Monday, June 29, 2015

စာမူခ (မင်းလူ)

စာရေးဆရာတိုင်းလိုလို စာမူခကို မြတ်နိုးကြလေသည်။ ဒါဖြင့် စာပေကိုတော့ မမြတ်နိုးဘူးလားလို့ မေးစရာရှိ၏။ ဒါကတော့ ပြောစရာတောင်မလို။ စာပေမြတ်နိုးလို့ပဲ စာရေးဆရာလုပ်နေတာပေါ့။ စာရေးဆရာများသည် ငွေကြေးကို စီးပွားရေးသမားတွေလောက် မက်မက်မောမောမရှိသည့်တိုင် စာမူခကိုတော့ ကိုယ်ဖန်တီးလိုက်သည့် အနုပညာ၏အသီးအပွင့်အဖြစ် ခံစားလိုကြတာ အမှန်ပါပဲ။ စာမူခ ဆိုရာမှာ နှစ်မျိုးရှိ၏။ လုံးချင်းစာအုပ်က ရတာမျိုးနှင့် စာနယ်ဇင်းတွေကရတာ။ လုံးချင်းစာအုပ်ကရသောငွေက မက်မက်စက်စက်ရှိ၏။ သောင်းဂဏန်းကနေ (အရောင်းသွက်စာရေးဆရာဆိုလျှင်) သိန်းဂဏန်းအထိရှိ၏။ စာနယ်ဇင်းတွေကရသည့် စာမူခကတော့ ဘယ်လိုမှမယှဉ်နိုင်လောက်အောင် နည်းလှသည်။ သို့ရာတွင် စာရေးဆရာအတော်များများသည် လုံးချင်းဝတ္ထုမှရသောငွေထက် စာနယ်ဇင်းတွေမှာ ၀တ္ထုတို၊ ဆောင်းပါး၊ အက်ဆေး၊ ကဗျာတို့မှရသောငွေကို ပို၍အမြတ်တနိုး တန်ဖိုးထားတတ်ကြတာ အမှန်ပဲဖြစ်၏။ ဘာကြောင့် ခုလို ထူးထူးဆန်းဆန်း ဖြစ်ရသလဲတော့ မပြောတတ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီအတိုင်းပင်ဖြစ်၏။ ကျွန်တော်သည် လုံးချင်းဝတ္ထုများ၊ ရုပ်ရှင်ဗွီဒီယိုဇာတ်ညွှန်းများ၊ စာနယ်ဇင်းတွေမှာ ၀တ္ထုတိုရှည်၊ ဆောင်းပါး၊ အက်ဆေး၊ ကဗျာစုံအောင် ရေးသူဖြစ်၏။ စာပေအမျိုးအစားအားလုံးကို အနုပညာစိတ်ဖြင့် ရေးတာမှန်သော်လည်း ရရှိလာသည့်အကျိုးအမြတ်(စာမူခ)အပေါ် တန်ဖိုးထားတာချင်းတော့ မတူပါ။ လုံးချင်းဝတ္ထုမှရသည့်စာမူခသည် ကြိုးစားသလောက် (ကိုယ့်အတိုင်းအတာနှင့်ကိုယ်) အတော်အသင့် တူတူတန်တန် ရသည်ဟု ဆိုနိုင်၏။ ၀တ္ထုတို၊ ဆောင်းပါး၊ အက်ဆေး၊ ကဗျာတွေကျတော့ အဆင်မသင့်လျှင် တစ်ပတ်ဆယ်ရက်မက တစ်ခါတစ်ရံ လနှင့်ချီကြာအောင် ပင်ပင်ပန်းပန်းရေးရသော်လည်း ရတဲ့စာမူခကျတော့ မဖြစ်စလောက်သာဖြစ်၏။ ဒါလေးကိုပင် ထူးထူးခြားခြား တပ်မက်စိတ်ဖြစ်မိ၏။ (ဦးပုည၏ ပြဇာတ်ထဲမှ ရေသည်ယောက်ျားက သူ၏ချွေးနဲစာလေး ရွေးသောအသပြာကို မက်မောတွယ်တာသလိုမျိုးပင်ဖြစ်မည်ထင်၏) တချို့စာရေးဆရာတွေက ငွေကြေးတတ်နိုင်သည်။ တိုက်နှင့်ကားနှင့်နေနိုင်သည်။ သူတို့သည် ၀တ္ထု၊ ဆောင်းပါးလေးတွေ ရေးပြီးသောအခါ မဂ္ဂဇင်းတိုက်သို့ ကိုယ်ပိုင်ကားနှင့်သွားပို့သည်။ မဂ္ဂဇင်းထွက်တော့လည်း စာအုပ်နှင့်စာမူခကို ကိုယ်ပိုင်ကားနှင့် တကူးတကသွားယူသည်။ ရတဲ့စာမူခက မော်တော်ကား အသွားအပြန်နှစ်ခေါက်စာဓာတ်ဆီဖိုးတောင်ရှိရဲ့လားမသိ။ ဒီကြားထဲ ရတဲ့စာမူခနဲ့ အပေါင်းအသင်းတွေ၊ စာရေးဆရာတွေကို လက်ဖက်ရည်တိုက်ရလျှင် ဘာမှကျန်မည်မဟုတ်။ အဲ ညနေ ယမကာဝိုင်းထဲ ဆက်သွားလို့ကတော့ စာမူခထက် အဆပိုစွာ အိတ်ထဲက စိုက်ရပေဦးမည်။ စီးပွားရေးသမားတွေသာ ဒီအကြောင်းသိလျှင် "ငကြောင်တွေ"ဆိုပြီး ဟားတိုက်ကောင်း တိုက်လိမ့်မည်။ * * * တစ်ခုတော့ရှိ၏။ ချောင်ချောင်လည်လည်ရှိသောစာရေးဆရာတွေတောင် ဒီစာမူခကို မက်မက်မောမောရှိလျှင် စားဝတ်နေရေးအတွက် မဂ္ဂဇင်းစာမူခကို တစ်ဖက်တစ်လမ်းက အားကိုးနေရသော စာရေးဆရာတွေအဖို့ ဘယ်လောက် တန်ဖိုးထားမလဲဆိုတာ သိသာလှ၏။ ကောင်းပြီ။ စာနယ်ဇင်းတွေကရသော စာမူခကကော စားဝတ်နေရေးအတွက် ဘယ်လောက်အထိ အထောက်အကူပြုပါ သလဲ။ ဒီအကြောင်းပြောလျှင် နောက်ကြောင်းကိုတော့ နည်းနည်းပြန်မှဖြစ်မည်။ စာရေးဆရာတို့၏ရွှေခေတ်ဟု ဆိုနိုင်သော ၁၉၅၀ပြည့်နှစ်များကို ပြန်ကြည့်လျှင်- ဟိုတုန်းက နာမည်ကြီးစာရေးဆရာတစ်ယောက် ၀တ္ထုတိုတစ်ပုဒ်အတွက် စာမူခ နှစ်ရာလောက်ရသည်။ ထိပ်ဆုံးတန်း ရောက်နေသူများဆိုလျှင် သုံးရာရသည်။ အလယ်အလတ်အဆင့်ဆိုလျှင် တစ်ရာ။ ထိုစဉ်က ကုန်ဈေးနှုန်းမှာ လက်ဖက်ရည်တစ်ခွက် နှစ်ဆယ့်ငါးပြား၊ ဆီတစ်ပိဿာ သုံးကျပ်၊ ကြက်သားတစ်ပိဿာ လေးငါးကျပ်ပဲရှိသတဲ့။ ခုခေတ်ကုန်ဈေးနှုန်းနှင့်နှိုင်းစာကြည့်လျှင် ၀တ္ထုတိုတစ်ပုဒ်အတွက် စာမူခ သောင်းနှင့်ချီရသည့်သဘောဖြစ်၏။ ခုချိန်ပြန်စဉ်းစားကြည့်တော့ မယုံနိုင်အောင်အံ့ဘွယ်ဖြစ်လေ၏။ စာရေးဆရာတစ်ယောက် စာမူခထုတ်ပြီးလျှင် ရေးဖော်ရေးဖက်စာရေးဆရာတွေ တစ်ပြုံတစ်မကြီးခေါ်ပြီး တာဝါဘား၊ ၀င်းဘား၊ မွန်းလိုက် စသောစားသောက်ဆိုင်ကြီးများမှာ တပျော်တပါးစားကြ၊ သောက်ကြသည်။ ဘီယာတစ်ပုလင်း တစ်ကျပ် နှစ်ဆယ့်ငါးပြား၊ ရမ်တစ်လုံး ခုနစ်ကျပ်၊ ဘဲကင်တစ်ကောင်မှ သုံးလေးကျပ်ဖြစ်သဖြင့် နှစ်ဆယ်၊ အစိတ်လောက်ကုန်လျှင် တစ်ဝကြီး မူးနိုင်တယ်ဆိုပဲ။ အရက်ဝိုင်းက ပိုတဲ့ငွေမှ မိန်းမလက်ထဲရောက်သည်။ ဒါတောင် ချွေချွေတာတာသုံးတတ်လျှင် တစ်လစာ ဈေးဖိုးတော့ ကာမိလောက်သည်ဟု ဆို၏။ အသောက်အစားကင်းသည့် စာရေးဆရာ၏ဇနီးမျိုးဆိုလျှင် ၀တ္ထုတိုမှရသည့်ငွေဖြင့် ရွှေလေးဘာလေးတောင် ၀ယ်စုနိုင်သေးသည်ဟု ပုံပြင်သဖွယ် ကြားဖူးပါသည်။ ဘယ်လောက်ရေးပျော်သောအချိန်အခါလဲ။ ဆရာကတော်များအနေနှင့်လည်း စာရေးဆရာကို ဘယ်လောက် ယူပျော်သော ကာလများပါလဲ။ စဉ်းစားသာကြည့်။ * * * ကျွန်တော်၏ပထမဆုံးဝတ္ထုတိုအတွက် စာမူခနှစ်ဆယ်ရသည်။ ဒီငွေနှစ်ဆယ်ဖြင့် မဂ္ဂဇင်းအယ်ဒီတာတစ်ယောက်၊ သူငယ်ချင်းပန်းချီဆရာတစ်ယောက်တို့ကို လက်ဖက်ရည်တိုက်၊ အပြန်ကျတော့ အမေ့အတွက် ခေါက်ဆွဲကြော်တစ်ထုပ် ၀ယ်သွားတာတောင် ငွေက ပိုနေသေးသည်။ ထိုစဉ်က ၁၉၇၆။ ဒုတိယမြောက်စာမူကျတော့ မဂ္ဂဇင်းကြီးဖြစ်သဖြင့် စာမူခ ငါးဆယ်ရသည်။ တက္ကသိုလ်စာမေးပွဲတွေ ဖြေကာနီးဖြစ်သဖြင့် ထိုငွေငါးဆယ်ကို အိတ်ထဲထည့်ပြီး အဆောင်ကသူငယ်ချင်းအခန်းမှာသွားနေရင်း စာမေးပွဲဖြေသည်။ အဆောင်ထမင်းကို ကပ်စားသဖြင့် ထမင်းဖိုးတော့မကုန်။ လက်ဖက်ရည်ဖိုး၊ မုန့်ဖိုး၊ ဆေးလိပ်ဖိုးကို ငွေငါးဆယ်ထဲက သုံးသည်။ သူငယ်ချင်းတွေကို လက်ဖက်ရည် တိုက်နိုင်ရုံမက ရည်းစားကိုတောင် နေ့စဉ်နန်းကြီးသုပ်ကျွေး၊ အအေးတိုက်နိုင်သေးသည်။ စာရေးသက်ကလေးနည်းနည်းရလာတော့ စာမူခ ခြောက်ဆယ်၊ ခုနစ်ဆယ့်ငါးကျပ် တဖြည်းဖြည်းတိုးလာ၏။ နာမည်ကလေး ရလာတော့ တစ်ရာဖြစ်လာသည်။ ၈၀ခုနှစ်များမှာ တစ်ရာ့ငါးဆယ်မှ နှစ်ရာအထိ ရလာ၏။ အဖေတို့ခေတ်တုန်းကလို တစ်လစာ ဖူလုံမှုမရှိတော့သော်လည်း သူငယ်ချင်းကဗျာသမား၊ စာပေသမားတွေကို ၄၂လမ်းမှာ ဘီအီး အ၀တိုက်နိုင်လောက်အောင်တော့ လုံလောက်သေးသည်ဟု ဆိုရပေမည်။ * * * စက္ကူဈေး၊ ဖလင်ဈေး၊ ပုံနှိပ်ခတွေတက်လာသည်။ စာအုပ်ထုတ်ဝေရေး၊ မဂ္ဂဇင်းထုတ်ဝေရေးတွေနှင့်ပတ်သက်သမျှ စရိတ်စက အားလုံး မြင့်တက်လာသည်။ စာအုပ်ဈေး၊ မဂ္ဂဇင်းဈေးတွေလည်း ကြီးလာသည်။ စာမူခကတော့ အချိုးညီညီ လိုက်တိုးလာခြင်းမရှိ။ လုံးချင်းဝတ္ထုတွေမှာ စာအုပ်တန်ဖိုးနှင့်စာမူခကို အုပ်ရေရာခိုင်နှုန်းတို့ဖြင့်ချိတ်ဆက်ထားလေ့ရှိသဖြင့် နည်းနည်းတော်သည်။ ၀တ္ထုတိုစာမူခကတော့ ဒီလိုမဟုတ်။ ပုံမှန်သတ်မှတ်ထားသည့်အတိုင်းသာဖြစ်၏။ အဖေတို့ခေတ်က မဂ္ဂဇင်းတစ်အုပ် နှစ်ကျပ်ဖြစ်၏။ ခုအခါမှာ မဂ္ဂဇင်းရောင်းဈေးက အဆငါးဆယ်မက တက်လာသည်။ ၀တ္ထုတို၊ ကဗျာ၊ ဆောင်းပါးစာမူခကတော့ ငါးဆမှ ဆယ်ဆအတွင်းလောက်သာ တက်ခဲ့သည်။ တခြားရွှေဈေးတို့၊ စားသောက်ကုန်ဈေးနှုန်းတို့ကိုဖယ်ထား၊ မဂ္ဂဇင်းရောင်းဈေးနှင့် ယှဉ်တွဲမည်ဆိုလျှင်တောင် ၁၉၅၀ ပြည့်လွန်နှစ်များက ၀တ္ထုတိုတစ်ပုဒ်အတွက် စာမူခတစ်ရာပေးလျှင် အခုအနည်းဆုံးငါးထောင်ဖြစ်သင့်သည်။ နှစ်ရာဆိုလျှင် တစ်သောင်း၊ ထိပ်သီးစာရေးဆရာတစ်ယောက်၏စာမူခမှာ အနည်းဆုံးတစ်သောင်းခွဲဖြစ်သင့်သည်ဟု ဆိုရမည်။ မဂ္ဂဇင်းတွေဘက်ကကြည့်တော့လည်း ခုအတိုင်းတောင် ခပ်လှုပ်လှုပ်ဖြစ်ပြီး ယဲ့ယဲ့ကလေးရှင်သန်နေရတာ။ ခုနပြောသလိုသာ စာမူခတွေတိုးပေးရမည်ဆိုလျှင် ဘဏ်တိုက်ပိုင်ရှင်တွေမှသာ မဂ္ဂဇင်းထုတ်နိုင်ပါလိမ့်မည်။ စာရေးဆရာတွေအနေနှင့်လည်း ဟိုအရင်လို ၀တ္ထုတိုတစ်ပုဒ်စာမူခနှင့် တစ်လစားသောက်ဖို့နေနေသာသာ အပေါင်းအသင်းကို အရက်တိုက်ဖို့တောင် မလွယ်တော့။ လက်ဖက်ရည်ဝိုင်းဖွဲ့လျှင်တောင် မုန့်မကိုင်ပါစေနဲ့၊ စီးကရက်မမှာကြပါစေနဲ့ ဟု ကြိတ်ပြီး ဆုတောင်းရသည့်အခြေအနေ။ ဒါကို ဘယ်လိုဖြေရှင်းကြမလဲ။ အဖြေရှာဖို့ကောင်းသည်။ လောလောဆယ်မှာတော့ စာရေးဆရာအများစုမှာ ရတဲ့စာမူခနဲ့ ကုန်ဈေးနှုန်းကို အမီလိုက်ရတာ လေးဘီးကားနှင့်ပါဂျဲရိုပြိုင်ရသလို နောက်မှာ အပြတ်အသတ်ကျန်နေဆဲပါပဲ။ ---------------- မင်းလူ ရွှေကျွန်းသာ (၁၉၉၉)

လွတ်လပ်ခြင်း အက်ဆေး (မင်းလူ)

ကျွန်တော်တို့သည် လွတ်လပ်ရေးနေ့ပေါင်းများစွာကို အမှတ်တမဲ့ပင်ကျော်ဖြတ်ခဲ့ကြသည်။ ထိုနေ့တွင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့်ပျော်ကြသည်။ ကလေးတွေက ကျောင်းပိတ်လို့ပျော်သည်။ လူကြီးတွေက ရုံးပိတ်လို့၊ အလုပ်ပိတ်လို့ပျော်သည်။ လွတ်လပ်ရေးနေ့နှင့်တနင်္ဂနွေတိုက်ဆိုင်သွားသည့်နှစ်ဆိုလျှင် "ဒီနှစ် ပိတ်ရက်တစ်ရက် နစ်နာ သွားတယ်"ဆိုပြီး မချင့်မရဲတောင်ဖြစ်ကြသေးသည်။ လွတ်လပ်ရေးနေ့မှာ ပျော်ပွဲရွှင်ပွဲတွေကျင်းပကြသည်။ လွတ်လပ်သည့်အရသာကို အပြည့်အဝခံစားသောအားဖြင့် လမ်းတွေကိုပိတ်ပြီးအားကစားပွဲတွေလုပ်ကြသည်။ ထိုနေ့တွင် လွတ်လပ်ရေး၏အနှစ်သာရကို တစိမ့်စိမ့်တွေးတောဆင်ခြင်သည့် သူ ဘယ်လောက်များများရှိသလဲ။ လွတ်လပ်ရေးကိုအရယူပေးခဲ့သော သူရဲကောင်းကြီးများ၏ ဂုဏ်ကျေးဇူးကို တသသအောက်မေ့လွမ်းဆွတ်သူ ဘယ်နှယောက် ရှိသလဲ။ သတင်းစာထဲမှာတော့ လွတ်လပ်ရေးနေ့ ဂုဏ်ပြု ဆောင်းပါးတွေပါတတ်သည်။ ဒါတွေကလည်း မနှစ်တစ်နှစ်က အကြောင်းအရာအချက်အလက်တွေ ကို ပုံစံတစ်မျိုးနဲ့ပြန်ရေးထားတာပါပဲ။ စိတ်ဝင်တစားဖတ်တဲ့လူလည်း သိပ်ရှိပုံမပေါ်။ ကျွန်တော့်ကိုလာမေးလျှင်လည်း "လွတ်လပ်ရေးကို ထိန်းသိမ်းဖို့အရေးကြီးတဲ့အကြောင်းပေါ့ဗျာ"ဟု ခပ်တည်တည်နဲ့ ဖြီးမိမှာပဲ။ သည့်အတွက် အပြစ်ပြောဖို့တော့ခက်သည်။ ယနေ့မြန်မာနိုင်ငံ၏လူဦးရေအများစုမှာ လွတ်လပ်ရေးရပြီးမှ မွေးဖွားခဲ့ကြသူများဖြစ်၏။ လွတ်လပ်ရေးရသည့်နေ့တွင် မွေးသောလူတွေတောင် ခုချိန်မှာ အသက်၆၄နှစ်ကျော်နေပြီ။ ကျွန်တော်ဆိုလျှင် လွတ်လပ်ရေးရပြီးနှစ်အတန်ကြာမှ မွေးခဲ့သည်။အင်္ဂလိပ်ခေတ်ကို သိမီလိုက်သူတွေက အသက်၇ဝတန်းရောက်ပြီ။ တော်လှန်ရေးမှာ ကိုယ်တိုင်ပါဝင်ခဲ့ဖူးသူတွေကတော့ ၈ဝကျော် ၉ဝ ကျော်တွေ ဖြစ်ကုန်ပြီ။ ထို့ကြောင့် လူအများစုတို့သည် သူ့ကျွန်ဘဝ၏ အောက်ကျနောက်ကျနိုင်မှု၊ လွတ်လပ်ရေးတိုက်ပွဲခရီးလမ်း၏ ခက်ခဲကြမ်းတမ်းမှုတို့ကို ကိုယ်ချင်းစာနိုင်စွမ်းသိပ်မရှိတော့။ နောက်တစ်ချက်ကတော့ တော်လှန်ရေးခေါင်းဆောင်ကြီးများသည် သူတို့ကို နှောင်းလူတွေက တသသလွမ်းဆွတ် သတိရနေစေချင် သောကြောင့် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့ကြခြင်းမဟုတ်။ သူတို့ပုံတူကို ကြေးရုပ်ထုပြီး ဂုဏ်ပြုစေချင်သောကြောင့်၊ ငွေစက္ကူပေါ်မှာ ရိုက်နှိပ်ဖော်ပြစေချင်သောကြောင့်၊ ဓာတ်ပုံတွေကို အိမ်မှာ ချိတ်ဆွဲစေချင်သောကြောင့် (လမ်းဘေးမှာ ချရောင်းစေချင်သောကြောင့်) အသက်စွန့်ပြီး တိုက်ပွဲဝင်ခဲ့ကြခြင်းမဟုတ်။ နောင်လာနောက်သားတို့ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နေစေချင်လို့သာ ကြိုးပမ်းခဲ့ကြခြင်းဖြစ်၏။ ထို့ကြောင့် လွတ်လပ်ရေးနေ့တွင် အစွမ်းကုန်ပျော်ရွှင်ကြခြင်းမှာ ဘိုးဘေးတို့၏ဆန္ဒကိုဖြည့်စွမ်းပေးရာ ရောက်သေးသည်ဟု ဆင်ခြေပေးလို့ ရသည်ပေါ့။ "လွတ်လပ်ရေးဆိုတာ အမှတ်တမဲ့နေရင်း ရုတ်တရက်ဆုံးရှုံးသွားနိုင်တယ်။ ပြန်ရဖို့ကျတော့ နှစ်ပေါင်းများစွာတိုက်ယူရတတ်တယ်"ဟု လူကြီးတွေက သတိပေးကြတာပဲ။ လျှပ်စစ်မီးလိုပေါ့။ ဖျတ်ခနဲ ပျက်သွားဖို့ကလွယ်တယ်။ မီးပြန်လာဖို့ကျတော့ အကြာကြီးစောင့်ရတတ်တယ်လေ။ လွတ်လပ်ရေး ပျော်ပွဲရွှင်ပွဲများကို ခေတ်အဆက်ဆက်မှာ ပုံစံအမျိုးမျိုးဖြင့် ကျင်းပကြသည်။ ကျွန်တော်တို့ ကလေးဘဝတုန်းက ကန်တော်ကြီးကနေဒီကျွန်း (ယခုကရဝိက်)မှာ ပြုလုပ်တာရောက်ခဲ့ဖူးသည်။ အငြိမ့်၊ ရုပ်ရှင်၊ ရေလွှာလျှောစီး စသော ဖျော်ဖြေမှုတွေပါသည်။ စီးပွားရေး ကုမ္ပဏီကြီးတွေက သူတို့ ကုန်ပစ္စည်းတွေကို လျှော့ဈေးနှင့် ရောင်းပြီး ကြော်ငြာကြသည်။ လယုန်မဲနယ်ဖြူလုပ်ငန်းက မိုးပျံ ပူဖောင်းကြီးလွှတ်တင်ထားတာ မှတ်မိနေသည်။ ဘုရားပွဲမှာ ရောင်းသော ပူဖောင်းသေးသေးလေးတွေလောက်သာ မြင်ဖူးသော ကျွန်တော်တို့မှာ တအံ့တသြငေးကြည့်ရတာပေါ့။ ညဘက်ဆို မီးရှူးမီးပန်းတွေမြင်ရသည်။ မီးရောင်စုံတွေထွန်းညှိသည်။ ရေဒီယိုမှလည်း ဗိုလ်ရှုသဘင်သီချင်းကို မကြာခဏဖွင့်သည်။ စကားလုံးအတိအကျတော့ ဟုတ်ချင်မှဟုတ်မည်။ မှတ်မိသမျှကတော့ "ထွတ်မြတ်တဲ့စံဌာနီ၊ လွတ်လပ်တဲ့မြန်မာပြည် မချွတ်အစဉ်လွှတ် သဘင် ဆင်နွှဲခဲ့သည် သဘင်ပွဲသည်းညံစည် မြန်မာ့ဟန်ရေး ရှေးထုံး မပျက်ပါ တံပိုးစည်မောင်းငြိမ့်ညောင်း ဝေဝေစည်" နောက်ပိုင်းကျတော့ လွတ်လပ်ရေးနေ့ပျော်ပွဲရွှင်ပွဲတွေကို မြို့နယ်အလိုက်၊ ရပ်ကွက်အလိုက်သာ ကျင်းပကြတော့သည်။ ရုပ်ရှင်သုံးကားပေါင်း မိုးအလင်းပြသည်။ အားကစားပြိုင်ပွဲတွေလုပ်သည်။ ဘော်လီဘောပိုက်ကျော်ခြင်း၊ အပြေးပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ သံပုံးရိုက်ပွဲ၊ ခေါင်းအုံးရိုက်ပွဲ၊ ချောတိုင်တက်ပွဲစသည်ဖြင့်။ တချို့ရပ်ကွက်တွေက စတိတ်ရှိုး စင်တင်ဂီတပွဲတွေနှင့်ဖျော်ဖြေသည်။ အရပ် တီးဝိုင်းတွေ၊ အဆိုဝါသနာရှင်တွေ အစွမ်းပြခွင့်ရကြရသည်။ တချို့နေရာတွေမှာတော့ လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် စာပေဟောပြောပွဲတွေ ကျင်းပကြသည်။ စာရေးဆရာတွေကလည်း လွတ်လပ်ရေးအကြောင်း ငါးမိနစ်လောက်ပြောပြီးနောက် သူတို့ရေးသည့် ဝတ္တုတွေ၊ ကဗျာတွေ၊ ဆောင်းပါးတွေ ဘယ်လောက်ကောင်းကြောင်း တစ်နာရီလောက်ပြောသည်။ ရယ်စရာတွေလည်းပါသည်။ သီချင်းလည်း ဆိုပြသည်။ ရသစုံလင်သဖြင့် ပရိသတ်တွေ ပျော်ကြလေသည်။ မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော လွတ်လပ်ရေးနေ့အလံတင် အခမ်းအနားကို ၁၉၄၈၊ ဇန်နဝါရီ ၄ရက်၊ နံနက် ၄နာရီ မိနစ်၂ဝတွင် ကျင်းပသည်။ ဇန်နဝါရီလဆန်းဆိုတာ ဆောင်းရာသီ၏အအေးဆုံးကာလ။ နံနက် ၄ နာရီ ဆိုတာကလည်း အချမ်းစိတ်အပြင်းဆုံးအချိန်။ "ဒီလောက်တောင်လွတ်လပ်ရေး လိုချင်လှတဲ့မြန်မာတွေ၊ နှစ်စဉ်နှစ်တိုင်း အိပ်ရေးပျက်ခံကြရပါစေ၊ မနက်စောစောစီးစီး ခိုက်ခိုက်တုန်ရင်း အလံတင်ကြရပါစေ"ဆိုပြီး အင်္ဂလိပ်တွေက တမင်ပညာပြပြီး ညစ်သွားကြတာများလားလို့ ထင်ခဲ့မိသေးသည်။ နောက်တော့မှ ဒီနေ့ဒီရက် ဒီအချိန်ကို မြန်မာပညာရှိကြီးတွေကိုယ်တိုင် ဗေဒင်ကိန်းခန်းအရ မင်္ဂလာအခါတော် ယူပြီး သတ်မှတ်ခဲ့ကြတာဟု သိရ၏။ ထို့နေ့တွင် မြန်မာတစ်နိုင်ငံလုံး အပျော်ကြီးပျော်ကြသည်။ တစ်ညလုံး မအိပ်ဘဲ စောင့်နေခဲ့ကြသည်။ "လွတ်လပ်ပြီ၊ လွတ်လပ်ပြီ၊ တို့ တစ်တွေလွတ်လပ်ပြီ။ အောင် သပြေကိုဆွတ်ကာတည်၊ ငါတို့ကိုင် ဆောင်မည်" ဆိုသော သီချင်းသံများ တညံညံနှင့်ပေါ့။ အိုးစည်ဗုံမောင်းတွေနှင့် ကခုန်မြူးထူးနေကြလေသည်။ ထိုအချိန်မှာ မပျော်နိုင်တဲ့လူဆိုလို့ မြန်မာနိုင်ငံရဲ့ နောက်ဆုံးဗြိတိသျှဘုရင်ခံ ဆာဟူးဘတ်ရန့်စ်တစ်ယောက်ပဲ ရှိမည်ထင်၏၊ နှစ်တစ်ရာကျော်ကြာအောင် မြန်မာ့မြေပေါ် မှာ တလူလူလွှင့်နေခဲ့သော ယူနီယံဂျက်အလံကြီးကိုဖြုတ်ချလိုက်ရပြီ။ သူသည် အခမ်းအနားပြီးပြီးချင်းမှာပဲ ထိုအလံကြီးကိုပိုက်ပြီး အင်္ဂလန်သို့ထွက်ခွာမည့် သင်္ဘောရှိရာ ဆိပ်ကမ်းသို့ တစ်ခါတည်း တန်းဆင်းသွားခဲ့ရရှာသည်ဟု ကြားဖူး၏။ သင်္ဘောကြီးထွက်ခွာသွားသောအခါ သူသည် ရန်ကုန်မြို့ကြီးကို လှည့်မကြည့်ဘဲနေနိုင်မှာ မဟုတ်။ ဟိုးက နှင်းမှုန်တွေကြားထဲမှာ ရွှေတိဂုံစေတီတော်က ရွှေတောင်ကြီး မိုးသို့စွင့်နေသယောင်။ ထိုရှုခင်းကို ငေးမျှော်ကြည့်ရင်း သူ့စိတ်ထဲမှာ ဘယ်လိုခံစားရလေမလဲ။ သယံဇာတပေါ ကြွယ်ဝလှသောရတနာရွှေမြေကို နှမြောတသနေမလား။ မမြဲသောသင်္ခါရ သဘောကို တွေးတောဆင်ခြင်ရင်း သံဝေဂတွေရနေမလား။ ဗြိတိသျှအင်ပါယာကြီးနေဝင်စပြုပြီဆိုပြီး ဝမ်းနည်းစိတ်ဖြင့် မျက်ရည်များတောင် လည်နေရှာမလားဟု မြန်မာပီပီ ခွင့်လွှတ်စိတ်ဖြင့် သနားလိုက်မိပါသေးသည်။ ဒီနှစ်လွတ်လပ်ရေးနေ့မှာလည်း အစဉ်အလာမပျက် ပျော်ပွဲရွှင်ပွဲတွေကျင်းပကြသည်။ အရင်နှစ်တွေကထက်တောင် နည်းနည်းပိုပျော်ကြသလားဟု ထင်ရ၏၊၊ ကျွန်တော်လည်း အနီးအနားတစ်ဝိုက်က အားကစားပြိုင်ပွဲတွေလျှောက်ကြည့်ရင်းက တစ်ခုသွားစဉ်းစားမိသည်။ တချို့ကစားနည်းတွေက တခြားအချိန်တွေမှာ သိပ်တွေ့ရလေ့မရှိဘဲ လွတ်လပ်ရေးနေ့ကျမှ ဘာကြောင့်ပြိုင်ကြရတာလဲ။ မုန့်စားပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပွဲ၊ မျက်စိကိုအဝတ်စည်းပြီး သံပုံးရိုက်တဲ့ပွဲ၊ ချောတိုင်တက်ပွဲ၊ ဒါတွေက လွတ်လပ်ရေးနေ့မှာမပါလို့မဖြစ်။ လွတ်လပ်ရေးအထိမ်းအမှတ်တစ်ခုလို ယှဉ်တွဲပါလာခဲ့လေသလားတောင်ထင်ရသည်။ထိုအချက်ကိုက မြန်မာလူမျိုးတို့၏စရိုက်သဘာဝကို နိမိတ်ပုံတစ်ခုလို ထင်ဟပ်ပြနေသလား။ လွတ်လပ်ရေးရခဲ့တာ ၆၄နှစ်ကျော်လာခဲ့ပြီ။ ခုချိန်ထိအောင် ကျွန်တော်တို့သည် အစားပြိုင်နေကြတုန်း။ တစ်ယောက်နှင့်တစ်ယောက် အောက်ပြုတ်ကျအောင် အသေအလဲ ဆော်နေကြတုန်း၊ အပြစ်မရှိတဲ့သံပုံးကို မမြင်မစမ်းနဲ့လိုက်ရှာ ရိုက်နေကြတုန်း၊ တိုင်ထိပ်က မဖြစ်စလောက် ဆုကြေးငွေလေးကို မက်မောပြီးအချင်းချင်း ခွနင်းကျော်တက်လုယက်နေကြတုန်း။ ငယ်ငယ်တုန်းက ဗိုလ်ရှုသဘင်သီချင်းအလိုက် အတိုင်း ဖျက်ပြီးနောက်ပြောင်သီဆိုခဲ့ကြသော စာသားလေးတစ်ပိုင်းတစ်စကို သွားသတိရမိ၏။ "မစံအေး ဈေးသုံးမပျက်ပါ ဒို့မှာတော့ပေါင်လို့ကုန်ပါပြီ။" -------------------- မင်းလူ (၁၃-၁-၂ဝ၁၂) ပေါ်ပြူလာဂျာနယ်

Sunday, June 28, 2015

ဖော်ဝေး ငှက်များပြန်သန်းချိန်

သူကား ကဗျာကိုချစ်သူ ။ အနုပညာ ဖန်တီးရမှာ ရွံကြောက်သူ ။အလွမ်းကို ချစ်သူ ။ အချစ်ကို ချစ်သူ ။ အသစ်ကို မက်မောသူ ။ ပျင်းရိတတ်သူ ။ ပြိုင်ပွဲတွင် အနိုင်လိုချင်သူ ။ စိတ်အားငယ်တတ်သူ ။ ရန်ဖြစ်ရမှာကြောက်သူ ။ မိန်းမ၌ စိတ်ဝင်စားသူ ။ လူတွေကို ချစ်သူ ။ လူ့သဘာဝ၌ စိတ်ဝင်စားသူ ။ ဟိတ်ဟန်ကို မုန်းတီးသူ ။ လူ အထင်ကြီးခံလိုသူ ။ ထင်ပေါ်ကျော်ကြားချင်သူ ။ သံယောဇဉ် ကြီးတတ်သူ ။ ကြောက်ရွံတတ်သူ ။ မိုက်ရူးရဲဆန်ချင်သူ ။ ဝတ္တုရှည်ကြီးများရေးချင်သူ ။ မာက့် ဝါဒကို ယုံကြည်သူ ။ လဟာပြင်ကို ငေးမောရမှာ နှစ်ခြိုက်သူ ။ အကောင်းမြင်ဝါဒ ကို အားကျသူ ။ စံပယ်ပန်းကို အစွဲအလမ်းကြီးသူ ။ လပြည့်ညတွင်အိပ်မရသူ ။ စိတ်အတက်အကျမြန်သူ ။ ရင်ခုန်ဖွယ်ကို ရှာဖွေချင်သူ ။ တစ်နေ့ ထမင်း ၂ ထပ်စားလိုသူ ။ မကြာမကြာ လိမ်လည်တတ်သူ ၊ အကြောင်းမဲ့ အားနာတတ်သူ ။ နတ္တိ အမြင်ကို တိတ်တခိုး လက်ခံသူ ။ လူများရှေ့တွင် မနေတတ်သူ ။ မနာလိုစိတ်ရှိသူ ။ ဆင်ခြင်တုံတရားကို ဒေါသကြီးနေသူ ။ သူ့သက်တမ်းကို မုန်းသူ ။ သူဌေး မဖြစ်ချင်သူ ။ ပန်းချီဆွဲလိုသူ ။ နိမ့်ချစိတ်ရှိသူ ။ အမေ့ကို ချစ်သူ ။ အိပ်မက်ထဲမှာ မိန်းမတစ်ယောက်နှင့် လက်ထပ်လိုသူ။ သေရမှာ အလွန် အမင်း ကြောက်တတ်သူ ။ သူ ဘာမှ မသိသေးသော အရာတစ်ခုကို ကဗျာရေးမည်ဟု အမြဲ ကြံစည်နေသူ ။ ဖော်ဝေး ( ဖော်ဝေး၏ ၁၉၇၄ ဒိုင်ယာရီမှ )

ငိုကြွေးနေတဲ့ကဗျာတစ်ပုဒ်(ဖော်ဝေး)

ဆွတ်ပျံ့ချိုအေးတဲ့ တေးသံတွေကို ငါချစ်တယ်။ သမီးလေးရဲ့ ငိုကြွေးသံဟာ ကဗျာခံစားမှုအလား နှလုံးသားထက် နက်ရှိုင်းစွာစူးဝင် ရင်ခုန်ရပြီ ။ ငိုခြင်းနဲ့ရယ်ခြင်းမှာ အပ်တစ်ဖျားစာပဲ အပြောင်းအလဲမြန် နက်ဖြန်ရဲ့အသစ် ကနေ့အဖြစ်ကို မြိုဝါးသွားပါလိမ့်မယ်။ ဇန်နဝါရီ မပီမသမြင်ကွင်း နှင်းကာလရဲ့ ညအခါမှာ ကဗျာတစ်ပုဒ်ဖွားမြင်တယ်။ အို့အို့အေးအေး တိတ်ပါ့ကလေးရယ် မိခင်ငယ်ရဲ့တေး ရင်အေးစရာ။ မကြာမီ ရာသီများစွာ ထွက်ခွာစုန်ဆန် နက်ဖြန်ရဲ့လက်တစ်ချောင်း စုဆောင်းမိမယ်။ ခုနေခါတော့ ငိုကြွေးတဲ့တေးဟာလည်း သဲလှိုက်စူးနစ် ချစ်စရာကွယ် ။ ။ ဖော်ဝေး

ဗျည်းတောင့်တောင့် သရတင်းတင်း(မောင်သာချို)

တစ်) ပြင်သစ်မှာ ကျင်လည်ခဲ့ဖူးသူ မိတ်ဆွေတစ်ယောက်နဲ့ စာပေဟောပြောပွဲ မစ,တင်မီ ဧည့်ခံတဲ့ စားပွဲဝိုင်းကလေး တစ်ဝိုင်းမှာဆုံဖြစ်ပါတယ်။ ထုံးစံအတိုင်း ကိုယ်မရောက်ဖူးတဲ့ နိုင်ငံမို့ ဒေသန္တရဗဟုသုတအနေနဲ့ သူ ပြောတဲ့ ပြင်သစ်အတွေ့အကြုံ တွေကို ငေးမောနားထောင်ခဲ့ရပါ တယ်။ အဲသည့်မှာ တစ်ချက်က ဘာသာစကားကိစ္စပါ။ သူက ညည်းတာပါ။ ပြင်သစ်မှာဗျာတဲ့ ဘယ်နေရာမှာမှ အင်္ဂလိပ်လို မရေးထားဘူးတဲ့။ အကုန်လုံး ပြင်သစ်လိုတွေချည်းတဲ့။ တစ်လုံး မှ နားမလည်ဘူးတဲ့။ ဘာလုပ်ရ မှန်းကို မသိဘူးတဲ့။ ဒီလူတွေ အင်္ဂလိပ်လို မတတ်ဘူးလား မသိ ဘူးတဲ့။ ကျွန်တော့်ဘေးမှာထိုင်နေ တဲ့ ကာတွန်းဆရာကိုအော်ပီ ကျယ်က မိုးလေ၀သဒေါက်တာ ဦးထွန်းလွင်တို့၊ ဆရာချစ်ဦးညို တို့စကားမဟမီ ဦးအောင်ပြောပါ တယ်။ တတ်တယ်ဟတဲ့။ တမင် မရေးတာတဲ့။ အင်္ဂလိပ်လိုရေး လိုက်ရင် ပြင်သစ်က Second (ဒုတိယ) ဖြစ်သွားမှာပေါ့တဲ့။ ဟုတ်ပါတယ်။ အင်္ဂလိပ်တို့၊ ပြင်သစ်တို့ဆိုတာက အမျိုးသား ရေးမှာ အပြိုင်ဖြစ်ခဲ့ကြ၊ အပြိုင်ဖြစ် နေကြတဲ့ နိုင်ငံတွေလေ။ စာနဲ့ စကားမှာလည်း မာနကိုယ်စီနဲ့ ပေါ့။ မင်းတို့စာက ဒုတိယ၊ မင်းတို့စကားက သာမည။ ငါတို့စာသာ ပထမ၊ ငါတို့စကားသာ အဓိကဆိုတဲ့ အချိုးမျိုးကို ချိုးထားခဲ့ကြတဲ့ နိုင်ငံကြီးတွေပဲ ဥစ္စာ။ (နှစ်) ထွန်းဖောင်ဒေးရှင်း စာပေ ဆုရခဲ့တဲ့ နိုင်ငံတကာ ဆက်ဆံရေးစာအုပ်ကလေး တစ်အုပ်ကျွန်တော့်မှာ ရှိပါတယ်။ စာရေးသူက ‘‘ဦးအောင်သန့်’’ပါ။ စာအုပ်အမည်က ‘‘မြန်မာ့အရေး ကမ္ဘာ့အရေး နိုင်ငံစုံသံတမန်ဆက်ဆံရေး’’ပါ။ အဲသည့် စာအုပ်တစ်နေရာ မှာ ကျွန်တော့်စိတ်ထဲ ငြိသွားတဲ့ အကွက်ကလေး တစ်ကွက်ပါပါ တယ်။ သည်တုန်းက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် လုပ်နေတဲ့ ပုဂ္ဂိုလ်က မြန်မာနိုင်ငံ သားဦးသန့်ဖြစ်နေတုန်း ကာလ ပါ။ ပြင်သစ်သံတမန် အသိုင်းအ ၀ိုင်းက မြန်မာသံဝန်ထမ်း စာရေး သူဦးအောင်သန့်ကို ‘ရိ’ပါလေ သတဲ့။ မင်းတို့ဦးသန့်က အရပ် မမြင့်ဘူးဆိုလား။ ပြီးတော့ ပြင်သစ်လိုလည်း မပြောတတ်ပါ ဘူးဆိုလား။ ဦးအောင်သန့်ပြန် ပြောပုံကလည်း လူငယ်စကားနဲ့ ပြောရရင် ‘မိုက်’ပါတယ်ဗျာ။ အေး .. နပိုလီယံထက်တော့ မြင့် တယ်ကွတဲ့။ မင်းတို့ နပိုလီယံက အင်္ဂလိပ်လိုပြောတတ်ရဲ့လားတဲ့။ ကောင်းလိုက်တဲ့ တုံ့ပြန်စကား။ ဆိုလိုတာက ဘာသာစကား ဟာလည်း လူမျိုးတစ်မျိုးရဲ့ ဂုဏ် နဲ့ မာနပါပဲလို့ ပြောချင်တဲ့အ ကြောင်းပါ။ (သုံး) တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်း (Mao Zedong) အင်္ဂလိပ်လို တတ်တာလူတိုင်း အသိပါ။ ဒါပေမဲ့ အမေရိကန်နိုင်ငံ ခြားရေးလောကက ဟင်နရီကစ် ဆင်းဂျား (Henry Kissinger) လာတွေ့တဲ့အခါ စကားပြန်ကို ကြားမှာထားပြီး တရုတ်လိုပဲ ပြောခဲ့တာမဟုတ်လား။ တရုတ် ဘာသာစကားက ဒုတိယတန်းစား မဟုတ်ဘူး။ ကိုယ့်လူသိချင်ရင် သင်လေဆိုတဲ့ အပေါက်မျိုးကို ချိုးထားခဲ့လိုက်တာ။ ဂျပန်က ပြန်လာတဲ့ စာရေး ဆရာတစ်ယောက်က ကျွန်တော့် ကို ဟေ့လူရာ ဘူတာရုံမှာ Exit (ထွက်ပေါက်)ဆိုတဲ့ အင်္ဂလိပ်စာ လုံးကလွဲပြီး အကုန်ဂျပန်လိုတွေ ချည်းပဲဗျတဲ့။ ဘာလုပ်ရမှန်း မသိ ဘူးတဲ့။ ဟိုတုန်းက ဂျပန်က အဲ သည့်အတိုင်းပါပဲ။ အခုမှ နည်း နည်းကလေး လျှော့ထားတာ။ ဒါတောင် ဂျပန်ပစ္စည်းတွေ ကို ကျွန်တော်တို့ ဘာလုပ်ရမှန်း မသိ။ အခုထိ ဖြစ်တုန်း။ ဂျပန် ကားတွေထဲမှာ ဂျပန်စာတွေဖတ် ပြီး ဘာလုပ်ရမှန်းမသိ။ ဂျပန်ကင် မရာကိုင်ကာ ဂျပန်စာတွေဖတ်ပြီး မျောက်လက်နှိပ်စက်ရသလို တောင်နှိပ်၊ မြောက်နှိပ်။ ဂျပန် လက်ဆောင် ပလတ်စတစ်ဘူး ကလေးတစ်ဘူး လက်ဆောင်ရ တဲ့အခါ နမ်းကြည့်ပြီးတဲ့နောက် လူးရမှာလား၊ စားရမှာလား မသိ တာကြောင့် အိမ်မှာ လေးငါး ခြောက်လသောင်တင်နေခဲ့ရပြီး မြန်မာစာတတ် ဂျပန်ကျောင်း သားတစ်ယောက်နဲ့ တွေ့တော့မှ ဂျပန်စာကို ဖတ်ခိုင်းတဲ့အခါ စား စရာမှန်းသိပြီး စားဖို့လုပ်ပေမယ့် သက်တမ်းက လွန်ခဲ့ပြီ။ ဘယ် တော့မှ အင်္ဂလိပ်လို မရေးဘူးဆို တဲ့ ဂျပန်တွေလေ။ (လေး) ဆရာဇော်ဂျီရေးပြီး လူသိ များလှတဲ့ ကဗျာကလေးတစ်ပုဒ် ရှိပါတယ်။ ‘‘သင်သေသွားသော်’’ ဆိုတာပါ။ လိုအပ်တဲ့နေရာက လေးပဲ ကောက်နုတ်ဖော်ပြပါရ စေ။ ‘‘သင်၏မျိုးသား၊ စာစကားလည်း ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏’’တဲ့။ ကိုယ့်စာနဲ့ ကိုယ့်စကားကြီး ပွားဖို့ဆိုတာက ကိုယ့်တိုင်းပြည် ကြီးပွားတဲ့ အပေါ်မှာပဲ အခြေခံ တာပါ။ ကိုယ့်တိုင်းပြည် ဓနဥစ္စာကြီး ပွားရင်၊ ကိုယ့်တိုင်းပြည် အနု ပညာကြီးပွားရင်၊ ကိုယ့်တိုင်းပြည် ပညာကြီးပွားရင်၊ ကိုယ့်တိုင်းပြည် နည်းပညာကြီးပွားရင်၊ ကိုယ့် တိုင်းပြည် အတွေးအခေါ် ကြီး ပွားရင် ကိုယ့်စာနဲ့ ကိုယ့်စကားက ကြီးပွားလာစမြဲပါပဲ။ မြန်မာနိုင်ငံ မှာ အလုပ်သွားလုပ်ဖို့၊ မြန်မာ နိုင်ငံမှာ ပညာသွားသင်ဖို့၊ မြန်မာ နိုင်ငံမှာ ဆေးသွားကုဖို့၊ မြန်မာ နိုင်ငံမှာ သွားလေ့လာဖို့၊ မြန်မာ စကားတော့ သင်ဦးမှ၊ မြန်မာစာ တော့ သင်ဦးမှဆိုပြီး သူ့ဘာသာ သူဖြစ်လာစမြဲပါပဲ။ အခုမြန်မာစာ၊ မြန်မာစကား လေ့လာသူ ဂျပန်၊ ကိုရီးယား (တောင်၊ မြောက်)၊ ထိုင်း၊ တရုတ်၊ အင်္ဂလိပ်၊ အမေရိကန် စသည် စသည်နဲ့ ရှိလာပေမယ့်လည်း လူ နည်းစုပါ။ လေ့လာသင်ယူတဲ့ ရည်ရွယ်ချက်ကလည်း လုပ်ငန်း ခွင်မှာ သုံးဖို့အတွက်မျှသာပဲ များ ပါတယ်။ မြန်မာတို့ ဂျပန်သင်၊ ထိုင်းသင်၊ မလေးသင်၊ ကိုရီးယား သင်၊အင်္ဂလိပ်သင်၊ သင်နေကြတာက လည်း ဟိုမှာ အလုပ်လုပ်လို့ ဖြစ်ရုံ သင်သူတွေက များပါတယ်။ သူ့စာ၊ သူ့စကား တတ်ထားမှတို့ များအသက်ရှင်ဖို့ လွယ်မယ်ဆိုတဲ့ စိတ်ကူးများ။ ပြောရရင် ဆရာဇော်ဂျီရဲ့ ကဗျာစာသားက နက်ရှိုင်းပါ တယ်။ ကိုယ့်စာနဲ့ ကိုယ့်စကားကို မာအောင်လုပ်၊ ခိုင်အောင်လုပ် ဆိုတာက ကိုယ့်တိုင်းပြည်ရဲ့ အနေအထားကို မာအောင်၊ ခိုင် အောင်လုပ်လို့ ပြောနေတဲ့ သဘောပါပဲ။ လောဘရှိတဲ့အတိုင်း ပြော ရရင် ကိုယ့်စာ၊ ကိုယ့်စကားကို ကမ္ဘာသူ၊ ကမ္ဘာသားတွေ ၀ိုင်းပြီး လေ့လာနေတာမျိုး ဖြစ်ချင်တာ ပေါ့။ ဘယ်ဖြစ်နိုင်ပါ့မလဲ။ အခု ဟာက ကိုယ့်စာနဲ့ ကိုယ့်စကားကို ကိုယ့်လူတွေက မလေးမစား မလုပ်အောင်ကို မနည်းဆွဲဆောင် နေရတဲ့ အနေအထားပါ။ ။ 7 Day Daily,

ကလိန်ကျ ကချလာပြည်မြင်ကွင်း

ဒီနေ့လွှတ်သဘင်မှာ ဘုရင်အရမ်းစိတ်ဆိုးနေတယ်။ ပြည်သူတွေ ဟစ်တိုင်ကနေ “အလိုမရှိ” ဆိုတဲ့ အော်သံကို မနက်လင်းလင်းချင်း ကြားလိုက်ရလို့။ ခါတိုင်းက ဟစ်တိုင်ရင်ပြင်ကို အမတ်တစ်ဦးက လေလံဆွဲပြီး ဈေးပွဲလုပ် ထားတယ်။ ဟစ်တိုင်ရင်ပြင်က နွားဈေးပွဲဖြစ်နေတာကြောင့် နွားအော်သံတွေပဲ ကြားနေရပြီး လူအော်သံ မကြား ရတာကို မကြာခင်ကမှ ဘုရင်သိရတာ။ ဒါကြောင့် ရင်ပြင်ကို လေလံဆွဲထားတဲ့ ယောက်ဖတော်ဝန်ကြီးကို “ဟဲ့ .. မတော်ပါဘူးကွယ်” လို့ ပြောပြီး ဈေးပိတ်စေလို့ အမိန့်ချလိုက်တော့ ဈေးသည်တွေဆီက အကောက်တော် ယူထားတဲ့ငွေကို ဘယ်လိုလုပ်မလဲဆိုတာ ယောက်ဖက အစ်မတော်ကိုလျှောက်၊ အစ်မတော်က ဘုရင်ကို ခြေစောင့်ပြီး နှုတ်ခမ်းစူ၊ ဒီလိုနဲ့ ပြည်သူ့ဘဏ္ဍာထဲကနေ လျှော်စေဆိုတဲ့ အမိန့် ထပ်ထွက်လာရပြန်တယ်။ ဈေးသည်တွေဆီက ယူထားတာ အသပြာ တစ်ထောင်၊ ပြည်သူ့ဘဏ္ဍာက ထုတ်သွားတာ အသပြာတစ်သောင်း ဒီလိုနဲ့ ယောက်ဖတော်ဝန်ကြီးလည်း ဆင်တစ်ကောင်ဝယ်စီးနိုင်တဲ့အထိ ဘုန်းကြီးသွားတယ်။ ဟစ်တိုင်ဖွင့်တဲ့နေ့ကစပြီး လာအော်လိုက်ကြတာ။ “ကယ်တော်မူပါ” ဆိုတဲ့ အသံတွေတောင်ပါတယ်။ အလိုမရှိ လို့ အအော်ခံရတဲ့ သူတွေကလည်း အရှေ့ပြင်၊ အနောက်ပြင်၊ တောင်ပြင်၊ မြောက်ပြင် အရပ် ဆယ်မျက်နှာ ၀န်တွေအားလုံးပဲ။ လေသာဆောင်ကနေ ရင်ပြင်ကိုထွက်ကြည့်တဲ့ဘုရင် အံ့အားသင့်သွားတာက ပြည်သူတွေ အင်္ကျီမရှိ၊ အောက်ပိုင်းကို နံငယ်ပတ်၊ အချို့ကသစ်ခေါက်လျှော်ဖုံးပြီး စုရုံးဟစ်အော်နေတာပဲ။ ဒါနဲ့ မဖြစ်ချေဘူးဆိုပြီး လွှတ်တော်ခေါ်၊ လွှတ်သဘင်မှာ ၀န်တွေကိုဖြုတ်၊ တိုင်းပြည်ကိုမွဲအောင်လုပ်တဲ့ သူတွေ မြိုင်ရပ်ကိုနှင်မယ်ဆိုပြီး ဒေါမာန်နဲ့ လွှတ်သဘင်ကို ဘုရင်တက်လာတယ်။ “ဟဲ့ .. အရှေ့ပြင်ဝန် မောင်မင်း နယ်တစ်ကြော အော်သူတွေ ပေါလှချည့်။ ပြည်သူတွေ စားစရာမရှိ။ လူးဆတ် တောင် မှန်အောင် မစားနိုင်ဆိုပါလား။ စပါးဆန်တွေ ဘယ်ဆီကိုရောက်သွားသလဲ” “မှန်လှပါ စိန့်တိုင်းကို ရောင်းနေရပါတယ်ဘုရား” “အနောက်ဝန်မင်း မောင်မင်းရဲ့နယ်မှာ ကျောက်မျက်တွေ ဒီလောက်ပေါရက်သားနဲ့ ဘာဖြစ်လို့ ပြည်သူတွေ လျှော်တေ၀တ်ပြီး စားစရာမရှိလို့ အော်နေရသလဲဟဲ့” “မှန်လှပါ စိန့်တိုင်းကိုရောင်းပြီး နန်းတော်ကို ရွှေချ၊ နေပြည်တော်ကို လှပအောင် လုပ်နေရလို့ပါဘုရား” “တောင်ပြင်ဝန်မင်းကလည်း မြို့ရွာတကြော သူခိုးမုဒိမ်းဆူသူပေါတယ်လို့ အော်နေကြပါလားဟဲ့” “မှန်လှပါ စိန့်တိုင်းက၀င်ကူ လစ်လျူရှုနေရပါတယ်ဘုရား” “တယ် .. ဒီဝန်တွေ ဒါစိန့်ပြည်လား ငါ့ပြည်လားကွဲ့” “မှန်လှပါ .. စိန့်ပြည်ကိုလည်း ကြောက်ရပါတယ်ဘုရား။ သူတို့က ကျေးဇူးရှိပါတယ်ဘုရား” “ညံ့လှတဲ့ ၀န်တွေ အားလုံးကိုဖြုတ် အသစ်တွေနဲ့ အုပ်ချုပ်မယ်” ဒီအချိန်မှာ အမတ်ချုပ်ကြီးက ဘုရင်ကို ကပ်ပြီး “မင်းကြီး အားလုံးသောဝန်ကြီးတွေဟာ မင်းကြီးနဲ့ မိဖုရားကြီးရဲ့ ဘထွေးတော်၊ တူတော်၊ နောင်တော်၊ မောင်တော်တွေချည်းပဲလေ။ စိန့်တိုင်းဆိုတာကလည်း ဆွေမျိုးပေါက်ဖော်တွေလေ။ ဆင်ခြင်တော်မူပါဘုရား” “ဒါဆိုရင် အမိန့်တော်မှတ်မယ်။ နောက်နေ့ကစပြီး ဟစ်တိုင်မှာ လူစုလူဝေးနဲ့ လာအော်တာကို မကြားချင်ဘူး။ လာအော်သံကြားရင် မောင်မင်းတို့အားလုံးကို စီရင်အုပ်ချုပ်ခွင့်တွေရပ် မြိုင်ရပ်ကို နှင်တော်မူမယ်” နောက်တစ်နေ့ကစပြီး ပြည်သူ့ဟစ်တိုင်ရင်ပြင်ကို မြို့စွန် သုဿာန်အနီး လူသတ်ကွင်းထဲပြောင်းလိုက်တာ ကြောင့် ဘုရင်လည်း ငြိမ်းချမ်းစွာ အိပ်စက်ရပြီး၊ အမတ်တွေ ၀န်တွေလည်း အေးချမ်းစွာ ဆက်ပြီး ခိုးယူအုပ်ချုပ် မတရားလုပ်နိုင်ပါတော့တယ်။

အုံပုံးအချစ်

စကားလုံးတွေအဖြစ် အသက်သွင်းခွင့်မပြုဘူး စကားလုံးတိုင်း မတင့်တယ်တော့ ကိုယ့်ရင်ဘတ်ကိုယ် လှစ်ဟမပြတာပဲကောင်းတယ်၊ ချောင်းမြောင်းလုပ်ကြံတတ်တဲ့ဝါဒလို့ ဝါဒဖြန့်ပြောဆိုနေကြစေဦးတော့ ဘယ်သူမှမသိတဲ့ ကိုယ့်အဖြစ်ကို ရက်ရက်စက်စက်ကျေနပ်တတ်ပါတယ်။ ကမ္ဘာမကျော်ခဲ့ပါဘူး ကမ္ဘာပေါ်မှာတော့ အချစ်တတ်ဆုံးလူသားပါပဲ၊ အရှုံးသမားလို့ ကင်ပွန်းတပ် သရဲဘောကြောင်သူလို့ စွဲချက်တင် လူလိမ်လို့ သမုတ်ကြပါစေ ဣနြေ္ဒမဲ့ဖြစ်သွားစရာ ဘာမှမရှိပါဘူး။ အချစ်ဆိုတာ လက်တွေ့ဆန်တိုင်းကောင်းတာမှတ်လို့ တစ်ချို့က အချစ်နဲ့စစ်မှာ သူရဲကောင်းတံဆိပ်ခပ်နှိပ်ခံချင်ကြတယ် တကယ့်သူရဲကောင်းဆန်သူတွေက အရှုံးပေးခဲ့ကြတယ် အချစ်ကို နှလုံးသားရေးလို့အမည်ပေးရင် ဘာကြောင့် သွေးအေးရက်စက်ကြမှာလဲ ကာမတရားကို အချစ်ရေးလို့ အလွဲသုံးစားပြုရင်တော့ သူ့ဟာသူ သူရဲကောင်းဘွဲ့ခံပါစေ ဣနြေ္ဒရှိရှိချစ်နေတတ်တာကိုကိုင်စွဲ အနိုင်မရလည်း ချစ်တတ်တယ်။ မောင်မဲကောင် 04-07-2014

Thursday, June 25, 2015

မျက်လုံးဖွင့်ပြီး အိပ်ကြည့်ရမည့် မြန်မာ့ နိုင်ငံရေး

၂၀၁၅ရွေးကောက်ပွဲ အကြိုနိုင်ငံရေးအခင်းအကျင်းများသည် သိမ်မွေ့၊ ရှုပ်ထွေး၊ ပရိယာယ် ကြွယ်နိုင်လွန်းသည့် အားလျော် စွာ နိုင်ငံရေး ခေါင်းဆောင်များ၊ တပ်မတော် ခေါင်းဆောင်များနှင့် တိုင်းရင်းသား ခေါင်းဆောင်များ အနေဖြင့် ဆင်းရဲမွဲတေမှုနွံနစ်နေ သည့် တိုင်းပြည်နှင့်တိုင်းရင်းသား ပြည်သူလူထု၏ လက်ငင်းအကျိုး ကို မဖြစ်မနေ ရှေးရှုရမည် ဖြစ် သည်။ တိုင်းရင်းသားပြည်သူလူ ထုကို အကျိုးပြုနိုင်ခြေနည်းပါးနေ သရွေ့ ဒီမိုကရေစီပြုပြင်ပြောင်း လဲရေးသည် ဟန်ပြသက်သက် သာဖြစ်နေဦးမည်မှာ ဧကန်မုချ ဖြစ်သည်။ ၂၀၁၅ ဇွန်လ ၂၃ ရက်မှ ၂၅ ရက်အထိ ပြည်ထောင်စုလွှတ် တော်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အ ခြေခံဥပဒေ ၂၀၀၈ ပြင်ဆင်သည့်ဥပဒေကြမ်းနှစ်ရပ်ကို ဆွေးနွေးလျက်ရှိသည်။ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးရန်စာရင်းပေး သွင်းထားသူ ၃၉ ဦး အနက် အများစုသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည်။ ဒီချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည်လည်း သုံးရက်တာ လွှတ်တော်တွင်းဆွေးနွေးပွဲတွင် ပါဝင်နိုင်သည်ဟု သုံးသပ်မှုများရှိနေသည်။ ပထမနေ့ဆွေးနွေးသူ ၁၆ ဦးအနက် ငါးဦးသည် ဒီချုပ်၏လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သည်။ ဒီမိုကရေစီရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ယုံကြည် မှုတည်ဆောက်ရေးနှင့် ငြိမ်းချမ်း ရေးတို့လွှမ်းခြုံနေသည့် လက်ငင်း နိုင်ငံရေးတွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အကျပ်အတည်းသည် သော့ချက်ပင်ဖြစ်သည်။ လတ်တလော ပြည်ထောင်စုလွှတ်တော်တွင်း ပြင်ဆင်ရေးဆွေးနွေးမှုများသည် အကျပ်အတည်းကို ကျော်လွှားနိုင်မည့် နည်းလမ်းများဖြစ် ရန် အလားအလာနည်းနေဆဲ ဖြစ်ပြီး ဒီချုပ်ကိုယ်စားလှယ်များ အနေဖြင့် ဆွေးနွေးခွင့်ပိုရလင့်ကစား မဲခွဲဆုံးဖြတ်အတည်ပြုရာတွင် မှန်းချက်နှင့်နှမ်းထွက်လွဲ နေနိုင်ခြေမြင့်မားနေဆဲဖြစ်သည်ဟု သုံးသပ်နိုင်သည်။ အာဏာရပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီခေါင်း ဆောင်များအနေဖြင့် သုံးရက် ကြာပြင်ဆင်ရေး ဆွေးနွေးပွဲတွင် ဒီချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစု ကြည်ကိုယ်တိုင် ပါဝင်ဆွေးနွေး ရေးကို လိုလားနိုင်ဖွယ်ရှိသည်။ လွှတ်တော်တွင်း ဆွေးနွေးပွဲများ ၌ ဒီချုပ်ကိုယ်စားလှယ်များကို နေရာပိုပေးထားခြင်း၏နောက် ကွယ်တွင် ဝှက်ဖဲတစ်ချပ်ချပ်ရှိနေ နိုင်သည်။ လွှတ်တော်တွင်း ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး တွင် ဒေါ်အောင်ဆန်းစုကြည်အပါ အဝင် ဒီချုပ်လွှတ်တော်ကိုယ်စား လှယ်များ၏ အကြိတ်အနယ်ဆွေး နွေးမှုမှတ်တမ်းများသည် အမေရိ ကန်ပြည်ထောင်စုနှင့် အနောက် နိုင်ငံများကို စည်းရုံးသိမ်းသွင်းနိုင် မည့် ပြကွက်ကောင်းများလည်း ဖြစ်နိုင်သည်။ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများ၏ စိတ်ဝင်စား မှုကိုလည်း ပိုမိုရရှိနိုင်ခြေရှိသည်။ ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) ဒီချုပ်ကိုယ်စားလှယ်များများ ပါဝင်ဆွေးနွေးလာမည်ဆို လျှင် ပြည်ထောင်စုလွှတ်တော် တွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် ဇာတ်ညွှန်း အားကောင်းသော ပြဇာတ်တစ် ပုဒ်ဖြစ်ကောင်းဖြစ်လာနိုင်သည် ဟု သုံးသပ်မှုများရှိနေသည်။ ဒီချုပ်ကိုယ်စားလှယ်အများ စု ဆွေးနွေးခွင့်ရသည့်အလျောက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးကို မျှော်လင့်ချက်ထားနိုင် သည်ဟု အလိုတော်ရိပညာရှင် များ၊ အလိုတော်ရိလေ့လာသူ များအနေဖြင့် သုံးသပ်မှတ်ချက်ပြု လျက် ဘေးတီးနိုင်သည်။ ဒီချုပ် ကိုယ်စားလှယ်အားလုံးပင် ဆွေး နွေးခွင့်ရသော်ငြား လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ကျော်၏ ထောက်ခံမှုရရှိနိုင်ရန် ခဲယဉ်းနေဦးမည်မှာ ဧကန်မုချဖြစ် သည်။ အစိုးရ၊ အာဏာရပါတီ တို့နှင့်နီးစပ်သော ပြည်တွင်း၊ ပြည်ပ ပညာရှင်များကလည်း လွှတ်တော်တွင်း ပြင်ဆင်ရေးကို ဗိန်းဗောင်းတီး ကြိုဆိုလာနိုင်သည်။ အကယ်စင်စစ် ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆွေးနွေးရာ၌ ဒီချုပ်ကိုယ်စားလှယ်အများစုကိုဆွေးနွေးခွင့်ပြုထားခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပါဝင်ဆွေးနွေး မှတ်ချက်ပေးနိုင်ရန် လမ်းဖွင့်ပေးထားခြင်းတို့သည် အစိုးရနှင့် အာဏာရပါတီတို့၏ ဗျူဟာ မြောက်အကွက်ကျကျ ကြိုတင် စီစဉ်ထားသော နိုင်ငံရေးလှည့် ကွက်များ၊ ပရိယာယ်များဖြစ် ကောင်းဖြစ်နိုင်သည်ကို သတိချပ် သင့်သည်။ သမ္မတက တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဝန်ကြီးချုပ် ကို ခန့်အပ်တာဝန်ပေးနိုင်သည့် ပြဋ္ဌာန်းချက်ကို တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်များက ဝန်ကြီးချုပ်ကိုရွေး ချယ်ပြီး သမ္မတကခန့်အပ်တာဝန်ပေးနိုင်သည့် ပြဋ္ဌာန်းချက်နှင့် ပြင်ဆင်အစားထိုး မည့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေးကို ပြည်ထောင်စုလွှတ်တော်တွင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခွင့် ပြုနိုင်ဖွယ်ရှိသည်။ ပြင်ဆင်ရေး ဘက်ကို အလေးသာဆွေးနွေးနိုင် သော်လည်း အပြီးသတ်မဲခွဲဆုံး ဖြတ်သောအခါ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၇၀ ရာခိုင်နှုန်းနီးပါး၏ ထောက်ခံမှုကို သာရရှိသဖြင့် ပြင်ဆင်ရေး အကောင်အထည်မဖော်နိုင်သည့် ကိန်းဆိုက်နိုင်ခြေရှိသည့် အကွက်ခင်းကျင်းနိုင်သည်ကိုလည်း မျက်ခြည်မပြတ်သင့်ပေ။ အစိုးရနှင့် အာဏာရ ပြည်ခိုင်ဖြိုးပါတီတို့ အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ရဲသောသတ္တိနှင့် ယုံကြည်မှုလုံးလုံးမရှိနိုင်ဟုသုံးသပ်မိသည်။ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးသည် ရေရှည် လုပ်ငန်းစဉ်အောက် ပြန်ရောက်မည်ဖြစ်သည်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို ပြည်တွင်း၊ ပြည်ပက အလွန် အမင်းစိတ်ဝင်စားနေသည့် အ လျောက် ပိုမိုစိတ်ဝင်စားလာ စေရန် အက်ရှင်ဆန်ဆန် ဇာတ်ညွှန်းရေးလာနိုင်ခြေရှိသည်။ လွှတ်တော်ထဲမှာ အကြိတ်အနယ်ဆွေးနွေးသည့်ပုံရိပ်ကိုလည်း ပြင်ဆင်ပြသနိုင်ဖွယ်ရှိသည်။ ပြည်ထောင်စုလွှတ်တော်တွင်း ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအကြိတ်အနယ်ဖြစ်မှသာ အမေရိကန်ပြည်ထောင်စုနှင့် အနောက်နိုင်ငံအစိုးရများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အနေဖြင့် နိုင်ငံရေးအရ အတန်အသင့် အသက်ရှူချောင်မည်ဖြစ်သည်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအထမြောက်မည်လားဟု စောင့်စားမျှော်လင့်နေကြမည်ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော် တွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အဆိုပြုထားသောပုဒ်မအား ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှုနှင့် အတည်ပြုလိုက်မည်ဆိုလျှင် ပြည်တွင်း၊ ပြည်ပ မြန်မာ့အရေး ပရိသတ်များအားလုံးကို ဟင်ခနဲ၊ ဟာခနဲဖြစ်သွားစေနိုင်သည်။ ဒေါ်အောင်ဆန်းစုကြည်၊ ဒီချုပ်၊အမေရိကန်နှင့် အနောက်နိုင်ငံများကို နိုင်ငံရေးအရ ပြယုဂ်ကောင်းစေနိုင်သည့် ကစားကွက်လည်းဖြစ်သည်။ ပြည်တွင်း၊ ပြည်ပသတင်း မီဒီယာများအတွက်ရေး ကွက်ကောင်းများပေါ်လာနိုင်မည့်အပြင် အလိုတော်ရိပညာရှင်များ၊ ဖားတစ်ပိုင်းငါးတစ်ပိုင်း သုတေသီများလည်း လက်ပမ်းပေါက်ခတ်လာကြမည် ဖြစ်သည်။ အစိုးရနှင့်အာဏာရပြည်ခိုင်ဖြိုးပါတီ အနေဖြင့် အဆိုပါဆုံးဖြတ်ချက် တစ်ပိုင်းတစ်စ၏ အသီးအပွင့်ကို ခံစားရလာနိုင်ခြေရှိသည်။ အကယ်၍ ဖော်ပြပါဇာတ် ညွှန်းအတိုင်း ခင်းကျင်းခဲ့မည်ဆို လျှင် သတင်းမီဒီယာများနှင့် ပညာရှင်များအနေဖြင့် ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးအတွက် ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲတွင် မဲပေးပိုင် ခွင့်ရှိသူစုစုပေါင်း၏ ထက်ဝက် ကျော်ထောက်ခံမှုရရှိရန် လိုအပ် နေဆဲအနေအထားကို စဉ်ဆက် မပြတ် ထောက်ပြဆွေးနွေးနိုင်ရန် ပဓာနကျမည်ဖြစ်သည်။ ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲကို ၂၀၁၅ အ ထွေထွေ ရွေးကောက်ပွဲနောက် ပိုင်းမှသာ ကျင်းပနိုင်ဖွယ်ရှိသည့် အလျောက် ပုဒ်မ ၄၃၆ ပြင်ဆင် ရန် ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်နှင့်အတူ ရွေး ကောက်ပွဲကာလကို ဖြတ်သန်းနိုင် ခြေရှိသည်ဟု ခန့်မှန်းသုံးသပ် နိုင်သည်။ အစိုးရနှင့်အာဏာရပြည် ခိုင်ဖြိုးပါတီအနေဖြင့် ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲကျင်းပမည့် အ ချိန်ကို ဗျူဟာမြောက် စဉ်းစား ရွေးချယ်နိုင်သည်။ ရွေးကောက်ပွဲ အလွန် အစိုးရသစ်မဖွဲ့စည်းနိုင်မီ ကြားကာလထက် အစိုးရသစ်ဖွဲ့ ပြီးစအချိန်တွင် ဖြစ်နိုင်ခြေများ သည်ဟုသုံးသပ်နိုင်သည်။ ရွေး ကောက်ပွဲအလွန် အစိုးရမဖွဲ့မီ ကြားကာလမှာ ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် ပုဒ်မ ၄၃၆ ပြင်ဆင်နိုင် ရန် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့မှုကိုအကြောင်းပြု လျက် ဒီချုပ်ပါတီ၊ ဒေါ်အောင် ဆန်းစုကြည်တို့နှင့်ပူးပေါင်းဆောင်ရွက်ရေးခြေလှမ်းကို ထိထိရောက် ရောက် လှမ်းလာနိုင်ဖွယ်ရှိသည်။ အဆိုပါကာလတွင် သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည် အကြား ဆက်ဆံရေးသည်လည်း ပို၍ပို၍ကောင်းမွန်လာနိုင်ခြေရှိသည်ဟုသုံးသပ်နိုင်သည်။ အစိုးရသစ်များ၊ လွှတ်တော် သစ်များဖွဲ့စည်းကျင်းပစအချိန် တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပမည်ဆိုလျှင် စိတ်ဝင်စားမှု အမြင့်မားဆုံးရရှိနိုင်ဖွယ်ရှိသည်။လွှတ်တော်များတွင် သာမက အစိုးရများတွင် ဒီချုပ်ကိုယ်စား လှယ်များ ပါဝင်ကောင်းပါဝင်နေ နိုင်ဖွယ်ရှိသည့် အခင်းအကျင်း လည်းဖြစ်နိုင်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ (က)ပါ ပြဋ္ဌာန်းချက်အရ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်ဆန္ဒမဲဖြင့် ပြင်ဆင်ရန်မှာ အခက်ခဲဆုံး ဖြစ်နိုင်ဖွယ်ရှိသည်။ အကယ်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ၄၀ ရာခိုင်နှုန်းကျော်သာ ထောက်ခံမည်ဆိုလျှင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးသည် အထမြောက်နိုင်တော့မည်မဟုတ်ပေ။ အဆိုပါ အခင်းအကျင်းကို ဆင်ပြောင်ကြီး အမြီးကျမှတစ်သည်ဟု သုံးသပ်မှုများရှိနိုင်သကဲ့သို့ အမြီးကျမှတစ်မည်ဟုသိသိ ချည်းနှင့် ဆင်ကန်းတောတိုးခဲ့သည်ဟုလည်း သုံးသပ်နိုင်ဖွယ်ရှိသည်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို လာမည့်လွှတ်တော်သက်တမ်း တွင် ထပ်မံကြိုးစားကြမည်ဟု သစ္စာဆိုရင်း ၂၀၁၃ မှစတင်ခဲ့ သည့် ပြင်ဆင်ရေးလုပ်ငန်းစဉ် ကြီး ကန့်လန့်ကာချလိုက်နိုင်ခြေရှိ သည်။ အခြားတစ်ဖက်တွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကို ပြည်ထောင် စုလွှတ်တော်တွင် ဆွေးနွေးပြီး အဆုံးအဖြတ် ရယူကတည်းက ပြည်ထောင်စု လွှတ်တော်ကိုယ် စားလှယ် ၇၀ ရာခိုင်နှုန်းကျော်၏ ထောက်ခံမှုနှင့်အတူ အတည်မပြု နိုင်ခြင်းသည်လည်း အခြားဖြစ်နိုင် ခြေတစ်ခုဖြစ်သည်ကို ဆင်ခြင် သင့်သည်။ အချုပ်အားဖြင့်ဆိုသော် အတွေ့အကြုံ၊ ဖြတ်သန်းမှုတို့ အပေါ် အခြေခံသည့် စဉ်းစားသုံး သပ်မှုများနှင့် ဆန့်ကျင်လျက် ပုဒ်မ ၂၆၁ နှင့် ပုဒ်မ ၄၃၆ တို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် သည့်ဥပဒေကြမ်းပါ ပြဋ္ဌာန်းချက် များနှင့်အညီ ပြင်ဆင်နိုင်ခဲ့မည်ဆို လျှင် တိုင်းပြည် ပြည်သူလူထုနှင့် ဒီမိုကရေစီအပြောင်းအလဲအတွက်အပြုသဘောဆောင်သော ခြေလှမ်းသစ်များကို လှမ်းနိုင်ပြီဟု သုံးသပ်လျက် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမည်သာဖြစ်သည်။ အဆိုပါ မျှော်လင့်ချက် များနှင့်အတူ နိုင်ငံရေးလှည့်ကွက်များ၊ ပရိယာယ်များ၊ ကစားကွက်များ၏ အစွမ်းသတ္တိကိုလည်း မျက်ခြည်မပြတ်ရန် အရေးကြီးသည့်အလျောက် နိုင်ငံရေးအရ နိုးနိုးကြားကြား မျက်လုံးဖွင့်ပြီး အိပ်ကြည့်နိုင်ရန် လိုအပ်နေဆဲဖြစ်ပါကြောင်း မီးမောင်းထိုးတိုက်တွန်း ဆော်သြလိုက်ရပါသည်။

မောင်သစ်မင်း ရဲ့ မင်းမင်းလတ်

နိဒါန်း ပျော်ရွှင်တက်ကြွစွာ ဖြတ်သန်းရတဲ့ အချိန်ကာလတွေဟာ မြန်ဆန်လွန်းလှတယ်။ စိတ်ဆင်းရဲညှိုးငယ်စွာ ဖြစ်သန်းရတဲ့ အချိန်ကာလတွေကတော့ ပင်ပန်းကြီးစွာ နှေးကွေးလေးလံနေတတ်တယ်။ ရန်ကုန်ကျော် မင်းမင်းလတ် နဲ့ ကျွန်တော် မင်းမင်းလတ် ကို ကျွန်တော် စတွေ့ဖူးတာကတော့ မောင်ထော်လေးလမ်း (ဗိုလ်ဆွန်ပက်) လမ်းပေါ်မှာပါ။ မိုက်ခရိုဘတစ် လို့ ခေါ်တဲ့ ဗောက်(စ်)ဝက်ဂွန် ပေါင်မုန့်ကား အပြာကြီးပေါ်က ဆင်းပြီး တေးသံသွင်းဆိုင် တခုထဲကို ဝင်သွားတဲ့ သူဟာ ရန်ကုန်တမြို့လုံးကို အုတ်အော်သောင်းတင်း ဖြစ်အောင် လုပ်ခဲ့တဲ့ မင်းမင်းလတ် ဆိုတဲ့ ပုဂ္ဂိုလ်ပါပဲ။ လုပ်သား သတင်းစာထဲက ကြော်ငြာ မှာ သူ့ မျက်နှာကို သေချာ မမြင်ရဘူး။ ဆံပင်ရှည်ရှည်၊ နေကာမျက်မှန် မည်းမည်းကြီး နဲ့ ခေါင်းလောင်းဘောင်းဘီ ဝတ်ထားပြီး ခြေနှစ်ဖက်ကို ကားရပ်လို့၊ လက်ပိုက်လို့၊ တကယ့်ကို လမ်းသရဲ ခေါင်းဆောင် တဦးလို ပုံမျိုးပါပဲ။ ကျွန်တော် အခု မြင်လိုက်ရတာကတော့ နားရွက်နှစ်ဖက် တက်ချိတ်တော့မယ့် ပါးစပ်ပြဲကြီး နဲ့ သဘော အလွန်ကောင်းမယ့် မျက်နှာ ပြုံးပြုံးကြီး။ တကယ့်ကို ဆန့်ကျင်ဘက်ပါပဲ။ အဲဒီတုန်းက ကျွန်တော်လည်း သီချင်းရေးဖို့ ကြိုးစားနေတဲ့ အချိန်ပေါ့။ စတီရီယို တေးလောက ဆိုတာ မောင်ထော်လေးလမ်း (ဗိုလ်ဆွန်ပက်) အပေါ်ဘက်မှာပဲ ရှိတာ။ အလယ် ဘလောက် ကို ဆင်းလိုက်တာနဲ့ ဓာတ်ပြားလောက ဖြစ်သွားပြီ။ မောင်ထော်လေးလမ်း (ဗိုလ်ဆွန်ပက်) ထဲ ခေါက်တုံ့ခေါက်ပြန် လျှောက်လိုက်၊ ဗိုလ်ချုပ်လမ်းပေါ် တက်လိုက်၊ အနော်ရထာလမ်းပေါ်တက်လိုက်နဲ့ ရန်ကုန်တမြို့လုံး ဆူညံနေစေတဲ့ မင်းမင်းလတ် သီချင်းတွေကို အာရုံခံယူရင်း ကျွန်တော် သီချင်းရေးဆရာ ဘဝရဲ့ အစလမ်းခရီးကို စတင်လျှောက်လှမ်းခဲ့ပါတယ်။ ကျွန်တော် ပထမဆုံး စ ရေးရတဲ့ အခွေမှာပဲ မင်းမင်းလတ် နဲ့ စတိုးတော့တာပဲ။ လူပေါင်းစုံ ပါတဲ့ အစုံသုတ် တခွေမှာ မင်းမင်းလတ် (၂) ပုဒ် ကို စရေးရတယ်။ (၂) ပုဒ် ထဲက (၁) ပုဒ် ပဲ ဆို ဖြစ်တယ်။ မင်းမင်းလတ် နဲ့ ကျွန်တော် နဲ့ သိပ် မအပ်စပ်ခဲ့ဘူး။ နောက်ပိုင်း သူ နဲ့ ခင်မင်လာပေမယ့် သူ့ သီချင်းတွေ ကျွန်တော် မရေးဖြစ်ဘူး။ မင်းမင်းလတ် ရဲ့ သီချင်းရေးဆရာ ပုသိမ်မောင်စိမ်းသူ ရဲ့ တွေးဟန်၊ ရေးဟန် တွေကို ကျွန်တော် သိပ်ကြိုက်တယ်။ အတု ခိုးစရာတွေကိုလည်း ကျွန်တော် အတုခိုးတယ်။ ခွေးဖြူမ၊ တေးရေး – ပုသိမ်မောင်စိမ်းသူ၊ တေးဆို – မင်းမင်းလတ် (၁၉၇၅) Music Video URL: http://youtu.be/fzfmp0MfPsw ဒါပေမယ့် ပုသိမ်မောင်စိမ်းသူ ရေးတာမျိုးတွေ လိုက်မရေးဘူး။ ကိုယ့် အတွေး၊ ကိုယ့်ဟန်နဲ့ပဲ ရေးတယ်။ ဒါကြောင့်လည်း ကျွန်တော့် သီချင်းစာသားတွေက မင်းမင်းလတ် နဲ့ မအပ်စပ်ဘဲ စိုးပိုင် နဲ့ သွား အဆင်ပြေနေတယ်။ စိုးပိုင် မှာ ဦးကျော့မှူး ဟန် နဲ့ မတူတဲ့ နောက်ဟန် တခုကို ကျွန်တော် သွားဖော်ခဲ့တယ်။ အဲဒီလိုနဲ့ စိုးပိုင် ရဲ့ သီချင်းရေး အဖြစ်ပဲ ရပ်တည်ခဲ့တယ်။ မင်းမင်းလတ် နဲ့ ပို ရင်းနှီးလာတဲ့ အချိန်က “အရှေ့အနောက် အခွေ ငှားဆိုင်” သူ ဖွင့်တဲ့ အချိန်ပေါ့။ အနော်ရထာလမ်း နဲ့ ဆူးလေ ထောင့် မှာ (၃၃) လမ်းက ရွှေကြည်အေး၊ ဝါဇီတို့ နဲ့ နီးတဲ့ နေရာ။ သူ့ ဆိုင် ထိုင်လိုက်၊ လက်ဖက်ရည်ဆိုင် ထိုင်လိုက်နဲ့ပေါ့။ သူက ထုံးစံအတိုင်း ပါးစပ်ပြဲပြဲကြီး နဲ့ ပြုံးရင်း သူများ မလုပ်သေးတာတွေ လျှောက်လုပ်နေတတ်တယ်။ အဲဒါမျိုး လုပ်ရတာ သူပျော်သတဲ့၊ စွန့်စားချင်သတဲ့၊ ရှေ့ကို ကြိုသွားကြည့်ချင်သတဲ့။ ရှေ့ကိုကြိုသွားခြင်း ဒဿန မင်းမင်းလတ် ရဲ့ ဒဿနက “ရှေ့ကို ကြိုသွားခြင်း” ဒဿန ပဲ။ မင်းမင်းလတ် ဒဿန ကို ကျွန်တော် လက်ခံနိုင်တာ၊ လက်မခံနိုင်တာ တပိုင်းပေါ့။ သူ ဆိုတဲ့ သီချင်းတွေကို ကြိုက်တာက တပိုင်းပေါ့။ ကိုစိမ်းသူရဲ့ စာသားတွေကြောင့်၊ သုခမိန်လှိုင်ရဲ့ စာသားတွေကြောင့် သူ့ သီချင်းတွေဟာ လူငယ်တွေ ရဲ့ အာဟာရ တခု ဖြစ်လာရတယ်။ ပြီးတော့ သူ့ရဲ့ ဗလုံးဗထွေး မပီမသ ဆိုဟန်၊ အော်ဟန်တွေ ကြိုက်တယ်။ စာသားတွေနဲ့ လိုက်တယ်။ မိုက်တယ်။ ဒီလိုနဲ့ပဲ သူ့ ခေတ်ဟာ ပြီးဆုံးသွားတယ်။ ကျွန်တော် နောက်ဆုံး ကြိုက်ခဲ့တဲ့ သီချင်းက “ယုဇနပင်နဲ့ဖဲကြိုးဝါ” ပဲ။ ဘာသာပြန်သီချင်းတို့၊ သိပ္ပံ၏ရုပ်ကြွင်းတို့က ဒီဘက်ခေတ် လူငယ်တွေကို နည်းပေး၊ လမ်းပြ လုပ်ခဲ့တဲ့ သီချင်းတွေပေါ့။ ဒါပေမယ့် မြန်မာသံ မင်းအောင် သီချင်းတွေ ခေတ်ထလာတော့ Rock ဂီတ က ခဏလောက်လေး ထိုင်နေရတဲ့ အထဲ ပါသွားတယ်။ သီချင်းတွေက ထုံးစံအတိုင်း ရှေ့ရောက်လွန်းနေတော့ လူကြိုက်နည်းခဲ့ရပြန်တယ်။ ဒီလိုနဲ့ မင်းမင်းလတ် နဲ့ ကျွန်တော် မတွေ့ဖြစ်တာ ကြာခဲ့တယ်။ လမ်းတွေ့ လက်ပြ နှုတ်ဆက်ရုံလောက်သာပေါ့။ တနေရာမှာ မထင်မှတ်ဘဲ စကားပြောဖြစ်တော့ ရှေ့ကိုကြိုသွားခြင်း ဒဿနဲ့ပဲ သူ ရပ်တည်နေဆဲ ဆိုတာ သိရတယ်။ မြန်မာပြည် မှာ ဗွီဒီယို စတင်ရောက်စ အချိန် သူက ဗွီဒီယို လုပ်ငန်းထောင်ထားသတဲ့။ “သီချင်း မဆိုတော့ဘူးလား” လို့ မေးတော့ “ခင်ဗျားက ထုတ်ပေးမှာမို့လား” တဲ့။ ဒီ စကား ကျွန်တော့် ခေါင်းထဲမှာ စွဲသွားတယ်။ တချိန်မှာ ကျွန်တော် နဲ့ ဂန္ဓမာ တေးသံသွင်း တယောက် တဝက် ရှယ်ယာထည့်ပြီး “နှလုံးသားထဲက စိုင်းထီးဆိုင်” ၁ နဲ့ ၂ လုပ်တာ အောင်မြင်မှု ရပါလေရော။ ဒါနဲ့ မင်းမင်းလတ် ကို သီချင်း ပြန်ဆိုခိုင်းဖို့ စိတ်ကူးပေါ်လာတယ်။ “ဘဲကြီး.. ခင်ဗျားကို ကျူပ် စီးရီးထုတ်မယ်” လို့ ပြောတော့ သူက ရယ်နေတယ်။ “မယုံဘူး” တဲ့။ ကျွန်တော် စီစဉ်တာက “မင်းမင်းလတ် နဲ့ မေဆွိ” ဆိုပြီးပေါ့။ မင်းမင်းလတ် ရဲ့ ကျော်ကြားတဲ့ သီချင်းဟောင်းတွေ မေဆွိကို ပြန်ဆိုခိုင်းတယ်။ မင်းမင်းလတ် ကိုယ်တိုင်ကိုလည်း ဟိုတုန်းက ခပ်ညံ့ညံ့ Recording အစား အပျံစား ပြန်လုပ်ပြီး ဆိုဖို့ ပြောတယ်။ သူက “ဟင့်အင်း” တဲ့ ဗျာ။ အသစ် ဆိုရမှ ဆိုမယ်တဲ့။ သူ့ ရဲ့ ရှေ့ကို ကြိုသွား သီအိုရီကို လုပ်လာပြန်တယ်။ Heavy သီချင်းတွေ ထုတ်လာတယတ်။ အဲဒါတွေ ကျွန်တော့် ကို ရေးခိုင်းတယ်။ တီးဝိုင်းလည်း ကျွမ်းပစ်နေတာပဲ။ ဇော်ဝင်းထွဋ်တို့၊ လေးဖြူတို့၊ ဟယ်ရီလင်း တို့ ထက် စောနေတဲ့ အပြင်းစား ဟဲဗီးသီချင်းတွေပေါ့။ Top 10 ထဲက သီချင်းတချို့လည်း ပါတယ်။ အဲဒီ သီချင်းတွေလည်း မအောင်မြင်လိုက်ပါဘူး။ သူ့ရဲ့ မပီမသ ဆိုဟန်ကို ကျွန်တော်က လွဲပြီး ဘယ်သူမှ မကြိုက်ကြတော့ဘူး။ အဲဒါ သူ နောက်ဆုံး ဆိုခဲ့တဲ့ သီချင်းခွေပေါ့။ အဲဒီစီးရီးကို အိုအေစစ်မှာ အသံသွင်းတော့ သူအတော် စိတ်လှုပ်ရှားခဲ့တယ်။ သူ ဘယ်လောက် စိတ်လှုပ်ရှားပြီး သူဘယ်လောက် ပျော်ခဲ့တယ်ဆိုတာ ကျွန်တော် အသိဆုံးပါပဲ။ မင်းမင်းလတ် ရဲ့ နိဂုံး သုခမိန်လှိုင် ဆီက တယ်လီဖုန်းလာတယ်။ “မင်းမင်းလတ် ဆုံးပြီ” တဲ့..။ သြော်.. မင်းမင်းလတ် တယောက် ရှေ့ကို ကြိုသွားနှင့်ပြန်ပြီ။ မောင်သစ်မင်း (၁၉၉၇) (အလင်္ကာ၊ အတွဲ (၃)၊ အမှတ်(၇)၊ ဖေဖေါ်ဝါရီ၊ ၁၉၉၈)

Tuesday, June 23, 2015

နာခံခြင်းများ၏နောက်ကွယ်

၁၉၆၀ ခုနှစ်ပိုင်းတွေမှာ အမေရိကန်နိုင်ငံနဲ့ အခြားနိုင်ငံပေါင်းများစွာက အမိန့်အာဏာတွေနဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် မေးခွန်းတွေ ထုတ်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ စိတ်ရောဂါအထူးကု ဆရာဝန် ချားလ်စ်ဟော့ဖလင်းနဲ့ အဖွဲ့ရဲ့  လေ့လာမှုကနေ စိတ်အနှောက်အယှက် ဖြစ်စရာကောင်းလှတဲ့ တွေ့ရှိချက် ထွက်လာခဲ့ပါတယ်။ အဲဒါက ဆေးရုံလိုနေရာမျိုးမှာ လူတွေက အမိန့်အာဏာတွေကို ပြန်လှန်မေးခွန်း မထုတ်ဘူးဆိုရင် သေစေတဲ့အထိ ဖြစ်နိုင်ကြောင်းပါ။ သူနာပြု ၂၂ ယောက်က ဘယ်သူမှန်းမသိတဲ့ ဆရာဝန်တစ်ယောက်ထံက အက်စထရိုတန်လို့ခေါ်တဲ့ ဘာမှန်းမသိတဲ့ ဆေးဝါးတစ်ခုကို ပုံမှန်ပေးရမယ့် ပမာဏထက် နှစ်ဆပေးဖို့ ဖုန်းနဲ့ ညွှန်ကြားခြင်း ခံခဲ့ကြပါတယ်။ ဆေးရုံရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ ဆရာဝန် ဘယ်သူလဲဆိုတာ သိရင်တောင်၊ ခွင့်ပြုချက်မရှိတဲ့ ဆေးဝါးတွေကို ပုံမှန်ပမာဏလည်း ပေးခွင့်မရှိပါဘူး။ သို့ပေမဲ့ အဲဒီလို ဖုန်းနဲ့ ပြောတာကို သူနာပြု ၂၂ ယောက်မှာ ၂၁ ယောက်က လိုက်နာဆောင်ရွက် ခဲ့ကြပါတယ်။ အဲဒီဆေးဝါးက စမ်းသပ်ဖို့သက်သက် လုပ်ထားတဲ့ ဆေးဖြစ်ပြီး၊ တကယ့်ဆေးအစစ် မဟုတ်တဲ့အတွက် ဘယ်သူမှ အန္တရာယ် မရှိခဲ့ကြပါဘူး။ အဲဒီလေ့လာမှုရဲ့ ပိုစိတ်ဝင်စားစရာကောင်းတဲ့ အပိုင်းက အခြားသူနာပြု ၁၂ ဦးနဲ့ သူနာပြု ကျောင်းသား၊ ကျောင်းသူ ၂၁ ဦးကို အဲဒီအနေအထားကို ပြောပြပြီး သူတို့သာဆိုရင် ဘယ်လိုလုပ်မလဲလို့ မေးခဲ့ပါတယ်။ သူနာပြု ထဲက ၁၀ ဦးနဲ့ ကျောင်းသား၊ ကျောင်းသူ ၂၁ ဦးစလုံးက သူတို့ကို အဲဒီလိုပြောရင် ငြင်းမှာပဲလို့ ဆိုကြပါတယ်။ ရလဒ်ရဲ့ တစ်ဖက်က အ လွန်အမင်း နာခံခြင်းနဲ့၊ ကျန်တစ်ဖက်က မိမိ ရဲ့  နာခံလွယ်မှု အနေအထားကို လျှော့တွက်ထားခြင်း ဖြစ်ပါတယ်။ အဲဒီနှစ်ခုရဲ့  ပေါင်းစပ်ခြင်းက အလွန်ကို အန္တရာယ် ရှိပါတယ်။ နာခံခြင်းသက်သက်က အမှားမရှိပါဘူး။ ဆရာဝန်ရဲ့ အမိန့်ကို နာခံခြင်းက ဘာမှမမှားပါဘူး။ မှားတာက မေးခွန်းထုတ်ခြင်း မပြုဘဲ မျက်ကန်းနာခံခြင်း ဖြစ်ပါတယ်။ အဲဒါက ဆေးလောက တစ်ခုတည်းမှာတင် အန္တရာယ်ရှိတာ မဟုတ်ပါဘူး။ ၂၀၀၀ ပြည့်နှစ်မှာ အာ့ဘရိဖ်နဲ့ လုပ်ဖော်ကိုင်ဖက်တွေက လုပ်ငန်းခွင်မှာ နာခံလွယ်ခြင်းကနေ လူမျိုးရေးခွဲခြားမှုတွေ ပေါ်ပေါက်လာနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။ လေ့လာမှုမှာ အရောင်းမြှင့်တင်ရေး ကိုယ်စားလှယ်နေရာမှာ ခန့်မယ့်သူတွေကို စိစစ်ရွေးချယ်ပေးဖို့ကော လိပ်ကျောင်းသူ၊ ကျောင်းသားတွေကို တာဝန်ပေးခဲ့ပါတယ်။ ကျောင်းသား၊ ကျောင်းသူ တစ်ဝက်ထံကို ကုမ္ပဏီရဲ့ ဥက္ကဋ္ဌထံကလို့ ယူဆရအောင် ရေးထားတဲ့စာအတုတွေ ပေးခဲ့ပါတယ်။ အဲဒီစာထဲမှာ ရွေးချယ်ခံရသူတွေက သူတို့နဲ့ ၀ိသေသလက္ခဏာချင်းတူတဲ့ လူထုကိုပဲ ဦးတည်အရောင်းမြှင့်တင် ရမှာဖြစ်တဲ့အတွက်၊ လူနည်းစု အုပ်စုဝင်တွေကို မရွေးချယ်ဖို့ ပြောထားပါတယ်။ အဲဒီစာကိုရတဲ့ ကျောင်းသူ၊ ကျောင်းသားတွေက စာမရတဲ့ ကျောင်းသူ၊ ကျောင်းသားတွေထက် လူမည်းတွေကို ရွေးချယ်တာ တစ်ဝက်မက လျော့နည်းခဲ့ပါတယ်။ ကျောင်းသူ၊ ကျောင်းသားတွေဆိုတာ ပုံမှန်အားဖြင့် အမိန့်နာခံလွယ်လှတဲ့ အုပ်စုဝင်တွေ မဟုတ်ဘူးလို့ ယူဆခဲ့ကြပေမယ့် သက်ရောက်မှုက မြင်သာထင်ရှားပါတယ်။ နာခံလွယ်မှုတွေနဲ့ ပတ်သက်တဲ့ လေ့လာမှုတွေထဲမှာ နာမည်ကြီးလှတဲ့ သုတေသီက လူမှုရေးစိတ်ပညာရှင် စတန်လီမေလ်ဂရန် ဖြစ်ပါတယ်။ မေလ ၁၉၆၂ ခုနှစ်မှာ မေလ်ဂရန်စမ်းသပ်မှုလို့ နာမည်ကြီးလာမယ့်၊ နာခံလွယ်မှုနဲ့ ပတ်သက်တဲ့ စမ်းသပ်လေ့လာမှုကို ယေးလ်တက္ကသိုလ်ရဲ့  စမ်းသပ်ခန်းမကြီးထဲမှာ စတင် ပြုလုပ်ခဲ့ပါတယ်။ ပါဝင်သူတွေက အသက် ၂၀နဲ့ ၅၀ ကြားမှာရှိတဲ့ အမျိုးသားတွေ ဖြစ်ကြပါတယ်။ အမေရိကန်နိုင်ငံ၊ ကော်နက်တီကပ်ပြည်နယ်၊ ဂရိတ်တားနယူးဟဲဗင် ဒေသမှာ နေထိုင်ကြသူတွေ ဖြစ်ပါတယ်။ သူ တို့ကို သတင်းစာကနေ ကြော်ငြာပြီး ခေါ်သလို၊ တိုက်ရိုက်စာပို့ပြီး ပါဝင်ဖို့ အကြောင်းကြား တာမျိုးတွေလည်း လုပ်ခဲ့ပါတယ်။ ပါဝင်သူတွေရဲ့  အလုပ်အကိုင်က ကော်ပိုရေးရှင်းရဲ့  ဥက္ကဋ္ဌလို နေရာမျိုးကနေ ရေပိုက်ပြင်သမားအထိ ပါဝင်ပါတယ်။ ပညာအရည်အချင်းကလည်း မူလတန်းမအောင်သူတွေကနေ ပါရဂူဘွဲ့ ကျောင်းသားတွေအထိ ပါပါတယ်။ ပါဝင်သူတွေကို စမ်းသပ်မှုပြုလုပ်ရခြင်း အကြောင်းကို အမှန်အတိုင်း မပြောဘဲ မှတ်ဥာဏ်နဲ့ ပတ်သက်တဲ့ စိတ်ပညာစမ်းသပ်မှု ဖြစ်တယ်လို့ မုသားသုံးခဲ့ပါတယ်။ သင်ကြားမှုနဲ့ သင်ယူ မှုသီအိုရီတွေထဲကတစ်ခုက လူတွေကို အမှား လုပ်တိုင်း အပြစ်ပေးခြင်းက၊ မှန်ကန်စွာ သင် ယူမှုကို ဖြစ်စေနိုင်ကြောင်း၊ အဲဒီသီအိုရီကို အသုံးချတဲ့ ရိုးစင်းတဲ့ နည်းလမ်းက မိဘတွေက ကလေးတွေကို ရိုက်ခြင်းဖြစ်ကြောင်း၊ လက်ရှိစမ်းသပ်မှုမှာ အသက်အရွယ်၊ အလုပ်အကိုင် အမျိုးမျိုးက လူအချို့ကို ဆရာ၊ အချို့ကို ကျောင်းသားအဖြစ် နေရာချပြီး အပြစ်ပေးခြင်းက သင်ယူမှုအပေါ် သက်ရောက်ခြင်းတွေ ကို လေ့လာမှာဖြစ်ကြောင်း လှည့်စားရှင်းပြခဲ့ ပါတယ်။ အဲဒီနောက်မှာ ဆရာနဲ့ ကျောင်းသား နေရာအတွက် မဲနှိုက်ပြီး ရွေးသလို ပြုလုပ်ပြပေမယ့် စမ်းသပ်မှုမှာ ပါဝင်သူတွေ အားလုံးက ဆရာအဖြစ်သာ ပါဝင်ကြရပြီး၊ ကျောင်းသားက ငှားထားတဲ့ သရုပ်ဆောင် ဖြစ်ပါတယ်။ ဆရာအဖြစ် ပါဝင်ရမယ့် သူကိုလျှပ်စစ် ရှော့ခ်ပေးရမယ့် စက်ကိုပြပြီး၊ ကျောင်းသားအဖြစ် သရုပ်ဆောင်သူရဲ့လက်မှာ အဲဒီစက်နဲ့ ဆက်ထားတဲ့ အီလက်ထရုတ် (Electrode) ကို တပ်ဆင်ပြခဲ့ပါတယ်။ ကျောင်းသားအဖြစ် သရုပ်ဆောင်သူက သူလွန်ခဲ့တဲ့ နှစ်နှစ်လောက်က နှလုံးရောဂါနဲ့ ဆေးရုံတက်ခဲ့ဖူးကြောင်း၊ ဒါပေမဲ့ ဆိုးဆိုးရွားရွားတော့ မဟုတ်ကြောင်း ပြောပြပြီး ဒီလျှပ်စစ်ရှော့ခ်တွေက ဘယ်လောက် အန္တရာယ်ရှိနိုင် သလဲလို့ ဆရာအဖြစ်ပါဝင်သူရှေ့မှာ မေးပါတယ်။ သုတေသီအဖြစ် ပါဝင်သူက နာတော့နာမယ်၊ ဒါပေမဲ့ အန္တရာယ်မရှိဘူးလို့ ပြန်ဖြေခဲ့ပါတယ်။ ကျောင်းသားကို အခန်းတစ်ခုထဲမှာ ထည့်ပိတ်ထားတာမို့ အပြင်ကနေ မမြင်ရပါဘူး။ ဆရာအဖြစ်ပါဝင်သူက အပြင်ကနေ စာလုံးအတွဲတွေကို ဖတ်ပြပြီး ကျောင်းသားကို အဲဒါတွေ မှတ်သားစေပါတယ်။ နောက်တစ်ကြိမ် ဆရာဖတ်ပြတဲ့အချိန်မှာ အတွဲတွေရဲ့ တစ်ပိုင်းကိုပဲ ဖတ်ပြပြီး ကျန်တဲ့အပိုင်းကို စကားလုံးလေးခုထဲက တစ်ခုရွေးစေမှာ ဖြစ်ပါတယ်။ ကျောင်းသားကပေးထားတဲ့ ခလုတ်လေးခုကနေ အမှန်စာလုံးကို ရွေးပေးရမှာ ဖြစ်ပါတယ်။ ဥပမာ ပထမပိုင်းမှာ ဆရာက အပြာရောင် မိန်းကလေးလို့ ဖတ်သွားပြီး၊ ဒုတိယပိုင်းမှာ ဆရာက အပြာရောင် ယောက်ျားလေး၊ မိန်းကလေး၊ မြက်ခင်း၊ ဦးထုပ် စသဖြင့် ဖတ်သွားမှာ ဖြစ်ပါတယ်။ ကျောင်းသားက အဖြေမှန်အတွက် နံပါတ်နှစ် ခလုတ်ကို နှိပ်ရမှာ ဖြစ်ပါတယ်။ အဖြေမှားတိုင်းမှာ ဆရာက သူသုံးမယ့် ဗို့အားကို ပါးစပ်က ပြော၊ အဲဒီဗို့အားခလုတ်ကို နှိပ်ပြီး ကျောင်းသားကို အပြစ်ပေးရမှာ ဖြစ်ပါ တယ်။ ပထမဆုံးအကြိမ် မှားချိန်မှာ ၁၅ ဗို့ စ ပေးပြီး၊ ထပ်မှားတိုင်း ဗို့အားတွေကို တိုးမြှင့် သွားရမှာ ဖြစ်ပါတယ်။ စမ်းသပ်မှုမှာ ၁၀၅ ဗို့လောက် ရောက်တဲ့ အချိန်တွေမှာ ကျောင်းသားအဖြစ် သရုပ်ဆောင်သူထံက အော်ဟစ်သံတွေကြောင့် ဆရာအဖြစ် ပါဝင်သူတွေက မသေမချာ ဖြစ်လာကြပါတယ်။ သို့ပေမဲ့ သုတေသီက ဆက်လုပ်ပါလို့ပြောရင် ဆက်လုပ်ကြပါတယ်။ ဗို့အား ၁၅၀ မှာ ကျောင်းသားအဖြစ် သရုပ်ဆောင်သူထံက “ငါ့မှာ နှလုံးရောဂါ ရှိတယ်လို့ ပြောထားတယ် မဟုတ်လား။ အခု ငါ့နှလုံးက ငါ့ကို ဒုက္ခပေးနေပြီ၊ ဒီကနေ ပေးထွက်ပါတော့၊ ဒီစမ်းသပ်ချက်မှာ မပါချင်တော့ဘူး” ဆိုတဲ့ အော်သံထွက်လာပါတယ်။ အဲဒီလို အခြေအနေမှာ ဆရာအဖြစ် ပါဝင်သူတွေထံက ဆက်မလုပ်ချင်တော့ဘူးလို့ ငြင်းပယ်မှုတွေ၊ မေးခွန်းထုတ်မှုတွေ ရှိလာပေမယ့် ဘေးက သုတေသီက ဆက်လုပ်ပါ၊ ဒီစမ်းသပ်ချက်မှာ သင်ဆက်လုပ်နေဖို့ လိုအပ်တယ်လို့ ပြောရင် အများစုက ဆက်လုပ်ကြတာကို တွေ့ရပါတယ်။ အဲဒီစမ်းသပ်မှုမှာ ဆရာအဖြစ်ပါဝင်သူ ရာခိုင်နှုန်း ၅၀ က ကျောင်းသားအဖြစ် သရုပ်ဆောင်သူကို အမြင့်ဆုံး ဗို့အားဖြစ်တဲ့ ၄၅၀ ဗို့အထိပေးပြီး အပြစ်ပေးခဲ့ကြတယ်လို့ တွေ့ရပါတယ်။ စမ်းသပ်မှုပြီးဆုံးချိန်မှာ ဆရာအဖြစ် ပါဝင်သူတွေကို စမ်းသပ်ခြင်းရဲ့ ရည်ရွယ်ချက် အစစ်အမှန်နဲ့ ဘယ်သူမှ ထိခိုက်မှု မရှိကြောင်းတွေကို ပြောပြပေးပါတယ်။ အလားတူ စမ်းသပ်ချက်ကို ကျောင်းသားအဖြစ် သရုပ်ဆောင်သူနဲ့ ဆရာအဖြစ် ပါဝင်သူတွေကို ခပ်နီးနီးမှာထားပြီး ဆောင်ရွက်ကြည့်တဲ့အခါ သူတို့နှစ်ဦး ပိုမိုနီးကပ်စွာ ရှိနေခြင်း၊ တစ်ဦးကိုတစ်ဦး မြင်နေရခြင်းတွေက၊ နာခံလွယ်မှုကို သိသာစွာလျော့ကျ သွားစေကြောင်း တွေ့ရပါတယ်။ ဒါ့အပြင် သုတေသီနဲ့ ဆရာအဖြစ် ပါဝင်သူတွေ နီးကပ်စွာရှိခြင်း၊ ဝေးကွာစွာ ရှိခြင်းတွေလည်း များစွာသက်ရောက်ကြောင်း တွေ့ရှိရပါတယ်။ သုတေသီအဖြစ် ပါဝင်သူ အခန်းထဲမှာ လူကိုယ်တိုင်ရှိမနေဘဲ တယ်လီဖုန်းနဲ့ ညွှန်ကြားတာ၊ အသံသွင်းတိတ်ခွေနဲ့ ညွှန်ကြားတာတွေက နာခံလွယ်မှုတွေကို သိသာထင်ရှားစွာ ကျဆင်းစေခဲ့ပါတယ်။ ဆရာအဖြစ်ပါဝင်မယ့် သရုပ်ဆောင်တစ်ဦး၊ နှစ်ဦးကို ထပ်ဖြည့်ပြီး စမ်းသပ်ကြည့်တဲ့အခါ ဘေးမှာရှိနေတဲ့ အခြားဆရာတွေရဲ့ အပြုအမူတွေက စမ်းသပ်ခံဆရာရဲ့ အပြုအမူကို များစွာသက်ရောက်မှု ရှိကြောင်း တွေ့ရှိရပါတယ်။ ယေးလ်တက္ကသိုလ်နဲ့ ဆက်စပ်မှုကို မသိစေဘဲ အခြားတစ်နေရာမှာ စမ်းသပ်မှုကို ပြုလုပ်ကြည့်တော့လည်း နာခံမှု အတိုင်းအတာက ကွာခြားမှု မရှိဘူးလို့ တွေ့ရပါတယ်။ စတန်လီမေလ်ဂရန်ရဲ့ မိဘတွေက နိုင်ငံရွှေ့ပြောင်းလာရတဲ့ ဂျူးလူမျိုးတွေ ဖြစ်ပါတယ်။ မေလ်ဂရန်က ဒီစမ်းသပ်ချက်ကို ဂျူးလူမျိုးတွေကို နာဇီတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်တွေကို စဉ်းစားပြီး ဒီဇိုင်းရေးဆွဲခဲ့ခြင်း ဖြစ်ပါတယ်။ ဒီစမ်းသပ်ချက်ရဲ့  တွေ့ရှိချက်တွေ မထွက်ပေါ်ခင်ကာ လက လူတွေကို အစုလိုက်အပြုံလိုက် သတ် ဖြတ်မှုဆိုတာ ဂျာမန်လူမျိုးတွေသာ လုပ်နိုင် တဲ့ အလုပ်လို့ ထင်ခဲ့ကြပါတယ်။ မေလ်ဂရန်ရဲ့ စမ်းသပ်မှုမှာ အမေရိကန်လူမျိုးတွေထဲက အကြင်နာဆုံး နှလုံးသားရှိသူတွေတောင် အခြားသူတွေ အပေါ်မှာ အလွန်ကို ရက်စက်တဲ့ အပြုအမူတွေကို အမိန့်အရ ပြုလုပ်နိုင်စွမ်းရှိကြောင်း အံ့သြစွာ တွေ့ရှိခဲ့ကြပါတယ်။ ဂျာမနီနိုင်ငံမှာ ပုံတူ စမ်းသပ်မှု ပြုလုပ်ခဲ့တဲ့အခါမှာ နာခံလွယ်မှု အနေအထားက မေလ်ဂရန်ရဲ့  တွေ့ရှိချက်နဲ့ မကွာခြားခဲ့ပါဘူး။ ဂျူးတွေကို အစုလိုက်အပြုံလိုက် သတ် ဖြတ်ခဲ့တဲ့ တကယ့်အဖြစ်အပျက်နဲ့ စမ်းသပ် ခန်းထဲမှာ စမ်းသပ်မှုက အလွန်ကွာခြားတယ် ဆိုတာကို မေလ်ဂရန်က သတိပြုမိပါတယ်။ ဒါက မီးခြစ်ဆံမှာ လောင်ကျွမ်းနေတဲ့ မီးနဲ့ ၁၈၇၁ ချီကာဂိုမြို့မှာ ကြုံခဲ့ရတဲ့ သမိုင်းဝင် မီးလောင်ကျွမ်းမှုနဲ့ ကွာခြားသလို ကွာခြားပါ တယ်။ သို့ပေမဲ့ အခြေခံလောင်ကျွမ်းမှုဖြစ်စဉ် ချင်းတူကြသလို သူ့စမ်းသပ်ခန်းထဲက တွေ့ရှိချက်နဲ့ ဂျူးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေမှာ တူညီတဲ့ အခြေခံ အချက်တွေ ရှိတယ်လို့ ဆိုပါတယ်။ အဲဒါက အာဏာရှိ သူတစ်ဦးက တစ်စုံတစ်ယောက်ကို အမိန့်ပေး ပြီး အခြားသူတွေရဲ့  အခွင့်အရေးတွေကို ထိ ခိုက်အောင် ဆောင်ရွက်နိုင်စွမ်းရှိတယ်၊ ယုတ်မာရက်စက်မှုတွေကိုတောင်မှ ခိုင်းစေလို့ရတယ် ဆိုတာပါပဲတဲ့။ ၂၀၀၈ ခုနှစ်မှာ မေလ်ဂရန် စမ်းသပ်မှုတွေကို ပြန်လည်စုပေါင်းသုံးသပ် ကြည့်ခဲ့ပါတယ်။ အဲဒီမှာ ၁၅၀ ဗို့ကို ရောက်ချိန်မှာ ဆရာအဖြစ် ပါဝင်သူတွေက သူတို့ရဲ့  အပြစ်ပေးမှုတွေကို ရပ်တန့်လေ့ရှိကြတာ တွေ့ရပါတယ်။ အဲဒီအဆင့်မှာ မရပ်သူတွေထဲက ရာခိုင်နှုန်း ၈၀ နီးပါးက ကျောင်းသားအဖြစ် သရုပ်ဆောင်သူကို အမြင့်ဆုံးဗို့အထိ ဆက်ပေးကြကြောင်း တွေ့ရပါတယ်။ အဲဒီလို ဆောင်ရွက်မှုက မိန်းမ၊ ယောက်ျား၊ နေထိုင်တဲ့ နိုင်ငံ၊ အသက်အရွယ်၊ ပင်ကိုစရိုက်တွေပေါ် မူတည်ပြီး ကွဲပြားမှုမရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ စုစုပေါင်း လူ ၈၀၀ ပတ်ဝန်းကျင် ပါဝင်ခဲ့တဲ့ စမ်းသပ်မှုတွေမှာ ကျောင်းသားအဖြစ် သရုပ်ဆောင်သူ လုံးဝအသံတိတ်ငြိမ်သက် သွားပြီးတဲ့နောက်မှာ အဲဒီလူ နှလုံးအတက်ခ်များ ရသွားပြီလား၊ အကူအညီလိုတဲ့ အနေအထား ရောက်နေပြီလားလို့ သွားရောက်စစ်ဆေးသူ တစ်ယောက်တောင် မရှိခဲ့ပါဘူးတဲ့။ အခုအချိန်မှာ သုတေသန ကျင့်ဝတ်စည်းမျဉ်းတွေ ပြောင်းလဲခဲ့ပြီမို့ အဲဒီသုတေသနတွေကို မေလ်ဂရန် လုပ်ခဲ့သလို လုပ်လို့မရတော့ပါဘူး။ သို့ပေမဲ့ ဖြစ်နိုင်တဲ့ အနေအထားနဲ့ ပြောင်းလဲပြုပြင်ပြီး မေလ်ဂရန် စမ်းသပ်ချက်တွေကို ပုံတူပွားပြုလုပ်ခဲ့ကြပါ တယ်။ နာခံလွယ်မှု အတိုင်းအတာက ဒီဘက် ခေတ်တွေမှာ ပြောင်းလဲနေပြီလားလို့ စိတ်ပညာရှင်တွေက သိချင်ခဲ့ကြတာပါ။ ဒါပေမဲ့ နာခံလွယ်မှုတွေက အဲဒီအတိုင်း မပြောင်းမလဲ ရှိသေးကြောင်းကို စိတ်မသက်သာစွာနဲ့ ဆက်လက် တွေ့ရှိခဲ့ကြပါတယ်။ “ကျွန်တော်၊ ကျွန်မက ခိုင်းတဲ့အတိုင်း လုပ်တာပဲ” “ကျွန်တော်၊ ကျွန်မမှာ တာဝန်မရှိဘူး” ဆိုတာတွေကိုလည်း ကြားနေကြရဆဲပါ။ စတန်လီမေလ်ဂရန်က သူ့ရဲ့တွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ အခုလို ကောက်ချက်ချခဲ့ပါတယ်။ “ကျွန်တော်တို့ စမ်းသပ်လေ့လာမှုရဲ့ အခြေခံအကျဆုံးတွေ့ရှိချက်က သာမန်လူတွေဟာ မိမိအလုပ်ကို မိမိလုပ်ရင်း၊ ရန်လိုစိတ် တစ်စုံတစ်ရာမရှိဘဲ အလွန်ဆိုးရွားလှတဲ့ ဖျက်ဆီးမှုဖြစ်စဉ်ကို ကိုယ်စားဆောင်ရွက်ပေးသူတွေ ဖြစ်သွားနိုင်ခြင်းပါ” တဲ့။ Wesleyan တက္ကသိုလ်က လူမှုရေးစိတ်ပညာ သင်ကြားပို့ချသူ ပရော်ဖက်ဆာစကော့ ပလောက်စ်က “သာမန်လူတွေက အမိန့်အရ မိမိမသိသူတွေကို သတ်ဖြတ်နိုင်၊ ထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်တယ်ဆိုတဲ့ စတန်လီမေလ်ဂရန်ရဲ့  ပြောဆိုချက်မှန်ခဲ့ရင်၊ ကျွန်တော်တို့ ဒီအချက်တွေကို ဂရုမထားဘဲ နေကြရင် တစ်ချိန်မှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုမျိုးတွေ ပြန်လည်ပေါ်ပေါက် လာနိုင်တယ်” လို့ သတိပေး ပြောဆိုခဲ့ပါတယ်။ စတန်လီမေလ်ဂရန်က ၁၉၈၄ ခုနှစ်၊ အသက် ၅၁ နှစ်အရွယ်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ သို့ပေမဲ့ သူထားခဲ့တဲ့ သုတေသန အမွေအနှစ်တွေကတော့ ယနေ့တိုင် ရှင်သန်နေဆဲ ဖြစ်ပါတယ်။ (ညွှန်း - www.coursera.org - Wesleyan တက္ကသိုလ်မှ လူမှုရေးစိတ်ပညာ သင်ကြားပို့ချချက်) Writer: ကျွန်း

Sunday, June 21, 2015

အမေစုမွေးနေ့ပွဲ သွားမှတ်တမ်းပုံလေးများ

ကျွန်တော်တို့ အတွက် တိုင်းပြည်အတွက် တစ်မျိုးသားလုံးအတွက် နှစ် ၇၀ မှတည် ဆက်လျှောက်ပါအမေ

Friday, June 19, 2015

မော်ဒန်

ပါးနပ်မှုပြိုင်ပွဲဟာ သိပ်အရသာရှိတဲ့ ကော်ဖီတစ်ခွက်ဆိုတာ ဟန်ဆောင်ခြင်းတို့နဲ့တွယ်ဆက်ထားတဲ့ နှလုံးသားတစ်စုံအတွက်ပါချစ်သူ.... မင်းကအပျော်တမ်းခရီးတစ်ခုကို ထွက်ခဲ့တယ်ဆိုရင်တောင် ငါကခရီးစဉ်တစ်လျှောက်မှာ သံယောဇဉ်မိုင်တွေ မရေမတွက်နိုင်အောင်တွယ်ငြိချင်ခဲ့သူပါချစ်သူ...... မင်းပေးခဲ့တဲ့အချစ်ကအတုအယောင်ဆိုရင်တောင် ငါကငါ့အသက်ထက်တန်ဖိုးထားမိခဲ့သူပါချစ်သူ..... မင်းကဘုရင်မတစ်ပါးဆိုရင် မင်းရန်သူတွေနဲ့ရင်ဆိုင်လာခဲ့ရရင် ငါ့ကိုစစ်နတ်ဘုရားတစ်ပါးဖြစ်ခွင့်ပေးပါ..မင်းအတွက်ပေါ့ မင်းအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချမယ်ဆိုရင် ငါကမင်းရဲ့တိုင်ပင်ခံအမတ်တစ်ပါးဖြစ်ပါရစေချစ်သူ......... ချစ်သူ............. ငါကမင်းအတွက်အရာရာကိုထာဝရပေးဆပ်ချင်မိသူပါချစ်သူ ............ ကောင်းကင်ပြာ

Wednesday, June 17, 2015

သတိရကြပါ

ငါတို့တွေ ကခဲ့ကြ ပြန်လည် သတိရမှု့မှာ အနုပညာမပါရင် အရာရာ သေသွားပါလိမ့်မယ် သတိရကြပါ ။ အောင်ချိမ့်

ချစ်ခြင်းဟာထူးဆန်းတယ်

ချစ်ခြင်းဟာ ထူးဆန်းတယ် မရည်ရွယ်ပါပဲလည်း စတင်မိတတ်တယ်။ ချစ်ခြင်းဟာ ထူးဆန်းတယ် မမြင်မတွေ့ မရင်းနှီးဖူးပေမယ့်လည်း ချစ်မိတတ်တယ်။ ချစ်ခြင်းဟာ ထူးဆန်းတယ် မချစ်သင့်မှန်း သိရက်နဲ့လည်း ချစ်မိတတ်တယ်။ ချစ်ခြင်းဟာ ထူးဆန်းတယ် မသင့်တော်မှန်း သိရက်နဲ့လည်း ဖြတ်ဖို့ ခက်တတ်တယ်။ ချစ်ခြင်းဟာ ထူးဆန်းတယ် ချစ်ခြင်းဟာ အရာအားလုံး မဟုတ်ဘူး ကိုယ့်စိတ်ကိုယ် အသိဥာဏ် ဆေးသွင်းလည်း မိုက်မဲမြဲ မိုက်မဲ နေတတ်တယ်။ ချစ်ခြင်းဟာ ထူးဆန်းတယ် ချစ်သူအတွက် ရည်ရွယ်တဲ့အခါ တစ်သက်တာ မလုပ်ဖူးတဲ့ အလုပ်တွေလည်း လုပ်လာနိုင်တယ်။ တစ်သက်တာ မကြိုးစားဖူးသမျှလည်း ကြိုးစားဖြစ်သွားတယ်။ ချစ်ခြင်းဟာ ထူးဆန်းတယ် သူ မရှိလို့ မဖြစ်တော့ဘူးလို့ ယုံကြည်လာတဲ့အခါ အရာအားလုံး ရင်ဆိုင်ရဲလာတယ်။ ချစ်ခြင်းဟာ ထူးဆန်းတယ် နှစ်ယောက်တစ်ဘဝအတွက် ပန်းတိုင်ထားလိုက်တဲ့အခါ ဆုံးဖြတ်ချက် အဟောင်းတွေ စွန့်ပစ်လိုက်နိုင်တယ်။ ဆုံးဖြတ်ချက် အသစ်တွေ အကောင်အထည် ဖော်တတ်လာတယ်။ ချစ်ခြင်းဟာ ထူးဆန်းတယ် တစ်သက်တာအတွက် ရည်ရွယ်ပြီ ဆိုတဲ့အခါ မတူညီတာတွေ ညှိယူတတ်လာတယ်။ ကိုယ့် အတ္တတွေ လျှော့ချတတ်လာတယ်။ အနာဂါတ်ဘဝ လှဖို့ နှစ်ဦးအတူ ကြိုးစားတတ်လာတယ်။ ချစ်ခြင်းဟာ ထူးဆန်းတယ် ကောင်းချီးပေးသူ မရှိပေမယ့်လည်း နှစ်ယောက်တစ်ဘဝဟာ အရာရာ အဆင်ပြေနေတတ်ပြန်တယ်။ သိင်္ဂါကျော်

အကြွေပန်းပေမဲ့ ရွှေနန်းတော့ ထိုက်ချင်တယ်

ပန်းတပွင့်ဧ။်နိယာမ ဖူးမယ် ပွင့်မယ် နွမ်းမယ် ပြီးတော့ကြွေမယ်။ သဇင်တို့ လိုပင်မြင့်မှာနေ တော်ဝင်တဲ့ပန်းတော့မဟုတ်ဘူး အကြွေပန်းပေမဲ့ ရွှေနန်းတော့ထိုက်ချင်တယ်။ ဝေရင်လည်းမွေး ကြွေရင်လည်းမွေး နွမ်းရင်လဲမွေးတုန်းပါကွယ်။ လေအဝှေ့ မှာ ကြွေလွင့်တဲ့ ပန်းခရေ ကောက်ယူကာသီကုံး ဘုရားမှာလည်းတင် ခေါင်းမှာလည်းဆင် ပန်းဘုရင်တော့မဟုတ်ပေမဲ့…. နွမ်းရင်လည်းသိမ်းထားပါအုံးမယ်….။ ။

Thursday, June 11, 2015

ကြွေပါသော်လည်း မွှေး

ကုမုဒြာကြာဆိုတာ ... ညအခါလရောင်သာပါမှ ... ပွင့်တယ် ... ညမွှေးပန်းလေးတွေကတော့ ... ညနက်လေ ... မွှေးလာလေပါပဲ ... ကျွန်မကတော့ ... ကုမုဒြာအိပ်မက် ... မမက်ရဲပေမယ့် ... ညမွှေးပန်းလေးလို့တော့ ... စိတ်ကူးယဉ်မိတယ် ...။ ကျွန်မတို့အတွက် ... စပ်ဆိုထားတဲ့ ညမွှေးပန်း သီချင်းလေးတောင် ...ရှိသေးတယ်မဟုတ်လား အကိုရယ် ...။ ကျွန်မဘဝ အကြောင်းလား ... စုံလို့ပါ အကိုရယ် ... အားလုံးကိုခြုံပြောရရင်တော့ ... ဘဝပေးမကောင်းဘူးပဲဆိုပါတော့လေ ...။ အဖေက ဆုံး ... အမေ ဘယ်မှာမှန်းမသိ ... အကိုကထောင်မင်းသား ... ကျွန်မကတော့ ပြည့်တန်ဆာပေါ့ အကိုရယ် ...။ ကျွန်မ နာမည်လား ... ဟဟဟ ... ဒါလည်း အစုံပဲအကိုရေ ... ရှိသမျှပန်းနာမည်တွေ ... မြစ်နာမည်တွေ ... အကုန်ကျွန်မပဲပေါ့ ...။ တစ်ခါတစ်ခါ ကိုရီးယား ဂျပန် နာမည်လေးတွေတောင် ပေးလိုက်သေးတယ် ...။ ဟဟ ... အလုပ်ထဲမှာဆိုတော့ ဒီလိုပဲ အကိုရဲ့ ...။ သြော် ... အကိုရယ် ... ကျွန်မက ပျော်ပျော်ရွှင်ရွှင်နေတတ်သူပါ ...။ အမြဲတန်းပြုံးနေရသလို ... တစ်ခါတစ်ခါလည်း ရယ်မောပစ်လိုက်ရတာပေါ့ ...။ ဟုတ်မဟုတ်တော့မသိဘူး ... ရယ်မောချင်းဆိုတာ အသက်ရှည်စေတယ်လေ ...။ ပြည့်တန်ဆာဖြစ်နေရတဲ့အထဲ နေ့တိုင်းငိုနေရရင် သွားပြီပေါ့ ...။ ဒါပေမယ့်လည်း ... တစ်နေ့တစ်နေ့ ... နာရီတိုင်း စက္ကန့်တိုင်းမှာ ... နေ့ဆိုတာတွေက ပျောက်ဆုံး ပျက်သုဉ်း ... ညတွေညတွေပဲ ဘဝတွေဖြစ်ခဲ့ရ ... သန်းခေါင်ယံတွေကိုပဲ အဟာရအဖြစ် စားသုံးခဲ့ရသူပါ အကိုရယ် ...။ ယောက်ျားဆိုတာ ကျားတဲ့လား အကိုရဲ့ ...။ အဲဒီကျားတွေပဲ ကျွန်မတို့ရဲ့ အထိ အတွေ့ အယုအယအောက်မှာ ဝပ်ဆင်းသွားကြတာပါပဲ ...။ တစ်ကယ်တော့ ကျားတွေက ချစ်စရာပါ ... ရမ်းကားတဲ့သူပဲ မုန်းဖို့ကောင်းတာပါ ...။ မိန်းမဆိုတာက နူးညံ့မှကြိုက်တာလေ ... နော် ... အကိုရဲ့ ...။ ကြမ်းကြမ်းတမ်းတမ်း ရမ်းရမ်းကားကားနဲ့ အစားကျူးတဲ့ ကျားဘီလူး တွေကိုတော့ ရှောင်တယ် ...။ မတတ်သာလွန်းမှ တစ်ကြိမ် တစ်ခါပါပဲ ...။ ကျွန်မ ဒီဘဝရောက်တာလား ... အင်း ... မှတ်မှတ်ရရ ... တစ်ခုသော ဒီဇင်ဘာ ... (၁၆) နှစ် ပြည့်ကာစပေါ့ အကိုရယ် ...။ အဲဒီတုန်းက ပေါက်ဈေးကတော့ ဖလန်းဖလန်းပဲ အကိုရဲ့ ... သိတယ်မလား ... ဒီအရွယ်နဲ့ အသစ်ဆိုတော့ ...။ ပါကင်ဆိုတော့ လိုချင်လွန်းလို့ ဝိုင်းတောင် အလုခံရတဲ့ အခြေအနေ ... အဲသလို စင်ပေါ်မှာနေပြီး ဟိုးအောက်ဆုံးကိုရောက်အောင် လမ်းဖေါက်ခဲ့တာ ကျွန်မပေါ့ ...။ ဒါပေမယ့် ... အခုမှ ကျွန်မအသက် (၁၉) နှစ် ... သန်တုန်း မာတုန်း ... လှတုန်း ပတုန်း ... တောင့်တုန်း ဖြောင့်တုန်း ပါပဲ ...။ (၃) နှစ်ဆိုတဲ့ကာလ ... သန်းခေါင်ယံညတွေမှာ ... ကျားမှန်သမျှ ယုန်ဘဝ ပြောင်းပေးခဲ့တာ ... ကျွန်မပဲပေါ့ အကိုရယ် ...။ သစ္စာတွေ မေတ္တာတွေ ဟုတ်လား အကို ... အချစ် ... ဟဟဟ ... အချစ်တဲ့လား အကို ...။ လှပါတယ် ... တစ်ကယ်ပါ ... စကားလုံးတွေပါ ...။ လူတွေက ဒီစကားလုံးတွေနဲ့ပဲ ... ဟန်ဆောင် လှည့်ဖြားနေကြတာ ...။ ကျွန်မ မှားချင်ရင်မှားမယ်လေ ... ဒီဘဝထဲမှာ ဒီစကားတွေကတော့ ဟာသတွေပဲ အကိုရယ် ...။ လှောင်တာ မဟုတ်ပါဘူးနော် ... ဒီစကားတွေကြားရတာ ဘာမှန်းမသိ အလိုလို နာကြည်းလာလို့ ...။ ဒီခေတ်ကြီးလည်း အကိုကြည့်ပါဦး ... ပေတံတွေ အများကြီးရှိရက်နဲ့ ငွေပေတံကပဲ စံတစ်ခုလိုဖြစ်နေပြီ ...။ ငွေပေတံနဲ့ တိုင်းမှ မှန်တယ်ထင်ကြတဲ့ခေတ် ...။ ငွေကိုလိုချင်ကြတယ် ... ငွေကလိုလည်းလိုတယ် ... ဒီလိုနဲ့ပဲ ငွေရှာကြတယ် ...။ သူတောင်းစားလည်း ငွေလိုချင်တာပဲ ...။ သူဌေးလည်း ငွေလိုချင်တာပဲ ...။ ကျွန်မလည်း ငွေလိုချင်တာပဲ ...။ ဒီတော့လည်း ငွေဆိုတာ ရှာရတော့တာပေါ့ ...။ လူမှန်ရင် ဒီတစ်ချက်တော့ လာတူကြတာချည်းပါပဲ အကိုရယ် ...။ ဟင်း ... ... ... မတူတာက ဘယ်လိုရှာကြလည်းဆိုတာပဲ ထင်ပါတယ် ...။ ကျွန်မ စဉ်းစားတယ် အကိုရယ် ... ပြည့်တန်ဆာရတဲ့ငွေ သန့်မသန့်ပေါ့ ...။ အချိန်ရတိုင်း စဉ်းစားမိတယ် ... သေသေချာချာ သုံးသပ်တယ် ...။ ဒါပေမယ့် ကျွန်မ အာမခံရဲတယ် အကို ... ကျွန်မရဲ့ ငွေတွေက သန့်ရှင်းတယ် ...။ ဒီငွေတွေဟာလေ ... ဘယ်သူ့ဆီကမှလည်း မခိုးထားဘူး ... အဓမ္မသိမ်းပိုက်ထားတာလည်းမဟုတ်ဖူး ... ကလိမ်ကကျစ်ကျပြီး ရထားတဲ့ငွေတွေလည်း မဟုတ်ဖူး ... ကျွန်မတို့ရဲ့ ငွေတွေဟာ ရောင်းသူဝယ်သူ ကြည်ဖြူလို့ ရလာတဲ့ငွေတွေပါ အကို ...။ ကျွန်မလက်ထဲက ငွေတွေအားလုံးအတွက် ကျွန်မ လိပ်ပြာသန့်တယ် ...။ ဒါပေမယ့် ရင်နာရတယ် ... သိပ်ခံပြင်းတယ် ... တစ်ကယ်ပေါက်ကွဲရတယ် အကိုရယ် ...။ ကျွန်မတို့ကို ဖာ ဆိုတဲ့ဘွဲ့ကြီးတပ် ... ပြည့်တန်ဆာ ဆိုတဲ့ဘွဲ့ကြီးတပ် ... ဝိုင်းနှိမ်လိုက်ကြတာများ ... လူကို လူလို မမြင်လိုက်ကြပုံများ ... စကားလုံးအလှလှ သုံးတတ်တဲ့သူတွေ ... လူသားပီသပါလေစွ ...။ အဲဒီလူတွေ တွေ့ရင်လေ ... မျက်လုံးချင်းဆိုင် ... စူးစူးရဲရဲကြည့်ပြီး မေးလိုက်ချင်တယ် ... ကိုယ့်လိပ်ပြာကို ကိုယ်လုံပါရဲ့လားပေါ့ ...။ ဖြစ်နိုင်ရင် ရတဲ့ငွေချင်းယှဉ်ပြီး လျှော်ဖွတ်ပြလိုက်ချင်တယ် ...။ သေချာတယ် ... ကျွန်မရှာတဲ့ ငွေတွေထဲကတော့ ... သွေးစက်တွေ မျက်ရည်တွေ နာကျဉ်းမှုတွေ မတရားမှုတွေ ထွက်လာမှမဟုတ်ဖူး အကို ...။ ထားပါ အကိုရယ် ... တော်ပါပြီ ... အမုန်းမပွားချင်ပါဘူး ...။ ကြားဖူးနားဝ စာတစ်ကြောင်းတောင်ရှိသေးတယ် ... ဘာတဲ့ ... "The customer is always right." ဆိုလားပဲ ...။ ဟ ဟ .. ဟ ဟ ...။ ကျွန်မတို့ဟာ ရပ်တည်ဖို့ ငွေလိုချင်ကြပေမယ့် ငွေကို မမက်မောပါဘူး ...။ ဒီငွေတွေက စားဖို့ သောက်ဖို့ ... လှဖို့ ပဖို့ ... ပြီးတော့ ကျွန်မတို့ရဲ့ ကျန်းမာရေး ... ဒါတွေအတွက် ရှာဖွေရတာတွေပါ ...။ ဆယ်သက်သုံးမကုန် ဖြုန်းမကုန်အောင် ငမ်းငမ်းတက် ရှာနေတာလည်း မဟုတ်ပါဘူး အကို ...။ ရှာဖို့ အခွင့်အရေးကလည်း မရှိဘူးလေအကိုရယ် ... မြန်မာပြည်မှာ အခွင့်အရေးဆိုတာက ကျွန်မတို့လိုလူတန်းစားနဲ့ ဘာဆိုင်တာမှတ်လို့ ...။ အခွင့်အရေးဆိုတာက အိပ်မက် ... သုံးစားလို့မရဘူး ... ငွေနဲ့လဲယူလို့မရဘူး ... မေ့ပစ်လိုက်တယ် ...။ လိုတဲ့ငွေကို ရှာတယ် ... ဒီကိုယ်ခန္ဓာနဲ့ ရင်းပြီးရှာတယ် ... သမာအာဇီဝပဲ ... ဘယ်သူငြင်းချင်လဲ ... ဘယ်သူငြင်းရဲလဲ ...။ ရတဲ့ငွေနဲ့ ကျွန်မ ရပ်တည်တယ် ... ပြီးတော့ ကျွန်မ လှူလည်းလှူပါတယ် ...။ အဲဒီလိုအခါမျိုးလေ ... ရင်ထဲမှာ တစ်မျိုးကြီးပဲ အကိုရယ် ... ပီတိဖြစ်တာလား ... ဝမ်းနည်းတာလား ... ဖေါ်မပြတတ်အောင်ပဲ ခံစားချက်က ပြင်းလွန်းတယ် ...။ မျက်ရည်တွေ အဲဒီအခါ ထိန်းမရတော့ဘူး အကိုရယ် ...။ ဘာကြောင့်မှန်း မသိဘူး ...။ ဘတ်စ်ကားမှတ်တိုင်မှာ ... ဓါတ်တိုင်အောက်မှာ ... ဖင်လေးလှုပ် ခါးလေးနွဲ့ မျက်စပစ်ပြီး မထီတရီ ချိုအီအီလုပ်နေလို့ ... ကျွန်မတို့တွေ ပျော်နေတယ်လို့တော့ မထင်လိုက်ပါနဲ့ ... ပေါ့ပေါ့နေ ပေါ့ပေါ့စားဆိုပြီးတော့လည်း ... မှတ်ချက် မပေးလိုက်ပါနဲ့ အကို ...။ တစ်ကယ်တော့ ပြည့်တန်ဆာဘဝဆိုတာ ... နေ့တစ်ဓူဝ ရုန်းကန်နေရတာပါ ...။ သမာအာဇီဝ ငွေလေး ... တစ်ပဲနှစ်ပြားရဖို့ကို ... စိုးတစ်ထင့်ထင့်နဲ့ ရှာဖွေရတဲ့ ဘဝတွေပါ အကို ...။ ဘဝပေးမကောင်းခဲ့လို့ ... မရှိလို့ ... ခန္ဓာကိုယ်အသွေးအသားကို ရင်းနှီးပြီး ... ရှာဖွေစားရတဲ့သူတွေကို ... မထင်ရင် မထင်သလို ဥပဒေကြီးကိုင်ပြီး ထောင်ထဲထည့်တာတော့ လွန်တာပေါ့အကိုရယ် ...။ ရောင်းသူ ဝယ်သူ ကြည်ဖြူ အဆင်ပြေနေတဲ့ပွဲမှာ ... ပေါများလို့ ဝယ်တဲ့သူတွေကို ဘာမှမလုပ်ပဲ ... မရှိလို့ ရောင်းတဲ့သူကိုမှ ထောင်ထဲထည့်ကြတာ တရားသလား အကိုရယ် ... ဒါ တရားသတဲ့လား ...။ ဟားဟား ... မြန်မာ့လူ့အဖွဲ့အစည်းကို ပျက်စီးစေတယ် ဟုတ်လားအကို ...။ ရာဇဝင်ထဲမှာလည်း ကျွန်မတို့ရှိပါတယ် ... သမိုင်းမှာလည်း ကျွန်မတို့ရှိပါတယ် ... အော် ... ဝေးတာတွေပြောလို့ လည်ကုန်ဦးမယ် ... အခု ကမ္ဘာ့နိုင်ငံတိုင်းမှာလည်း ရှိနေတာပဲ အကို ...။ အဲဒီနိုင်ငံတွေဟာ ကျွန်မတို့လို ဖာတွေကြောင့် ပျက်စီးသွားကြပြီလား ... ဟင် ... ဖြေပါဦး ...။ မြန်မာပြည်မှာ ကျွန်မတို့လို ဖာတွေ မရှိအောင်ရှင်းချင်ရင်လည်း ... လူတိုင်းလူတိုင်း ဖာတွေနဲ့ ကင်းအောင် ရှင်းအောင် နေလေ ... အဲဒီ ဥပဒေဘက်တော်သားတွေကအစ ... ကင်းအောင် ရှင်းအောင် နေကြလေ ... မဟုတ်ဖူးလား အကို ...။ မလိုတစ်မျိုး လိုတစ်မျိုး ... အခုတစ်မျိုး တော်ကြာတစ်မျိုး စည်းကမ်းတွေ စီမံချက်တွေက ... တစ်ကယ့် တစ်ကယ်တော့ ဘယ်သူ့ကိုမှအကျိုးမပြုပါဘူး ...။ လူကိုမုန်းတော့ မူကိုသုံးပြီး ကျွန်မတို့ကို ထောင်ထဲ ထည့်တယ် ... လူကိုခင်တော့ မူကိုပြင်ပြီး ကျွန်မတို့ကို အိပ်ခန်းထဲ ထည့်တယ် ... မျိုးစုံကို ထည့်တော့တာပဲ ကောင်းလေစွ ...။ ကျွန်မတို့ကတော့ တစ်ကယ့်ကို အခံဘက်ကချည်းပါ ...။ လုပ်တုန်းကလုပ်တော့လည်း ခံလိုက်ရတာပါပဲ ... လုပ်ချင်တာလုပ်တော့လည်း ခံလိုက်ရတာပါပဲ ...။ အော်ဟစ်ပြီး ရယ်ပစ်လိုက်ချင်တယ် ... အို အသင်လောက ... ပြည့်တန်ဆာဘဝ ဘယ်လောက်များလှလိုက်သလဲလို့ ...။ ကျွန်မက ကလိမ်စေ့ငြမ်းဆင်ပြီးပြောတာ မဟုတ်ပါဘူး ... ဟိုး အရင့်အရင်ထည်းက ပြည့်တန်ဆာဆိုတာ ရှိပြီးသား ...။ ဒီဘက်ခေတ်ရောက်တော့ ကျွန်မတို့ကို ဖာ တွေလို့ခေါ်ကြပြန်တယ် ...။ ပြည့်တန်ဆာဆိုတာ ရှည်လို့များလား ... ဒါမှမဟုတ် ကျွန်မတို့လူတန်းစားကို သက်သက်နှိမ်ချင်လို့လားတော့ ကျွန်မမသိဘူး ...။ ဒါပေမယ့် ... မြို့အင်္ဂါ ပြည့်အင်္ဂါထဲမှာ ကျွန်မတို့ပါတယ် ... ကျွန်မတို့မှာလည်း သမိုင်းနဲ့ ရာဇဝင်နဲ့ပါ အကို ...။ ပေထက်အက္ခရာတင်ထားတာ ... လေ့လာသူတိုင်း သိတယ် အကို ...။ အကိုက စာတွေဖတ်တော့ သိမှာပေါ့ ... ကောင်မလေးတစ်ယောက် ... သူ့ရဲ့ ချစ်သူရည်းစား ရန်သူတွေနဲ့ တိုက်ရင်းနဲ့ သေသွားတဲ့အခါ ... ကောင်မလေးက သူ့ချစ်သူအတွက် ကျူးကျော်သူတွေကို တော်လှန်ပစ်ချင်တယ်လေ ... ရန်သူတွေကို ... သတ်ပစ်ချင်နေတာပေါ့ ... ဒီလိုနဲ့ ရန်သူတွေကို ချည်းကပ်ရင်းနဲ့ အခွင့်အရေးရှာရင်းနဲ့ သူလည်း ပြည့်တန်ဆာဖြစ်သွားတယ် ... နောက်တော့ ဆစ်ဖလစ်ရောဂါ ရလာရော ... သူက အဲဒီရောဂါကို မကုဘူး ... မွေးထားလိုက်တယ် ... ပြီးတော့ ရန်သူတွေနဲ့ ဆက်တိုက်ဆိုသလို ဆက်ဆံတော့တာပဲ ... သူ့ရဲ့ လက်စားချေနည်းလေ ... သူက ချောလည်းချော ဆွဲဆောင်မှုကလည်း အပြည့်ဆိုတော့ ... အရာရှိတွေလည်း သူမှသူပဲ ဖြစ်နေတော့တာလေ ... ဒီလိုနဲ့ သူ့ရဲ့ လူမသိသူမသိ လက်နက်နဲ့ ... ရန်သူတော်တော်များများကို ရောဂါကူးစက်စေပြီး ... ရန်သူတွေအတွက် မရဏတံခါးကို သူကိုယ်တိုင် ကျယ်ကျယ်ဖွင့်ပေးခဲ့တယ် ...။ ဒါပေမယ့် သူ့ချစ်သူက မသေပဲ ပြန်တွေ့တဲ့အချိန်မှာတော့ ... သူက ဆေးရုံပေါ်မှာ ရောဂါကျွမ်းနေပြီ ...။ သူသတ်ခဲ့တဲ့ ရန်သူတွေ ဘယ်လောက်များလဲဆိုတာ သူ့ချစ်သူကို ပြောပြနေရှာတယ် ...။ သူဘယ်လောက်ပဲ ရန်သူတွေကို နှိမ်နင်းခဲ့ နှိမ်နင်းခဲ့ ... ... ... ဒါပေမယ့် အကိုရယ် ... သူကလေ ... သူက ... သူ့ဘဝက ပြည့်တန်ဆာပဲ ...။ သူရဲကောင်းဖြစ်ခွင့် မရလိုက်ပါဘူး အကိုရယ် ... ချစ်သူရဲ့ စက်ဆုတ်ရွံရှာမှုတောင် ခံလိုက်ရသေးတယ် ...။ အသိအမှတ်ပြုခံရဖို့ဆိုတာတော့ ဝေလာဝေး အကိုရေ ...။ သြော်... ကျွန်မကြေကွဲရတယ် ... ပြည့်တန်ဆာဆိုတာ ဒီလိုတွေချည်းပါလားပေါ့ ...။ ဒီအကြောင်းလေးက အကိုတို့လို စာပေသမားတစ်ယောက်ပဲ ကျွန်မကိုပြောပြသွားတာ ...။ ကမ္ဘာကျော်တဲ့ ဝတ္ထုလေးတစ်ပုဒ်တဲ့ ...။ ကျွန်မဆီကို ဒီလိုလူတွေလည်း လာကြတယ်လေ အကိုရဲ့ ...။ လူတွေက အလွှာစုံပါတယ် ...။ စကားတွေ ကောင်းနေလိုက်တာနော် ... ဒါပေမယ့် ပြောရဦးမယ် ... ကျွန်မကို ပြည့်တန်ဆာမှုနဲ့ ထောင်ချတယ် ... (၂) ခေါက်တော့ရှိပြီ ...။ စီမံချက်တွေ ဘာဘာညာညာတွေနဲ့ ... ခဏခဏ ဆွဲစိတာ မပါဘူးနော် ... ဒါ အကြီးစားကိုပြောတာ ...။ ဒီတစ်ခါတော့ ဒီကိုရောက်လာပြီ ... အဝင်မှာ ဖတ်လိုက်ရတယ် ... အမျိုးသမီးများပြုစုစောင့်ရှောက်ရေးဌာန တဲ့ ...။ ထောင်ကျတာထက်တော့ ပိုကောင်းပါတယ် ... အစိုးရဌာန သုံးခုလောက်ပေါင်းပြီး ဖွင့်ထားတာလေ ...။ တစ်ကယ်တော့ အကိုမြင်တဲ့အတိုင်းပါပဲ ... ထောင်တစ်ခုလိုပါပဲ ...။ ပြည့်တန်ဆာမှု ... ဟိုအမှု ... သည်အမှု နဲ့ ထောင်ကျတဲ့သူတွေ ဆေးစစ်တယ် ...။ HIV Positive တွေ့ရင် ဒီကိုပို့တယ် ... ... ...။ ဒီမှာက ဇာပန်းထိုး ... စက်ချုပ် ... သစ်ပင်စိုက် ... ဘာသာရေးကအစ အကုန်သင်ပေးတယ် အကို ...။ ပြီးတော့ စာလည်း သင်ပေးသေးတယ် အကို ...။ ဒါပေမယ့် ဒီမှာက ကျွန်မတို့ကို (၁) နှစ်ထက် ပိုပြီး ထားခွင့်မရှိဘူး ...။ ဒီတော့လည်း (၁) နှစ်ပြည့်သွားရင် ကျွန်မတို့ ပြန်လွှတ်ရတယ် ... ... ...။ စောစောကပြောသလိုပေါ့ ... သင်ပေးတယ်ဆိုတော့ ပညာပေါ့ အကိုရယ် ...။ ဒါပေမယ့် ကျွန်မတို့က ပြည့်တန်ဆာတွေလေ ... ပညာတတ်ဘွဲ့ရတွေမှ မဟုတ်တာ ...။ ဒီနိုင်ငံမှာ ပညာတတ် ဘွဲ့ရတွေတောင် အလုပ်လေး တစ်ခုရဖို့ အနိုင်နိုင်ရယ် ... ဖာသည် ထောင်ကထွက်တော့ ဘာဖြစ်ဦးမှာတုန်း ... ဖာသည်ပဲပေါ့ ...။ ကျန်တဲ့သူတွေလည်း ဒီလိုပဲလေ ... ဒီကိုလာ ... ဒီကထွက် ... ဒီဘဝပဲပြန်ရောက် ...။ တစ်ကယ်တော့ စနစ်တွေကိုက အများကြီးလိုတယ် အကိုရယ် ... အခုဟာက ပြီးပြီးရော နိုင်လွန်းတယ် ...။ အခုဆိုကြည့် ... ကျွန်မက HIV Positive နဲ့ ... ဒါပေမယ့် ကျွန်မတော့ ဒါဖြစ်နေပါပြီလို့ လျှောက်ပြောမှာမဟုတ်ဖူး အကို...။ ဒီတော့ ကျွန်မ Condom လေးတွေ အမြဲဆောင်ထားတယ် ... ဒါ အခုမှမဟုတ်ဖူးနော် ... ကျွန်မ ဒီဘဝထဲရောက်လို့ လုပ်သက်လေးရပြီး အတွေ့အကြုံရှိလာတဲ့အခါတည်းက စပြီး ဆောင်ထားတာ ...။ နောက်တော့ အဲဒီ Condom ကိစ္စ ပြောပြဦးမယ် ... ဘယ်လောက် ခံပြင်းဖို့ကောင်းလိုက်လဲဆိုတာ ...။ အခုတော့ ကျွန်မ ... ကျန်းမာရေးကို အရင်ထက် ပိုဂရုစိုက်တယ် ...။ ကိုယ် သောက်ရမယ့်ဆေးကို ညွှန်ကြားချက်အတိုင်း ဝယ်လို့ရရင်သောက်တယ် ...။ NGO တွေလား ... တစ်ခါတစ်ခါ လာတတ်ပါတယ် ... ဒါပေမယ့်အကိုရယ် ... ဆေးဝါး မလုံလောက်တာတွေ ... ကျွန်မတို့ မသိရတဲ့ အခက်အခဲတွေ ... အို ... ပြဿနာတွေက စုံလို့ အကိုရယ် ... ဒီလိုတွေနဲ့ ဒီဘဝတွေထဲက ဘယ်လိုများ ရုန်းထွက်နိုင်ဦးမှာလဲ အကိုရယ် ...။ အမျိုးသားရေးအသွင် ... ဟုတ်လား ... စကားလုံးတွေကတော့ ခန့် .. ငြား .. ထယ် .. ဝါ .. ပါတယ် အကို ...။ ဒါပေမယ့် ထိရောက်မှုမှမရှိပဲ ... ကျွန်မတို့က အမြင်အတိုင်း ကျွန်မတို့ပဲလေ ... ပြောင်းလဲမှုမရှိ ...။ အသစ်လေးတွေတောင် ဈေးကွက်ပေါ်မှာ စီစီရီရီရယ် ... သူတို့လေးတွေအတွက်လည်း တစ်ကယ်ပါ ... စိတ်မကောင်းဘူး ...။ ဒါပေမယ့်လည်း သင်ပေးရတာပေါ့လေ ...။ သြော် ... ဟဟ ... တစ်မျိုးမထင်ပါနဲ့ အကိုရယ် ... ကျွန်မတို့လို မဖြစ်အောင်ပေါ့ ... ဒီဘဝထဲရောက်နေပြီဆိုပေမယ့် ဒီထက်ဆိုးတဲ့ အခြေအနေမျိုး မဖြစ်အောင်ပေါ့ ... ပြည့်တန်ဆာဘဝကို ပြည့်တန်ဆာပဲ ကိုယ်ချင်းစာနားလည်နိုင်တယ် အကို ...။ ဒီ့အပြင်လူ နားလည်ပါတယ် ကိုယ်ချင်းစာပါတယ်ဆိုတာ ... ဒီဘဝထဲကလူလောက်တော့ မဖြစ်နိုင်ပါဘူး ... မစစ်နိုင်ပါဘူး ...။ ဟုတ်တယ် အကို ... နောက် တစ်ပတ် နှစ်ပတ်လောက်ဆို ကျွန်မကို ဒီကနေ လွှတ်ပေးတော့မယ် ...။ ဒီမှာလေ ... သိလား ... အသိုင်းအဝိုင်းကောင်းပြီး ရောက်လာတဲ့သူတွေလည်း ရှိတယ် ...။ ဟဟ ... ဝါသနာပါလို့လား ဆိုတာတော့ ... ကျွန်မလည်း နားမလည်ပါဘူး ...။ ကိုယ်ကတော့ လူငယ်ဆိုတော့ ငွေရတယ် ... ဝတ်မယ် ... စားမယ် ... ပျော်မယ်ပေါ့လေ ... ဒါနဲ့ပဲ ဒီဘဝထဲ ... ဟင်း ...။ ဟင် ... မဆင်းရဲရင် ... ပညာတတ်ရင် ဟုတ်လား အကို ...။ ဟိုမှာလေ ... သူတို့က တက္ကသိုလ်ကျောင်းသူလေးတွေ ... ဒီ့အပြင် တစ်ခြားသူတွေလည်း ရှိသေးတယ် ... မပြောတော့ပါဘူး ...။ ဟုတ်တယ်နော် ... စဉ်းစားစရာပဲ ...။ ပြီးတော့ မိန်းကလေးတိုင်း ဖြစ်မှ မဖြစ်ပဲ ...။ အဖြစ်နိုင်ဆုံးကတော့ ဆင်းရဲမွဲတေမှုကြောင့်လို့ ထင်တယ် အကို ...။ အဲ ... ရှိသေးတယ် ... မြန်မာပြည်မှာက ဈေးပေါတယ်တဲ့ ...။ အဲဒါ နိုင်ငံခြားသားတွေ ပြောပြတာ ...။ ဟုတ်တယ် အကိုရယ် ... အခုတော့ နေရာတော်တော်များများ ပွင့်လင်းလာတယ် ...။ မရှိဆင်းရဲ ပညာတတ် သမီးပျိုလေးတွေ အတွက်တော့ အရမ်းရင်လေးတယ် အကိုရယ် ...။ ပြည့်တန်ဆာဘဝ ပြည့်တန်ဆာခံစားချက်က သိပ်ပဟေဠိဆန်တယ် ... ကိုယ့်အသိုင်းအဝိုင်း ကြီးထွားမလာစေချင်ဘူး ... အသစ်အသစ်တွေ ရောက်မလာစေချင်ဘူး ... ကိုယ့်လို သူများကို မဖြစ်စေချင်တဲ့စေတနာ ...။ ကျွန်မတို့ဘဝက တစ်ကယ်ကြမ်းတယ်လေ ... အခုဆို HIV Positive တောင်ပြနေပြီ ...။ Condom ကိစ္စပြောရတော့မယ် ... စောစောကပြောသလိုပဲ ... ဟိုတုန်းထဲက ကျွန်မသုံးတာပေါ့ ...။ ယောက်ျားသုံးရော မိန်းမသုံးရော နှစ်မျိုးစလုံးဆောင်ထားတယ် ...။ တစ်ချို့ကလည်း မကြိုက်ဖူးအကိုရယ် ... ဘယ်လိုပြောပြောမရဘူး ...။ ကျွန်မပြောခဲ့တဲ့ ကျားဘီလူးဆိုတာ အဲဒါမျိုးတွေလည်း ပါတာပေါ့ ...။ ပြီးတော့လေ ... သိပ်ရင်နာဖို့ကောင်းတဲ့အဖြစ် ... ကျွန်မတို့က ကိုယ့်အလုပ်နဲ့ ကိုယ့်အသိစိတ်ဓါတ်နဲ့ Condom ကိုဆောင်ထားတယ် ...။ အဲဒီမှာ စီမံချက်နဲ့ လိုက်ဖမ်းလို့ကတော့ အဲဒီ Condom က သက်သေပဲ ... အဲဒီမှာ သွားရောပဲ ...။ ဒီမိန်းမ ဒီမှာတွေ့လား ... Condom ဆောင်ထားတယ် ... မငြင်းနဲ့ ... ဝင်ပေတော့ပဲ ...။ ကဲ ... အကို ... စဉ်းစားသာကြည့်ပေတော့ ... အဲဒါ ကျွန်မတို့ရဲ့ ဘဝပဲ ...။ စနစ်မရှိ စည်းမရှိ ... လုပ်ချင်တိုင်းလုပ်နေတဲ့တိုင်းပြည်မှာ ဖာချင်းယှဉ်ရင်တောင် ကိုယ်က ဟိုး ... အောက် ...။ သိပ်ရင်နာဖို့ကောင်းတယ် ... ... တစ်ကယ် ... ...။ တစ်ခုတော့ သတိပေးရဦးမယ် အကို ... ဗဟုသုတပါ ...။ သာမန် မိန်းကလေးတစ်ယောက်ကို ... မသင်္ကာလို့ စစ်လားဆေးလားလုပ်ရင် Condom တွေ့လို့ကတော့ ... ရိုးရိုးသားသား ဆောင်ထားတဲ့သူကိုတောင် ဖမ်းလို့ရတယ်နော် ...။ ရောဂါ ကာကွယ်ရေး ပစ္စည်းကို ကိုင်ဆောင်မှုနဲ့ ဖမ်းတာ ဒီတစ်နိုင်ငံပဲ ရှိမယ် ထင်ပါရဲ့ အကိုရယ် ...။ ယောက်ျားတွေကိုင်တာကျတော့ ဘာမှမဖြစ်ဖူး ...။ အဲဒါ သတိထားဖို့ပြောတာ ...။ မြန်မာပြည်မှာ မိန်းမနဲ့ ယောက်ျား တန်းတူအခွင့်အရေးရှိတယ်ဆိုတာ ... ဟဟ ... ဘယ်လိုပြောရမလဲပေါ့နော် ... အဲဒါတွေသာကြည့်တော့လို့ ပြောရတော့မှာပဲ ...။ ပြောရရင် အများကြီးပါပဲ အကိုရယ် ...။ မရှိလို့ လုပ်စားပါတယ်ဆိုမှ ဟိုလူကြောက်ရ ဒီလူကြောက်ရနဲ့ ...။ အသိုင်းနဲ့ အဝိုင်းနဲ့ အကာအကွယ်နဲ့ လုပ်စားပြန်တော့လဲ ... ကျွန်မတို့ရတာက နည်းနည်းရယ် ... ခေါင်း ဆိုတဲ့ဟာတွေကမှ ငွေရများသေးတယ် ...။ သူတို့ကလည်း သူတို့ဆင်ခြေနဲ့ သူတို့ ... လိုင်းကြေးတွေ ဘာတွေနဲ့ပေါ့ အကိုရယ် ... သိတယ်မဟုတ်လား ...။ ဟုတ် ... အကို ...။ ဒီက ပြန်ထွက်ရင် ဒါပြန်လုပ်ဦးမလားဆိုတော့ ... မလုပ်တော့ပါဘူးလို့ စဉ်းစားထားတယ် ...။ စုဆောင်းထားတာလေးတွေနဲ့ ရပ်တည်ကြည့်မယ် ...။ လုပ်ဖေါ်ကိုင်ဖက်တွေနဲ့လည်း တိုင်ပင်မှာပေါ့ ... သူတို့လည်း ဘယ်သူမှ ဒီဘဝကြီးကို တပ်မက်နေတာမှမဟုတ်ပဲလေ ...။ အကယ်၍များပေါ့ ... ဒီလောကထဲ ပြန်ရောက်သွားရင်လည်း ... အလုပ်လုပ်ရင် စည်းကမ်းပိုပြီးတော့ ထားရတော့မယ် ...။ Condom ကိုတော့ မဖြစ်မနေ သုံးမှရတော့မယ် ... ကျွန်မက ကိစ္စမရှိတော့ဘူးလေ ... ထမင်းရှင်တွေက အရေးကြီးတယ် ...။ စောစောက ပြောပြတဲ့အထဲကလို ... ရန်သူတွေနဲ့ ဆက်ဆံနေတာလည်း မဟုတ်ဖူး ...။ ကိုယ့်ကြောင့် သူများကို ဒုက္ခမရောက်စေချင်ဘူး ...။ ကျွန်မ ဒီထက် သတ္တိရှိလာရင်တော့ ပွင့်ပွင့်လင်းလင်း ကြေငြာလိုက်မယ် ...။ ဒါပါပဲ အကို ...။ ဟုတ် ... ဘာပြောချင်သေးလဲ ... ဟုတ်လား ...။ အကိုကတော့ တစ်ကယ် နားထောင်ပေးနိုင်တဲ့သူပဲ ...။ ကျေးဇူးတင်ပါတယ် အကိုရယ် ...။ ပြောဆိုလို့ ပြောမယ်နော် ... အခု နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်လာပြီ ... တော်တော်များများ ပွင့်လင်းလွတ်လပ်တယ်ပေါ့လေ ... ဒီတော့ ပြည့်တန်ဆာဥပဒေကို ပြန်စဉ်းစားသင့်ပြီထင်တယ် ...။ ခေတ်တိုင်း စနစ်တိုင်းမှာ ပြည့်တန်ဆာဆိုတာ ရှိနေမှာပဲ အကို ...။ လုံးဝ အမြစ်ပြတ်နှိမ်နင်းနိုင်ရင်တော့ ကျွန်မတို့လည်း ကြိုဆိုမှာပါ ...။ ဒီလိုမှ မလုပ်နိုင်သေးရင်တော့ ... ပြည့်တန်ဆာဥပဒေကို ပြင်သင့်တာတွေ ပြင် ... စည်းကမ်းရှိရှိ ... စနစ်ကျကျ ... ဆေးစစ်တာတွေ ... မှတ်ပုံတင်တာတွေ လုပ်သင့်ပြီထင်တယ် အကို ...။ ပြည့်တန်ဆာတွေကို စောင့်ရှောက်နိုင်အောင် တရားဝင် မှတ်ပုံတင်ခိုင်းဖို့ လိုပါပြီ ...။ ဥပဒေဆိုတာ နိုင်ငံသားတွေရဲ့ အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့လေ ... ဒီအတိုင်းပဲ ဖြစ်ရမှာမဟုတ်လား အကို ... အဲဒီလိုမဟုတ်ပဲ ဥပဒေဆိုတာ နိုင်ငံသားတွေကို ပါးပါးလှီး နားရင်းတီးပြီး ထောင်ချောက်ဆင်ဖို့ ဗျင်းဖို့ဆိုရင်တော့ ... အကိုပြောပြောနေသလိုပဲ ... အဲဒါ ဥပဒေမဟုတ်တော့ဘူး ... တရားဥပဒေလို့ မခေါ်တွင်နိုင်တော့ဘူး ... အဓမ္မဝါဒဖြစ်သွားပြီ ...။ ကျွန်မ မဏ္ဍပ်တိုင်တက်တာ မဟုတ်ဖူးနော် အကို ... ဒီကိစ္စကို ကျဉ်းကျဉ်းလေး မတွေးစေချင်ဘူး ...။ လူတွေကို အမြင်မကျဉ်းစေချင်ဘူး ...။ သေသေချာချာ စဉ်းစားကြည့်ပါ ... ကျွန်မတို့လည်း မြန်မာနိုင်ငံသားတွေပါ ... တရားဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုအောက်မှာ ရှိကိုရှိသင့်တယ် ...။ ဟုတ်တယ် မဟုတ်လား အကို ...။ ဒီလိုလုပ်တော့မှ နောက်ဆက်တွဲ ပြဿနာ တော်တော်များများကို ဖြစ်မလာအောင် တားဆီးနိုင်မှာ ...။ ဆေးစစ်တာတွေလည်း မှန်မှန်ကန်ကန်လုပ်ပြီး မှတ်တမ်းမှတ်ရာတွေ ပြုစုထားစေချင်ပြီ ...။ ရောဂါရှိမရှိဆိုတာ ဘယ်သူမှ အမြင်နဲ့ ဆုံးဖြတ်လို့ မရဘူးလေ ... ဟုတ်တယ်မလားအကို ...။ ကျွန်မတောင် ရောဂါရှိတဲ့အကြောင်းပြောလိုက်တော့ အကို အံသြသွားတယ်မလား ...။ အပြင်မှာတွေ့ရင်တောင် သူသူကိုယ်ကိုယ် ခွဲမရဘူးလေ ... ကျွန်မတို့လို တစ်ကိုယ်ရေ သန့်ရှင်းရေးကအစ ခြေဆုံးခေါင်းဆုံး ဂရုစိုက်တဲ့သူတွေဆို ... အမြင်အတိုင်းပဲ လန်းနေတာပဲ မဟုတ်လား ...။ အဲဒါပဲ အကို ... ဒီကထွက်ပြီး ဒီဘဝထဲရောက်မယ့်သူ ဘယ်လောက်ရှိမလဲ ... ကျွန်မလည်း မခန့်မှန်းနိုင်ဘူး ... အကိုလည်း မခန့်မှန်းနိုင်ဘူး ... သိပ်ကြောက်စရာကောင်းတယ် ...။ စည်းနဲ့ စနစ်နဲ့ သေသေချာချာ လုပ်ပေးပါလို့ပဲ ကျွန်မ တောင်းဆိုချင်တယ် အကိုရယ် ...။ ဟဟဟ ... အကိုရယ် ... ကျွန်မရုပ်ရည်နဲ့ ယောက်ျားကောင်းတစ်ယောက် ရနိုင်တယ်တဲ့လား ...။ တစ်ထောင်မှာ တစ်ယောက် ကောင်းကောင်းဆွဲထုတ်ပြီး တည်တည်တံ့တံ့ ပေါင်းသင်းနိုင်သတဲ့လား ...။ အကိုကလေ ... စိတ်ကူးသိပ်ယဉ်တတ်တာပဲ ... ကျွန်မက ပြည့်တန်ဆာပေမယ့် မိန်းကလေးပါအကိုရယ် ...။ ပိုပြီး စိတ်ကူးယဉ်တတ်တာပေါ့ ...။ ဒါပေမယ့် ... ဒီအချိန်မှာ ဒါမျိုးပြောရတာ ရယ်စရာကြီးပါနော် ...။ ကျွန်မ ယောက်ျားတွေ အများကြီး ရခဲ့ပြီးပြီပဲ အကိုရယ် ... ... ...။ စိတ်ကူးယဉ်ဖို့ထက် လက်တွေ့ဘဝကိုရင်ဆိုင်ဖို့ ကျွန်မသတ္တိမွေးရတော့မယ် ...။ ဘာပဲဖြစ်ဖြစ် အခုလိုတွေ့ရတာ ပြောခွင့်ရတာ အတိုင်းမသိဝမ်းသာပါတယ် ...။ ကျေးဇူးတင်ပါတယ် အကိုရယ်...။ xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx မြန်မာပြည်မှာ ပြည့်တန်ဆာဥပဒေ တကယ်ရှိပီး အဆိုပါကောင်မလေးတွေ အဆင်ပြေကြပါစေ။