြည့်ရရင် အစိုးရက ဦးရွှေမန်း ကိုဗန်းပြပြီး အများပြည်သူအမြင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးပြေပြစ်သယောင်၊ နားလည်မှုရရှိထားသယောင် ထုတ်ကစားပြီး တစ်ဖက်ကလည်း ဦးရွှေမန်းကတစ်ဆင့် လက်ရှိအစိုးရဟာ ပျော့ပျောင်းပါတယ်။လက်တွဲအလုပ်လုပ်လို့ဖြစ်ပါတယ်ဆိုပြီး ထင်မြင်လာတဲ့အချိန်ကျမှ သစ်စိမ်းချိုး ချိုးပြီးသကာလကန့်ကန့်ကာနောက် ဆွဲသွင်းလိုက်တာမျိုးလား။ ဒီလိုနည်းနဲ့အတိုက်အခံကို မျက်လှည့်ပြတာလည်း မလုပ်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ။ တကယ်လို့သာ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြားမှာ ၂၀၁၅ရွေးကောက်ပွဲအလွန်မှာ တစ်စုံတရာနိုင်ငံရေးပူးပေါင်းဆောင်ရွက်ဖို့အတွက် နားလည်မှုရယူထားတာတွေရှိခဲ့မယ်ဆိုရင်တော့ ဦးရွှေမန်းတစ်ယောက် ပါတီမှာ ရာထူးပြုတ်သွားခြင်းအားဖြင့် သဲထဲရေသွန်ဖြစ်ပြီပေါ့လေ။ ပြီးတော့လည်း ကြည့်ဦးဗျာ။ ပါတီတွင်းမှာ ဦးရွှေမန်းတို့ကို ရာ ထူးက ဖယ်ရှားပြီးအစားသွင်း လိုက်တဲ့သူတွေဟာ တပ်မတော် မှာ ရာထူးကြီးကြီးရယူခဲ့သူတွေဖြစ်ပြီး အခုလာမယ့်ရွေး ကောက်ပွဲမယ် ၀င်ပြိုင်မယ်ဆိုပြီး လုပ်နေကြတဲ့ စစ်ဗိုလ်ချုပ်ကြီး တွေပဲခင်ဗျ။ သူတို့ထဲက တချို့ ဟာ စာဖတ်နေသူကြီးနဲ့ နီးစပ်ပတ် သက်ဆက်နွှယ်ရာအရင်းအချာ တွေလို့လည်း နိုင်ငံရေးအကဲခတ် သူတွေပြောတာကြားရတာပဲ။ သဟာလိုဆိုရင် ဒါဟာဘာ သဘောလဲ။ ဘာရည်ရွယ်ချက်ရှိ သလဲ။ ဦးရွှေမန်းနဲ့ သူ့အပေါင်းအ ပါတချို့ဟာ လွှတ်တော်ထဲမှာ အ နေကြာလို့ အရပ်သားအမတ်တွေ နဲ့ နီးစပ်ပြီးသကာလ အရပ်သား စိတ်ပေါက်လုနီးနီးဖြစ်နေတဲ့အ တွက် ပါတီရဲ့ရပ်တည်ချက်ပျော့ စိစိဖြစ်လာတာကိုအချိန်မီ ထိန်း သိမ်းကာကွယ်လိုက်ခြင်းလား။သို့ ကလို ဖြုတ်ထုတ်ဖယ်ရှားလူစား လဲထားတာတွေ လုပ်လိုက်ပြီးသ ကာလ လာမယ့်ရွေးကောက်ပွဲမှာ အထင်ကရပါတီဖြစ်တဲ့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ကို အ ပြုတ်နှံမယ်ဆိုတဲ့ စိတ်ကူးစိတ် သန်းလား။ သေချာတာကတော့ အခုသူရဦးရွှေမန်းကို ပါတီတွင်း ဦးဆောင်မှုနေရာက ဖယ်ရှား လိုက်တာဟာ သူတို့အချင်းချင်း ကြား ကွဲကြပြဲကြတာက အစိတ် အပိုင်းတစ်ခုအနေနဲ့ ပါမှာဖြစ်သ လို အဲသဟာနဲ့အတူ နောက်ထပ် နိုင်ငံရေးအခင်းအကျင်းတစ်ခုကို စတင်ခင်းကျင်းတင်ဆက်ဖို့အ တွက် အစပြုတာလည်းဖြစ်နိုင် တာပဲ။ ဒါကို မျက်ခြည်မပြတ်ဖို့ လို အပ်ပါသဗျ။ နောက်တစ်ခုက ဦးရဲထွဋ် ပြောသွားတဲ့စကားထဲမယ် ဦးရွှေ မန်းအနေနဲ့ လွှတ်တော်အမတ်အ ဖြစ် ပြန်လည်ရုတ်သိမ်းခွင့်ဥပဒေ ကြမ်းကို အတည်ပြုပြဋ္ဌာန်းဖို့ရာ ဟိုလိုလို ဒီလိုလိုလုပ်နေတာက လည်း ပြစ်ချက်တစ်ခုအနေနဲ့ ပါ ၀င်နေတယ်။ ပြီးတော့လည်းဦး ရွှေမန်းကို ပါတီတွင်းရာထူးက ဖယ်ရှားပြီး ချက်ချင်းဆိုသလိုပဲ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦး တင်အေးက အနှီဥပဒေကြမ်းကို အမြန်ပြဋ္ဌာန်းပေးရမယ်ဆိုပြီး ဦး ရွှေမန်းကိုတောင်းဆိုလိုက်တယ်။ ဘာကြောင့်များသူတို့ဟာ လွှတ် တော်အမတ်အဖြစ်က ရုတ်သိမ်း တဲ့ဥပဒေကို မြန်မြန်အတည်ပြု ပေးစေချင်ရတာလဲ။ ပြီးတော့ဦး ရွှေမန်းကိုအခုလို အနိမ့်စံဘ၀မှာ ထားပြီးဥပဒေကို အမြန်အတည် ပြုပေးဖို့ပြောတာဟာလည်း မြေနှိမ့်ရာလှံစိုက်ပြီးအကျပ်ကိုင်ဖိ အားပေးရာ ရောက်မနေဘူးလား။ ဒီကနေ ဆက်တွေးရင် လွှတ်တော်ဥက္ကဋ္ဌကိုပြန်ပေးဆွဲပြီး လွှတ်တော်တစ်ခုလုံးကို အကျပ်ကိုင်တာနဲ့တူနေတယ်ဗျ။ စိတ်လှုပ်ရှားစရာတော့ကောင်းတယ်နော်။ မင်းသားကြီးဦးရွှေဘရဲ့ရုပ်ရှင်ကား တွေထဲက သမ္မတ လူကြမ်းအဖွဲ့ရဲ့ လုပ်ပေါက်မျိုးတွေကျနေတာပဲ။ ကျုပ်တို့အဖို့ကတော့ ‘‘မင်း တို့ ပရိယာယ် ငတင့်တယ် နား ၀ယ်မလည်ရှာ’’လို့သာပြောရမှာပဲဗျ။ တိုင်းပြည်မှာ အခုတစ်လော ကလည်း ခွဲကြမယ်၊ ကွဲကြမယ် ဆိုတာချည်းပဲ။ ဟိုတစ်ရက်က လည်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီကိုယ်စားလှယ် လောင်းရွေးရာမယ် ဦးကိုကိုကြီး တို့လို ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေကို မရွေးချယ် လို့ သတင်းစာတွေမှာ ရေးကြ တယ်။ ၈၈ မျိုးဆက်နဲ့အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ရဲ့ ‘‘ကတ္တီ ပါလမ်းခွဲ’’တဲ့ လမ်းခွဲကြပြီပေါ့ လေ။ မပူးပေါင်းဖြစ်တော့ဘူး။ ဟောဗျာ။ အခုပြောခဲ့တဲ့ ပြည်ခိုင်ဖြိုးကလည်း အားကျမခံ ထင်ပါရဲ့။ ‘‘ဘယ်သူခွဲခွဲတို့မကွဲ၊ ကိုယ်သာသာပဲ ကွဲကြမည်’’ဆိုပြီး သကာလ ဖြုတ်ထုတ်ဖယ်ရှားတွေ လုပ်သလေ။ ဦးရွှေမန်းကို သဘော ထားပျော့တယ်ထင်ပြီး အတိုက် အခံနဲ့ နီးစပ်နေတာကို မလိုလား လို့ ကွဲအောင်ပဲ ခွဲသလား။ သူတို့ ဘာသာ ကွဲချင်လို့ပဲ ကွဲသလားမ သိဘူး။ အခုတော့ ခွဲတဲ့သူလည်း ခွဲ၊ ကွဲတဲ့သူလည်း ကွဲကြပေါ့ခင် ဗျာ။ ဒီမိုကရေစီအင်အားစုတွေ ကြားမှာတော့ ညင်ညင်သာသာမ သိမသာဣနြေ္ဒရရမို့ ကတ္တီပါလမ်း ခွဲတဲ့။ ယခုအခါ အာဏာရပါတီ ကြီးရဲ့ ဖြုတ်ထုတ်ဖယ်ရှားလူစား ထိုးပြီးသကာလ ကွဲတာမျိုးကျတော့ဘယ် လိုနာမည်ပေးမလဲ သိချင်သား။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ကျုပ်မိတ်ဆွေတစ်ယောက်ကတော့ သံပရာသီး နှစ်ခြမ်းကွဲသလိုပါပဲတဲ့လေ။ ဘယ်အခြမ်းဝါးဝါး ချဉ်တာချင်းတော့ အတူတူပဲတဲ့ခင်ဗျ။ အနှာလို ရွှေပြည်ကြီးရဲ့ နိုင် ငံရေးဇာတ်ခုံမှာ သပွတ်အူလိုက် နေတာတွေကြား အရေးအကြီး ဆုံးကတော့ဖြင့် ဘယ်သူတွေခွဲခွဲ၊ ဘယ်ဝါတွေကွဲကွဲ ကျုပ်တို့ ပြည် သူတွေအနေနဲ့ နိုင်ငံရေးအရမျက် စိမလည်ဖို့ပဲဗျ။ လမ်းခွဲတွေ ကြောင့် ၀မ်းမနည်းနဲ့။ လမ်းကွဲ တွေကြောင့် ၀မ်းမမြောက်နဲ့။ အဲဒီ လမ်းခွဲတွေ၊ လမ်းကွဲတွေကြားမှာ ဒီမိုကရေစီကိုပါ မသိမသာလမ်း လွဲသွားမယ့်အရေးကိုသာ ကြပ် ကြပ်သတိထားကြပါဗျာတို့။ ရှေ့ မှာ မထင်မှတ်တာတွေလာပါလိမ့် ဦးမယ်။။
( ဖော်ပြပါသရော်စာသည် စာရေးသူ ဘစီ၏ အာဘော်သာဖြစ်သည်)

7 Day new

Friday, August 14, 2015

ရေတမာ ပန်းကျောင်းတို့ကို ဖန်တီးသူ ဆရာမင်လူကို ကွယ်လွန်သည်ဟု အဓိပ္ပာယ်သက်ရောက်ခြင်း မရှိစေရ

တပ်မတော်ရဲ့ လက်ငင်းတာဝန်ကြီး သုံးရပ်ကတော့ ““ဒို့အဖေကြီးမို့ ကာကွယ်မလေ ဒို့အဖေကြီးမို့ ကာကွယ်မလေ ဒို့အဖေကြီးမို့ ကာကွယ်မလေ”” အလိုဗျာ... ဘာတွေဖြစ်ကုန်ကြပြီလဲ...။ အထက်ပါကဗျာကို ၁၉၈၉ ခုနှစ်တွင် ရေးသားခဲ့သည့်အတွက် နိုင်ငံရေးအကျဉ်းသားတစ်ဦးအဖြစ် ထောင်နံရံနှင့် သံတိုင်များကြား စံမြန်းခဲ့ဖူးသည့် သာဓုမျိုးဆက်၏ အငယ်ဆုံးသား စာရေးဆရာမင်းလူသည် ဒီမိုကရေစီခေတ်အရောက် သူ့ကိုချစ်သော စာဖတ်ပရိသတ်ပြည်သူအပေါင်းကို နှုတ်ဆက်ထွက်ခွာသွားခဲ့ပါပြီ။ စာပေလက်ရာဖွဲ့နွဲ့ရေးသားမှုတွင် ပြောင်မြောက်လှသည့်အတွက် မင်းလူဟူသည့် ကလောင်တစ်ချောင်းကို အရွယ်သုံးပါးမရွေး ကြိုက်နှစ်သက်ခဲ့ကြသလို ယခုထက်တိုင် မျိုးဆက်သစ်လူငယ်များက သူ၏ နာမည်ကျော်ခဲ့သည့် စာအုပ်ဟောင်းများကို တခုတ်တရ လိုက်လံဖတ်ရှုနေရဆဲဖြစ်သည်။ ထို့ကြောင့် ဆရာမင်းလူသည် လူသေသော်လည်း အမည်မသေ။ လူထဲမှ လူတစ်ဦးဖြစ်သည့် ဆရာမင်းလူသည် စာပေ၀တ္ထုများ ရေးဖွဲ့ရာတွင် အခြေခံလူတန်းစားဘ၀များကို ပီပြင်စွာသရုပ်ဖော်နိုင်သကဲ့သို့ လူငယ်ထုကြားမှ စိတ်ခံစားမှုနှင့် အချစ်ဇာတ်လမ်းများကိုလည်း ပီပြင်စွာရေးဖွဲ့ခဲ့သည့်အတွက် ပရိသတ်များ နှစ်ခြိုက်စွဲလမ်းသည့် စာရေးဆရာတစ်ဦးဖြစ်ခဲ့သည်။ ““ဆရာမင်းလူကို လူတွေ နှစ်သက်ကြတယ်ဆိုတာကလည်း ပြည်သူတွေရဲ့ ခံစားချက်ကို ထင်ဟပ်ပေးနိုင်တာကြောင့်လည်း ပါပါတယ်””ဟု မင်းလူပရိသတ်တစ်ဦးဖြစ်သည့် အသက်(၂၈)နှစ်အရွယ် ဒေါက်တာဟိန်းဇော်ညိုက ပြောသည်။ ““တန်ဖိုးရှိတဲ့ မိန်းမဆိုတာ စာအုပ်ကောင်းတစ်အုပ်လိုပဲ ဘယ်လောက်ဟောင်းနွမ်းစုတ်ပြတ်နေပါစေ ပြန်ဖတ်တိုင်း အရသာရှိတယ်လေ...”” (မင်းလူ-တကယ်မသေပါနဲ့ ကဗျာမှ) ဆရာမင်းလူသည် အချစ်ကဗျာလေးများကိုလည်း နှလုံးသားလှပစွာဖြင့် ဖွဲ့နွဲ့ရေးသားခဲ့သည်။ ဒဿနဆန်ဆန် ကဗျာလေးများကိုလည်း လေးနက်စွာ ရေးဖွဲ့ခဲ့သည်။ သူသည် တစ်ခေတ်တစ်ယောက်ထွန်းသည့် စာရေးဆရာများထဲတွင် အပါအ၀င်ဖြစ်သည်။ဆရာမင်းလူ ကွယ်လွန်ခြင်းအတွက် စာဖတ်ပရိသတ်ပေါင်းများစွာက ၀မ်းနည်းကြေကွဲခဲ့ကြသည်။ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်တွင်လည်း များစွာသော ပရိသတ်တို့က ၀မ်းနည်းကြောင်း အမှတ်တရစကားများကို အသီးသီးရေးသားခဲ့ကြသည်။ ““တန်ဖိုးရှိတဲ့ စာရေးဆရာဆိုတာ မြေကြီးအောက်ရောက်သွားရင်လည်း အမည်နာမကို တွေးလိုက်ရုံနဲ့ အသစ်ပြန်ပိုင်လိုက်ရသလို အရသာရှိတယ်””ဟု ကဗျာဆရာ နက္ခတ်နီက အမှတ်တရစကားဆိုသည်။နာမည်ကျော်စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာကြီး ဦးသာဓုနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ညိုတို့က ၁၉၅၄ ခုနှစ် မေ ၁၈ ရက် တွင် ရန်ကုန်မြို့ ၄၇ လမ်း၌ မောင်ဉာဏ်ပေါ်ကို မွေးဖွားခဲ့သည်။ ထိုမှ ၂၂ နှစ်အကြာ ၁၉၇၆ ခုနှစ်တွင် စာပေသူရဲကောင်းတစ်ဦးဖြစ်လာမည့် မင်းလူ၏ ““နေ၀င်သွားတော့ လထွက်သည်””၀တ္ထုတိုကို ရုပ်ရှင်ပဒေသာမဂ္ဂဇင်းက စတင်ဖော်ပြခဲ့သည်။ အထက(၆) ဗိုလ်တထောင် (စိန်ပေါလ်)၊ သင်္ဃန်းကျွန်း အထ က(၁)ကျောင်းတို့တွင် အခြေခံပညာသင်ကြားခဲ့ပြီး ထိုစဉ်ကတည်းကပင် ဆရာမင်းလူသည် စာပေဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အတွင်းရေးမှူးတာဝန်ကို ဆောင်ရွက်လာခဲ့သူဖြစ်သည်။ ၁၉၇၂ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်သင်ကြားရင်း တက္ကသိုလ်ကျောင်းသားဘ၀၌ ကျင်လည်ခဲ့သည်။ ထိုအငွေ့အသက်တို့က ဆရာမင်းလူ၏၀တ္ထုများအတွက် နောက်ခံပန်းချီကားချပ်များ ဖြစ်ခဲ့သည်။ တက္ကသိုလ်နံရံကပ်စာစောင် နှင့် နှစ်ပတ်လည်မဂ္ဂဇင်းများတွင် ကဗျာများ ရေးသားလက်စွမ်းပြခဲ့ပြီး ဆရာ့၏အချစ်ကဗျာလေးများမှာ ရေပန်းစားခဲ့သည်။ ထိုစဉ်က ဆရာမင်းလူ၏ ကလောင်အမည်မှာ တောကျောင်းဘုန်းကြီးဖြစ်ပြီး ထိုအမည်က ဆရာ့ကလောင်ခွဲတစ်ခုလည်း ဖြစ်ခဲ့သည်။ ဆရာသည် ဒဿနိကဘာသာရပ်ဖြင့် ၀ိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။အိမ်သူသက်ထားဖြစ်လာမည့် သွား/ဆေးတက္ကသိုလ် စာကြည့်တိုက်မှူး မစန်းစန်းအောင် နှင့် ၁၉၈၁ ခုနှစ်တွင် လက်ထပ်ခဲ့ရာ ယခုကွယ်လွန်ချိန်တွင် မသူမ၊ မယုယဟူသည့် သမီးနှစ်ဦး ထွန်းကားကျန်ရစ်ခဲ့သည်။ ရုပ်ရှင်နယ်ပယ်တွင်လည်း ဆရာမင်းလူသည် ဇာတ်ညွှန်းများရေးသားခြင်းကို ၁၉၉၂ ခုနှစ်တွင် စတင်ခဲ့ပြီး သူရေးသားသည့်ဝတ္ထုများကို ရုပ်ရှင်အဖြစ် အသက်သွင်းရာ၌လည်း ကိုယ်တိုင်ပင် ဇာတ်ညွှန်းရေးသားပေးခဲ့သည်။ ဆရာမင်းလူသည် တက္ကသိုလ်နောက်ခံ အချစ်နှင့်ဘ၀သရုပ်ဖော်ဝတ္ထုလုံးချင်း ၆၀ နီးပါးကို ပြောင်မြောက်စွာရေးသားခဲ့ရာ စာဖတ်သူများ လက်ကမချနိုင်အောင်ပင် တသသ ဖတ်ရှုစွဲလမ်းရသည့် ဇာတ်လမ်းများဖြစ်လာခဲ့သည်။ ပန်းကျောင်း၊ ရေတမာ၊ သံယောဇဉ်အဖွဲ့ စသည့် တက္ကသိုလ်နောက်ခံဝတ္ထုများသည် လူငယ်ထုအကြား ရေပန်းစားခဲ့သည်။ ငှက်ကလေး၊ ခိုးခိုးခစ်ခစ်၊ အတွေ့လေးရယ်တဲ့ အိုအကြုံ၊ အော်ဆွေး၊ ပန်းကျောင်း၊ အချစ်ဟု အဓိပ္ပာယ်သက်ရောက်ခြင်းမရှိစေရ၊ အောင်ဘာလေ၊ အလွမ်းသစ်၊ အများနှင့်မသက်ဆိုင်သောသူ၊ မိညီမ၊ ရင်ထဲကဆောင်းရာသီ၊ သူငယ်ချင်းတစ်ယောက်အကြောင်း စသည့် လုံးချင်းဝတ္ထုများသည် ဆရာမင်းလူကို ပရိသတ်များစွာ ရရှိစေခဲ့သည်။ ပန်းကျောင်းသည် ဆရာ့၏ ပထမဆုံးလုံးချင်းဝတ္ထုဖြစ်သည်။ မဂ္ဂဇင်းနှင့် စာစောင်များတွင်လည်း ၀တ္ထုတိုပေါင်းများစွာ ရေးသားခဲ့ပြီး ၀တ္ထုတိုစုစည်းမှုအဖြစ် ပြန်လည်ထုတ်ဝေခဲ့ရာ လူကြိုက်များခဲ့ပြန်သည်။ စာပေစတိတ်ရှိုးပွဲတော်နှင့် အခြားဝတ္ထုတိုများ၊ လမ်းဖြတ်ကူးသောဝတ္ထုတိုများ၊ အချစ်သက်သက်ဝတ္ထုတိုများ၊ အခြား...၀တ္ထုတိုများ၊ အမုန်းခွန်အား ၀တ္ထုတိုများ၊ အက်ဆေးချစ်သူ စသည့် ၀တ္ထုတိုပေါင်းချုပ်စာအုပ်များကို စုစည်းထုတ်ဝေခဲ့သည်။ ဆရာမင်းလူသည် ၀တ္ထုတိုပေါင်း ၉၀ ကျော် ရေးသားခဲ့သည်။ စာရေးဆရာမင်းလူသည် ၀တ္ထုရေးသားခြင်းဖြင့် နာမည်ကျော်သော်လည်း ကဗျာဆရာအဖြစ်ကို ပိုမိုမြတ်နိုးသည်ဟုဆိုခဲ့သည်။ စာပေအမျိုးအစားပေါင်းစုံ ရေးသားသည့်အပြင် ဆရာမင်းလူကို ပရိသတ်များနှင့် စာပေလုပ်ဖော်ကိုင်ဖက်များချစ်ခင်ကြသည့် အချက်တစ်ခုက သရော်စာနှင့် ဟာသ၀တ္ထုတိုများ ဖန်တီးရာတွင် သူမတူအောင် ပြောင်မြောက်သည့်အတွက်ပင် ဖြစ်သည်။ စာပေလေလံပွဲ၊ စာပေကယ်ရီကေးချား စသည့် ၀တ္ထုတိုစုစည်းမှုများတွင် သူ၏မိတ်ဆွေ စာရေးဆရာပေါင်းမြောက်မြားစွာကို ဇာတ်ကောင်ပြု၍ ချစ်စနိုးဖြင့် သရော်ရေးသားခဲ့သည့်အတွက် ဖတ်ရှုသူ စာဖတ်ပရိသတ်များ ပွဲကျခဲ့ရသည်။ ယမကာလုလင်ဟူသည့် အရက်သမားဇာတ်လမ်းများကို ရေးဖွဲ့ခဲ့ခြင်းကလည်း ဆရာမင်းလူ၏ စာပေမှတ်တိုင်တစ်ခုဖြစ်သည်။ ဆရာမင်းလူသည် အနုပညာမျိုးရိုးမှ ဆင်းသက်လာခဲ့ခြင်းဖြစ်ပြီး ၎င်းတို့မိသားစုသည် အနုပညာရှင်များအဖြစ် အသက်ထက်ဆုံး ရပ်တည်ခဲ့ကြသူများ ဖြစ်သည်။ ဦးသာဓုမှသည် မောင်ဝဏ္ဏ၊ သုမောင်၊ ရူပ၊ မင်းလူမှသည် ဖိုးသောကြာ၊ သူမ၊ ယုယ စသည့် မျိုးဆက်သစ်များအထိ ရုပ်ရှင်၊ ဂီတနှင့် စာပေလောကသားများအဖြစ် ရှင်သန်ကြသူများဖြစ်သည်။ ““ဆရာမင်းလူကို ဆုံးရှုံးတာ စာပေလောကအတွက် ဒေါက်တိုင်တစ်တိုင် ကျိုးသွားသလိုပါပဲ။ ဆရာ့စာတွေက လူငယ်တွေအတွက် အတိတ်ကို လှည့်ကြည့်လို့ ရစေသလို အနာဂတ်ကိုလည်း မျှော်ကြည့်လို့ရတဲ့စာတွေပါ””ဟု အသက်(၂၇)နှစ်အရွယ် သတင်းအယ်ဒီတာ ကိုထက်နေကဆိုသည်။ ““ဘ၀မှာ တော်တော်များများကို ကျွန်တော် သိပ်မလေးစားတတ်ဘူးဗျ။ သူကတော့တကယ့်ကို ရှားရှားပါးပါး ကျွန်တော်လေးစားတဲ့ အထင်လည်းကြီးတဲ့ လူတစ်ယောက်ပါ။ ထုတ်ဝေသူတစ်ယောက်အနေနဲ့ ပြောမယ်ဆိုရင် သူ့နေပုံထိုင်ပုံက အင်မတန်ရှင်းတယ်။ ဘယ်တော့မှ ထုတ်ဝေသူတွေမျက်နှာကို မကြည့်ဘူး။ စာဖတ်ပရိသတ်မျက်နှာပဲ သူကြည့်တယ်။ သူ့သမိုင်းတစ်လျှောက်မှာ ရိုက်စားလုပ်ခဲ့တယ်ဆိုတာ ဘယ်တော့မှ မရှိခဲ့ဘူး””ဟု ငါတို့စာပေမှ ထုတ်ဝေသူတစ်ဦးဖြစ်ပြီး စာရေးဆရာလည်းဖြစ်သော မြေမှုန်လွင်က ဆရာမင်းလူနှင့်ပတ်သက်၍ ပြောပြသည်။ ၂၀၁၃ သြဂုတ်လသည် သတင်းစာဆရာ၊ စာရေးဆရာမောင်ဝံသကို တမလွန်သို့ ခေါ်ငင်သွားခဲ့ပြီး ၀ိတိုရိယဆေးရုံကြီးတွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားသည့် ဆရာမောင်ဝံသ၏ ဈာပနမြေချမည့်ရက်မတိုင်မီညတွင် အဆိုပါဆေးရုံ၌ ကင်ဆာရောဂါဖြင့်ပင် အခန်းချင်းနီးလျက်တက်ရောက်နေသည့် ဆရာမင်းလူကိုပါ ထပ်မံခေါ်ဆောင်သွားခဲ့ပြန်ပါသည်။ သြဂုတ်လသည် လွန်ခဲ့သည့် ခြောက်နှစ်၊ သြဂုတ် ၅ ရက်ကလည်း နိုင်ငံကျော်စာရေးဆရာ၊ ကဗျာဆရာ တာရာမင်းဝေကို ခေါ်ဆောင်သွားခဲ့ဖူးသည်။ ယခုတော့ ဆရာမင်းလူသည် သူချစ်သောပရိသတ်ကို နှုတ်ဆက်သွားလေပြီ။ သြဂုတ် ၁၄ ရက် ည ၁၁ နာရီခွဲအချိန်တွင် ကိုယ်ထည်သေးသေး၊ နဖူးပြောင်ပြောင်နှင့် ပြည်သူချစ်သော စာပေသမားကြီးသည် ကမ္ဘာမြေပေါ်မှ ပျောက်ဆုံးသွားပြီဖြစ်သော်လည်း မင်းလူဟူသည့် ကလောင်တစ်ချောင်းသည် စာမွေ့သူတို့ နှလုံးသားတွင် ခေတ်အဆက်ဆက် ကမ္ပည်းတင်ကျန်နေဦးမည်သာဖြစ်သည်။
by: ဥက္ကာကို (7 Day)