Friday, July 31, 2015

အချစ်ဟုခေါ်သည်

အချစ်တဲ့..... လူသားတိုင်းမှာအချစ်တွေရှိကြပေမယ့်တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းအပေါ်ခံယူချက်ခြင်းမတူညီနိုင်ကြပါဘူး။ အချစ်ဆိုတာ တကယ်တော့နားလည်ရခက်တဲ့အရာတစ်ခုပါ။ လူတွေက အချစ်ကိုအဓိပ်ပါယ်အမျိုးမျိုးဖွင့်ပေးကြပေမယ့် ပြီးပြည့်စုံတဲ့အဖြေတစ်ခုကိုတော့မသတ်မှတ်နိုင်ကြပါဘူး။ တချို့ကအချစ်ကိုရယူခြင်းလို့ဆိုတယ်။တချို့ကတော့ပေးဆပ်ခြင်းတဲ့။ ဘယ်လိုပဲအဓိပ်ပါယ်များစွာဖွင့်ဖွင့်အချစ်ဆိုတာနူးညံ့တဲ့အရာတစ်ခုဆိုတာသေချာပါတယ်။ အဲဒီလိုနူးညံ့တဲ့ချစ်ခြင်းတွေကိုလူသားတို့ရဲ့အေးချမ်းတဲ့နှလုံးသားတွေနဲ့ခံစားကြတဲ့အခါ အင်မတန်လှပသာယာတဲ့အချစ်ပန်းခင်းလေးတစ်ခုဖြစ်ပေါ်လာကြပါတယ်။ အဲဒါကိုပဲအချစ်လို့ဆိုကြလေရဲ့...... လူသားတိုင်းမှာအချစ်ဆိုတာသွေးလိုပဲအမြဲတမ်းလည်ပတ်စီးဆင်းလှုပ်ရှားနေတတ်ကြပါတယ်။ ချစ်တတ်သူတိုင်းအတွက်ပျော်ရွှင်မှုတွေပြည့်စုံနိုင်ကြပါစေ...................။ ညီဖြိုး at 10:03 AM

Thursday, July 30, 2015

ဗိုလ်မှူးကျော်စွာဝင်း သတင်းစာရှင်းလင်းပွဲ ပြောစကား

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ရေးထိုးခဲ့တာကြောင့် စစ်ဆေးအရေးယူ ခံခဲ့ရတယ်။ ကျွန်တော်လက်မှတ် ရေးထိုးခဲ့တယ် ဆိုတာကလည်း ကျွန်တော့်ယုံကြည်ချက်နဲ့ အမှန်တရားအတွက် လုပ်ခဲ့တာဖြစ်တယ်။ ရှေ့ဆက်ပြီးတော့ ဒီမိုကရေစီအတွက် တိုက်ပွဲဆက်ဝင်သွားမယ်

Wednesday, July 29, 2015

ပုံတူ

ငါ့လက်ထဲက မာခဲတဲ့ စုတ်တံတစ်ချောင်းနဲ့ ငါ့စိတ်ရဲ့ အခွံပါးပါးမှာ ရေးဆွဲနေခဲ့တာ ကွဲအက်နေတဲ့ ကမ္ဘာမြေကြီးပေါ့ သူ့အပေါ်မှာ ပြေးလွှားနေတဲ့ ခြေရာတွေ အပ်ကြောင်းထပ် ရှုပ်ပွနေခဲ့တယ် မိုက်မဲမှုကို ခြေရာခံရင်း မထင်မှတ်တဲ့ နွံထဲမှာ လမ်းပျောက်နေတဲ့ငါ အခု ဟစ်အော်နေမိပေါ့။ ။ စေတ [ဟန်သစ်] ကောက်နှုတ်- စမန ၉၃၊ ကဗျာအလုပ်ရုံကလေး၊ အောင်ဝေး၊ ၂၀၀၃။

Saturday, July 25, 2015

မော်ဒန် မန္တလေး(မောင်စိန်းဝင်း ပုတီးကုန်း)

၁။ နေပူကျဲကျဲ တိုက်ရိပ်ကလွဲလို့ဘာမှမရှိ သဘာဝ၏အလောင်အမြိုက်ဒါဏ် ခံစားနစ်မျော ချစ်သောမန္တလေး ပူရှာမည်။ ၂။ အမြို့မြို့အနယ်နယ်ကလာတဲ့ မြန်မာတိုးရစ်စ်တွေ စက်ဘီးတွေဆိုင်ကယ်တွေ ကြွယ်ဝမှုကိုဖော်ကြွားတဲ့ မော်တော်ကားသစ်ပြိုင်ပွဲတွေ လမ်းပေါ်မှာပွေရှုတ် တိုးတက်တဲ့ပြယုဂ်လို့အခေါ်ခံ ဒါ ကျွန်တော်တို့ရဲ့ မော်ဒန်မန္တလေး။ ၃။ ကာရာအိုကေ ရေပေါ်ဂီတ တည်းခိုခန်းမပေါ်မှာ ရှိတဲ့တေး မန္တလေးကိုလွှမ်းပတ် ဟိုးတုန်းက အငြိမ့်တွေဇာတ်တွေလွမ်းတတ်ရင်တော့ နန်းရပ်ကမြန်မြန်ခွါ ဒါက မော်ဒန်မန္တလေးလေ။ ၄။ ငါးထပ်ခြောက်ထပ် မိုးကိုမတ်မျှော် ဟော်တယ်တည်းခိုခန်း မန္တလေးရဲ့အသည်း တစ်နေ့ထည်းရှစ်ရာ ရေကူးကန်တောင်ပါတဲ့အခန်း လောပန်းတို့အပန်းဖြေ ကာရာအိုကေမှာဆုချ ညကြေးကသောင်းကျော် အပေါင်းအသင်းတော်ပါလျှင် သည်နေရာမှာ အပျော်ကနေ ကတော်တွေဘာတွေဖြစ်နိုင်သတဲ့။ ၅။ ကုန်တိုက်ကုန်တိုက် စုံလိုက်တဲ့စတိုးဆိုင် ပိုင်ရှင်ဘယ်သူတွေလဲ ချွေးရွှဲပင်ပန်း ဝန်ထမ်းဈေးသည်ဘဝ အနည်းဆုံး ဆယ်တန်းအောင်မှရသတဲ့ အများကတော့ ဘွဲ့တွေနဲ့ တကယ့်အခြေအနေရဲ့အတင်းအခံ ထမင်းဆန်ရဲ့တောင်းဆိုမှု ကဲ ဘယ်သူငြင်းဆန်လို့အံတုမလဲ လူမှုမြင်ကွင်းတစ်ပိုင်းတစ်စ ည ကိုးနာရီ အလုပ်သိမ်းပြန် စက်ဘီးကိုမှန်မှန်နင်း ဈေးရောင်းတဲ့ကောင်မလေးတွေ မြို့တွင်းကထွက် နာရီစင်ကြီးကိုနှုတ်ဆက်ခဲ့ကြသတဲ့။ ၆။ အဲဒီအချိန်မှာ စားသောက်ဆိုင်တွေအတွင်း အပေါင်းအသင်းစုပြီး သူ့အဖွဲ့နဲ့သူ သူ့မူနဲ့သူ့ဟန် သောင်းကျော်တန်စကားဝိုင်းတွေဖွဲ့ တစ်ချို့ရဲ့ဝိုင်းတွေများ လေးငါးခြောက်သောင်းရှင်းရသတဲ့ သင်းမြတဲ့ရှန်ပိန်ညလေ။ ၇။ တည်းခိုခန်း အသေးစားတွေမှာတော့ ဈေးမကစားနိုင်တဲ့ ဝယ်သူရောင်းသူ လူလိမ်ခံထားရတဲ့ကျောက်သမား ပွဲစားနဲ့ကယ်ရီ ဘယ်ဆီရယ်လို့ သတ်မှတ်ချက်မရှိတဲ့ ခရီးသည် မိန်းမ အခွင့်အရေးရမလားချောင်းနေတဲ့ဖဲဝိဇ္ဇာ သူတို့ဟာ အိပ်ရာညစ်ညစ် အခန်းကျဉ်းမှာ ပန်းခင်းတွေအိပ်မက်ရင်း ခွေနေကြသတဲ့။ ၈။ တည်းခိုခန်းရဲ့အပြင်ဘက်မှာတော့ ဘဝအမောကို ရုန်းထွက်ဖို့မကြောက် ကုန်းအတက်တစ်ခုသာ ကြောက်သူများ ဆိုက်ကားနင်းတဲ့ဆရာတွေ ဘာတွေ ဘယ်သူပြောပြော တသောသောဆူညံ ခေါင်းပန်းအလှန်မပျက် ဧည့်သည်တွေအထွက်ကို စောင့်နေကြပါလား။ ၉။ အမျိုးမျိုးလူဆုံ အပူစုံတဲ့မန္တလေး ဧမြစေနိုး သန်းခေါင်မိုးက အငြိုးတကြီးရွာ ကားစောင့်တဲ့ အဘိုးကြီးခမျာစိုရွှဲ တည်းခိုခန်းထဲလဲ ဝင်လို့မရ။ ၁၀။ ကြည့်ရင်းလှမ်းငေး ခပ်ဝေးဝေးမှာ ကတ္တရာလမ်းမတွေ ရေထဲနစ်မျော သြော် ချစ်သောမန္တလေးချမ်းရှာမည်။

Tuesday, July 21, 2015

၆၈ ကြိမ်မြောက် အာဇာနည်နေ့ အမှတ်တရ ပုံလေးများ

ဆရာမောင်စိန်ဝင်း ပုတီးကုန်း စာပေဟောပြောပွဲ ကုန်းတလပေါင် ကျေးရွာ သွား
အာဇာနည်ကုန်းသွား မှတ်တမ်းလေးများ

Saturday, July 18, 2015

သူမအကြောင်း အက်ဆေး

ကောင်မလေးသည် ကြောင်တစ်ကောင်နှင့်တူသည်ဟု ထင်မိသည်။ ကဗျာတော့ မဆန်လှ။ အတူရှိနေချိန်တွင် အရမ်းပျော်ကြောင်း ပြောတတ်ပြီး ဝေးနေချိန်တွင် လွမ်းကြောင်းကိုလည်း ကြောင်တစ်ကောင် အစာတောင်းသံမျိုးနှင့်ပြောတတ်သည်။ ကျွန်တော့်အတွက်တော့ ဝေးခြင်း နီးခြင်းသည် မထူးဆန်းသော အရာတစ်ခုသာ ဖြစ်သည်။ အလွမ်းသည်လည်းကောင်း အချစ်သည် လည်းကောင်း ခံစားမှုတစ်ခုထက် ပို၍ အရာမရောက်ချေ။ သူမသည် တံဆိပ်ခတ်သူတစ်ယောက်လည်း ဖြစ်နေပြန်သည်။ ကျွန်တော့်ကို အမျိုးမျိုးသေိာတံဆိပ်ပေါင်းစုံဖြင့်ခတ်နှိပ်ဖူးသည်။ ယခုအချိန်တွင် ချစ်ဖို့ကောင်းသော၊ တည်ကြည်သော၊ ပျော်ရွှင်မှုကို ပေးသော၊ ရင်ခုန်စရာ ကောင်းသော ယောက်ျားတစ်ယောက်အဖြစ် တံဆိပ်ခတ်ထားသော်လည်း၊ နောင်အချိန် တစ်စုံတစ်ရာသောအကြောင်းဖြင့် ကျွန်တော်တို့ဝေးကွာခဲ့လျှင် အတ္တကြီးသော၊သူရဲဘောကြောင်သော၊ လူမဆန်သော၊ ယုတ်မာသော ယောက်ျားအဖြစ် ပိုးစိုးပက်စက် တံဆိပ်ခတ်ပေလိမ့်မည်။ ထိုအရာသည်လည်း ကျွန်တော့်အတွက် မထူးဆန်းသော အရာတစ်ခုသာ ဖြစ်နေပြန်သည်။ တံဆိပ်ခတ်ခြင်းသည် အခတ်ခံသူအပေါ် သက်ရောက်မှုမရှိကြောင်းနှင့် ခတ်သူအပေါ်တွင်သာ သက်ရောက်မှုရှိကြောင်းကို သူမနားလည်အောင် ရှင်းမပြနိုင်ခဲ့။ ကျွန်တော်ကတော့ သူမအပေါ်တွင်ဘယ်သော အခါမျှတံဆိပ်မခတ်ဖူးချေ။ အကောင်းပြောသော သူမကိုလည်းကောင်း၊ အဆိုးပြောသော သူမကိုလည်းကောင်း ကျွန်တော်ချစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် သူမသာဖြစ်၍ မည်သည့်တံဆိပ်မျှခတ်နှိပ်ထားခြင်း မရှိသောကြောင့်ဖြစ်သည်။ တံဆိပ်ခတ်ခြင်းသည် မိန်းမစိတ်ဖြစ်ကြောင်း ကျွန်တော်လက်ခံထားသည်။ သူမသည် စကားပြောမဆင်ခြင်သူလည်းဖြစ်သည်။ ထိုစိတ်သည်လည်း မိန်းမစိတ်ပင်ဖြစ်မည်။ သူမက ကျွန်တော်ကို ပြတ်ကြောင်း ပြောတိုင်း ငြိမ်ငြိမ်လေးသာ နားထောင်နေမိသည်။ အင်းလေ ပြတ်ချင်ပြတ်ပေါ့ ဟုသာ ပြောမိသည်။ ပြတ်ခြင်း ဆက်ခြင်းသည် ကျွန်တော်၏အချစ်ကို သက်ရောက် ပြောင်းလဲစေခြင်း မရှိလှချေ။ပြတ်ခြင်း ဆက်ခြင်းသည်လည်း မထူးဆန်းသောအရာများထဲမှ တစ်ခုသာဖြစ်သည်။ လူနှစ်ယောက်၏ ဆက်ဆံရေးကိုသာ ဖြတ်တောက်လို့ရမည်။ ချစ်ခြင်းသည်ကား သူမပြတ်တိုင်း ဖြတ်၍မရချေ။ ကျွန်တော်သည်ချစ်နေရုံနှင့်နေစိမ့်သူလည်း ဖြစ်သည်။ ကျွန်တော့်အတွက် မထူးဆန်းသောအရာများသည် သူမအတွက် ရေးကြီးခွင်ကျယ် ဖြစ်နေတတ်သည်။ ထိုအရာသည်လည်းလည်း မထူးဆန်းချေ။ မိန်းမများသည် အရာရာတွင် ကြီး ကျယ်လိုသူများဖြစ်ကြသည်။ Thant Zin at 10:23 PM

Saturday, July 4, 2015

သီချင်းဆိုရင်းပျိုးပင်ပျိုးသူ(သို့မဟုတ်)ကိုရဲလွင်

ဂီတအနုပညာဖြင့် ပဋိပက္ခ ဒေသများရှိ ဒုက္ခသည်များအတွက် ဂစ်တာတီး၊ သီချင်းဆိုရင်း အလှူငွေ များ ရှာဖွေပေးခဲ့သူ၊ ပျိုးပင်ပေါက်လေးများကို ကိုယ်တိုင်ပျိုး၍ ကမ္ဘာမြေ စိမ်းလန်းရေးအတွက် ရည်ရွယ်ပြီး လူတိုင်းကို ဝေငှပေးနေသူ၊ သူ့ဘဝရဲ့ အချိန်များကို သီချင်းတွေဆိုရင်း ပျိုးပင်များ ပျိုးရင်းဖြင့် နေထိုင်သွားမည်ဟု ဆိုလာသူမှာ ၂၀၁၃ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည် အထူးဆု ရရှိခဲ့သူ မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့မှ Bass ဂစ်တာသမား ကိုရဲလွင် ဖြစ်သည်။ ဂီတသံစဉ်တွေကို ချစ်တယ် မြန်မာနိုင်ငံ ဂီတလောကတွင် အောင်မြင်သော တီးဝိုင်းတစ်ဝိုင်း ဖြစ်ခဲ့သည့် မဇ္ဈိမလှိုင်း တီးဝိုင်း၏ Bass ဂစ်တာသမားတစ်ဦး ဖြစ်သည့်သူ့ကို ပေါင်းတည်မြို့တွင် မွေးဖွားခဲ့သည်။ ဖခင်ဖြစ်သူ ဦးမောင်မောင်မှာ စက်ရှင်တရားသူကြီး တစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူ ဒေါ်ကြိုင်မှာ သာမန် အိမ်ရှင်မတစ်ဦး။ မွေးချင်းမောင်နှမ ၁၀ ယောက်တွင် သူက ရှစ်ယောက်မြောက် သား ဖြစ်သည်။ လူတိုင်းတွင် ငယ်စဉ် ကလေးဘဝကတည်းက မွေ့လျော်ရာ ဝါသနာ ကိုယ်စီရှိရာ သူ့အတွက်ကတော့ ဂီတသံစဉ်တွေကို ခံစားနားဆင်၊ တီးခတ်နေရသော အချိန်တိုင်းသည် ပျော်ရွှင်ခဲ့ရသော အချိန်များ ဖြစ်သည်။ ဂီတသံစဉ်တွေကို ချစ်သည်ဟု သူကဆိုသည်။ ခရစ်ယာန် ဘာသာကို ကိုးကွယ်သော မိဘနှစ်ပါးမှ မွေးဖွားလာသည့်အတွက် ငယ်စဉ်ကတည်းက တစ်ပတ်တစ်ခါ ဘုရားရှိခိုးကျောင်းတွင် သီချင်းများ သီဆိုခြင်း၊ ခရစ္စမတ်ကာလများတွင် ဖိတ်ကြားထားသော အိမ်များသို့ သီချင်းများ လှည့်လည် သီဆိုခဲ့ခြင်းတို့ကြောင့် ဂီတကို ချစ်မြတ်နိုးသော စိတ်မှာ ထိုစဉ်ကတည်းက သူ့တွင် သန္ဓေတည်ခဲ့သည်။ ပညာရေး ပိုင်းတွင်မူ သာမန်သာ ရှိခဲ့ပြီး ပညာရေးထက် ဂီတကို ပိုမိုစိတ်ပါဝင်စား ခဲ့သည်ဟု သူကပြောပြသည်။ ကိုယ်ပိုင်ဂစ်တာ မရခဲ့ဘူး သူအလယ်တန်းကျောင်းသား အရွယ်မှာ အမေရိကန် ရုပ်ရှင်မင်းသား အဲဗစ်ပရက်စလေ ရုပ်ရှင် ဇာတ်ကားများ မြန်မာနိုင်ငံတွင် ခေတ်စားခဲ့သည်။ ယင်းရုပ်ရှင်ကားများထဲမှ ပရက်စလေ၏ ဂစ်တာတီးပုံကို ကြည့်ပြီး သူဂစ်တာသမား တစ်ယောက် ဖြစ်ချင်လာခဲ့သည်ဟု ဆိုသည်။ ထိုစဉ်က မြန်မာနိုင်ငံတွင် ဂစ်တာ မပေါ်သေးပေ။ ပရက်စလေကို အားကျ၍ ဂစ်တာ တီးချင်လာသောသူက လက်ဖက်ခြောက်ထုပ်များ ထည့်သော တစ်ဖက်ပွင့် ထင်းရှူးပုံးကို ဒေါက်ထောက်ပြီး ကြိုးဖြင့် အတင်းအလျော့လုပ်ကာ ဂစ်တာလို သဘောထား တီးခတ်ခဲ့သည်ဟု သူကပြောပြသည်။ ဂစ်တာများ ပေါ်ပေါက်လာသော အခါတွင်လည်း သားသမီး ၁၀ ယောက်ကို ပညာအမွေသာ အဓိက ပေးလိုသော ဖခင်ဖြစ်သူက အပိုပစ္စည်းများကို သားသမီးတိုင်းအတွက် ဝယ်မပေးနိုင်ခဲ့။ အစ်ကိုဖြစ်သူကို ဂစ်တာတစ်လုံး ဝယ်ပေးခဲ့ပြီး သူ့အတွက်တော့ ကိုယ်ပိုင်ဂစ်တာတစ်လုံး မရခဲ့ပေ။ အစ်ကိုဖြစ်သူကပဲ သူ့ကို အဘိုးကြီးအို ခါးကုန်းကုန်းကဲ့သို့ လွယ်ကူသော Chord လေးများဖြင့် ဂစ်တာတီး သင်ပေးခဲ့ပြီး သူမရှိသည့် အချိန်မှသာ ဂစ်တာကို ခိုးတီးခဲ့ရသည်ဟု သူကပြောပြသည်။ နောင်မှသာ အိမ်နီးချင်း တစ်ယောက်က သူ့ဂစ်တာ အဟောင်းလေးကို ၁၅ ကျပ်ဖြင့် ရောင်းမည်ဟု ပြောသည့်အတွက် မိခင်ဖြစ်သူကို ပူဆာပြီး ဝယ်ခိုင်းခဲ့ရသည်ဟု သူကဆိုသည်။ သူ၏ ကျောင်းမုန့်ဖိုးမှာ တစ်လလျှင် ငါးကျပ်သာ ရခဲ့ပြီး ထိုစဉ်က ဂစ်တာအသစ် တစ်လုံး၏ တန်ဖိုးမှာ ၆၀ ကျပ်ပေးရသည်။ “ဂစ်တာလေး ရလာတော့ ကိုယ်ရသမျှ သီချင်းလေးတွေ၊ ခရစ္စမတ် သီချင်းလေးတွေကို ခဏခဏ တီးတာပေါ့။ ကြာလာတော့ ဂစ်တာက ဆေးတွေ ကွာလာတယ်။ ကျွန်တော်က ဆေးတွေကို ကော်ပတ်နဲ့တိုက်၊ ဆေးအသစ် ပြန်သုတ်မယ်ဆိုပြီး သင်္ဘောဆေးတွေ သုတ်လိုက်တာ ဂစ်တာက အသံမထွက်တော့ဘူး” ဟု သူ့ဘဝတွင် ပထမဆုံး ပိုင်ဆိုင်ခဲ့ရသော ဂစ်တာလေးနှင့် ပတ်သက်သော အမှတ်တရ အဖြစ်အပျက်များကို သူကပြန်ပြောင်း ပြောပြသည်။ RIT မှာ သူကိုးတန်းနှစ် အရောက်တွင် မိဘများက ရန်ကုန်သို့ ပြောင်းရွှေ့လာခဲ့သည်။ ဆယ်တန်းအောင် သောအခါ ရန်ကုန် RIT တွင် Electronic အထူးပြု ဘာသာရပ်ဖြင့် တက်ရောက်ခဲ့သည်။ RIT တွင် နောင်တစ်ချိန် မဇ္ဈိမလှိုင်း အဖွဲ့သားများ ဖြစ်လာမည့် တေးသံရှင် ခင်မောင်တိုး၊ တေးရေး မောင်မောင်တို့နှင့် သူသိကျွမ်းခဲ့ရသည်။ “သူတို့က ကျွန်တော့်ထက် RIT ရောက်တာ စောတယ်။ ရောက်ရောက်ချင်းတော့ သူတို့နဲ့ မသိသေးဘူး။ သူတို့အုပ်စုက သူငယ်ချင်းတွေနဲ့ အဆောင်တွေမှာ တယောထိုး၊ ဂစ်တာတီးပြီး သီချင်းဆိုကြတယ်။ ကျွန်တော်ကလည်း အင်းစိန်မှာ သူငယ်ချင်းတွေနဲ့ တီးပေါ့။ သူတို့ အဆောင်တွေမှာ တီးတဲ့အချိန်မှာ ကိုယ်တွေက သွားနားထောင်ပေါ့” ဟု ကျောင်းသားဘဝ အမှတ်တရ များကို ဖွင့်ဟသည်။ တက္ကသိုလ် တက်နေဆဲ အချိန်တွင်ပင် E.Machine တီးဝိုင်းတွင် Bass ဂစ်တာသမားအဖြစ် သူပါဝင် တီးခတ်ခဲ့ပြီး တေးသံရှင် စိုးပိုင်၊ မင်းမင်းလတ်တို့နှင့် ခင်မင်ခဲ့ရသလို တေးသံရှင် ခင်မောင်တိုး၊ တေးရေး ကိုမောင်မောင် တို့နှင့်လည်း တက္ကသိုလ် အပြင်ဆောင်တွင် အတွဲမိနေကြပြီ ဖြစ်သည်။ ကျောင်းတွင် သူတို့အဖွဲ့ကို ‘The Problems’ (ပြဿနာအုပ်စု) ဟု အမည်ပေးထားသည်။ ကျောင်းဆောင်တွင် သီချင်းတိုက်ကြ၊ ကော်ပီသီချင်းများ ရေးကြကျင့်ကြရင်းဖြင့် ကျောင်းသားဘဝကို ဖြတ်သန်းခဲ့ကြသည်။ E.Machine တီးဝိုင်းတွင် သူလေးနှစ်ကြာ တီးခတ်ပြီးနောက် ကိုနေဝင်း၊ ခင်မောင်တိုး၊ ကိုမောင်မောင် တို့နှင့်အတူ The Problems တီးဝိုင်းကို ပူးပေါင်း ဖွဲ့စည်းခဲ့ကြသည်။ ယင်းတီးဝိုင်းမှ နေ၍ တေးသံရှင် ခင်မောင်တိုး၏ ပထမဆုံး တေးစီးရီး ဖြစ်သော ‘ကျေးဇူးတင်ပါတယ် ကမ္ဘာကြီးရယ်’ ကို တီးခတ်ပေးခဲ့သည်။ ထိုစီးရီးမှာ ပရိသတ်များကြား သိပ်မပျံ့နှံ့ခဲ့ပေ။ စာသားဖွဲ့ရာမှာ အားနည်းတယ် သူဂစ်တာ တီးတတ်စအချိန်က မြန်မာ့အသံတွင် ‘Local Talent’ ပြိုင်ပွဲများ ကျင်းပပေးလေ့ ရှိသည်။ ထိုပြိုင်ပွဲများတွင် အင်္ဂလိပ် သီချင်းများကို ကိုယ်တိုင်သီဆို တီးခတ်၍သော် လည်းကောင်း၊ သူကိုယ်တိုင် ရေးစပ်ထားသော သီချင်းများကို သူငယ်ချင်း တစ်ယောက်က သီဆို၍သော် လည်းကောင်း ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးသော်လည်း ဆုတော့မရခဲ့ပေ။ နောက်ပိုင်းတွင် ပြိုင်ပွဲများ ဝင်ရောက် မယှဉ်ပြိုင် တော့သော်လည်း ကော်ပီ သီချင်းလေးများကို မြန်မာ စာသားသွင်းရင်း သီချင်းများ ရေးစပ်နေခဲ့သည်။ သူပထမဆုံး ရေးခဲ့သော သီချင်းမှာ ဗီယက်နမ် စစ်ပွဲကာလ သူ၏ခံစားချက်များကို အင်္ဂလိပ်စာသားဖြင့် ရေးဖွဲ့ထားသော ‘နောက်ဆုံးအိပ်မက်’ သီချင်းဖြစ်သည်။ “အဲဒီအချိန်တုန်းက ဗီယက်နမ် စစ်ပွဲကြောင့် လူ့အသက်တွေ ဆုံးရှုံးနေတာကို စိမ်းမြသစ်ရွက်တွေ ကြွေနေတယ်လို့ တင်စားပြီး ရေးခဲ့တာ။ အင်္ဂလိပ်လို ရေးတာကတော့ အိမ်မှာက ဂါးဒီးယန်း သတင်းစာ အမြဲယူတော့ အင်္ဂလိပ်စာကို ပိုပြီးထိတွေ့သလို ဖြစ်နေတာပေါ့။ သီချင်းကတော့ Round Chord လေးနဲ့ ရေးထားတာပါ။ သီချင်းရေးနေရင်း တစ်နေရာမှာ ဆက်ရေးလို့ မရတော့ ကိုနေဝင်းကို ဆိုပြကြည့်တဲ့အခါ မြန်မာလို ရေးကြည့်ပါလို့ ပြောတော့ မြန်မာလို ပြန်ပြောင်း ရေးခဲ့တာ” ဟု သူပထမဆုံး ရေးစပ်ခဲ့သော သီချင်းအကြောင်းကို ပြောပြသည်။ ထိုသီချင်းမှာ ယနေ့ကာလအထိ ဂစ်တာတီးသင်စ လူငယ်များအတွက် အသုံးတည့်နေသော သီချင်း ဖြစ်ခဲ့သည်ဟု သူကဆိုသည်။ သီချင်းရေးစ ကာလများတွင် စာသားဖွဲ့မှု ကျွမ်းကျင်အောင် လေ့ကျင့်သည့် အနေနှင့် ကော်ပီသံစဉ်များကို မြန်မာစာသားများ ထည့်သွင်း ရေးစပ်ခဲ့ပြီး နောက်ပိုင်းတွင်မူ ကိုယ်ပိုင်သံစဉ် သီချင်းကို ပိုမိုရေးဖွဲ့ ဖြစ်ခဲ့သည်ဟု သူကပြောပြသည်။ သီချင်းများ ရေးဖွဲ့ရာတွင် သူ့အတွက် အခက်အခဲမှာ သီချင်းစာသားများ ရရှိရန် အချိန်ကြာကြာ စဉ်းစားရခြင်းပင် ဖြစ်သည်ဟု သူကဆိုသည်။ တေးရေး ကိုနောင်း၊ ကိုမောင်မောင် (အဉ္ဇလီ) တို့လောက် စာသား ရေးဖွဲ့ရာတွင် မသွက်သည့်အတွက် အချို့သီချင်းများကို သူကသံစဉ်ရှာပြီး ကိုနေဝင်း၊ ကိုမောင်မောင်တို့က စာသားရေးဖွဲ့ ပေးခဲ့သည်။ သူရေးဖွဲ့ခဲ့သော သီချင်းများကို တေးသံရှင် ဖိုးချို၊ စိုးလွင်လွင်၊ မွန်းအောင်တို့က သီဆိုခဲ့ကြသည်။ တေးရေး ဆရာမောင်သစ်မင်း၏ စာသားများကို သူကသံစဉ် ထည့်သွင်းပေးထားသည့် တေးသံရှင် မွန်းအောင်၊ စိုးပိုင်၊ ခင်မောင်တိုး၊ မီမီဝင်းဖေတို့ သီဆိုခဲ့ကြသော သီချင်းများမှာလည်း အောင်မြင်မှု ရရှိခဲ့သည်။ မဇ္ဈိမလှိုင်း ခင်မောင်တိုး၏ ပထမဆုံးစီးရီး ဖြစ်သော ‘ကျေးဇူးတင်ပါတယ် ကမ္ဘာကြီးရယ်’ ထွက်ရှိပြီးနောက် ဘော်တွင်းတွင် အလုပ်လုပ်ရန်အတွက် သူထွက်ခွာ သွားခဲ့သည်။ ထိုအချိန်တွင် တေးရေးမောင်မောင် (အဉ္စလီ) မှာ မန္တလေးမြို့တွင် Medium Wave Music Lab ဆိုပြီး ဂစ်တာသင်တန်းတစ်ခု ဖွင့်နေခဲ့သည်။ သူတို့ ပထမဆုံး ဖွဲ့စည်းခဲ့သော The Problems တီးဝိုင်းတွင် လူအပြောင်းအလဲများ ရှိလာပြီး ယင်းနာမည်မှ လိစ္ဆဝီများဟူသော အမည်သို့ ပြောင်းလဲခဲ့ပြီး အဉ္စလီအတွက် ဂီတအဉ္စလီ အမည်ရှိ စီးရီးတစ်ခွေ ဖြန့်ချိခဲ့သည်။ ယင်းနောက် တတိယစီးရီး ဖြစ်သော ‘မဟာဆန်သူ’ ကို စီစဉ်ဆောင်ရွက်နေဆဲတွင် သူမန္တလေးသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ သူငယ်ချင်းများ၏ ဝိုင်းဝန်း တိုက်တွန်းမှုကြောင့် သူမန္တလေးတွင် ဆက်လက်နေထိုင်ပြီး ကိုမောင်မောင်၏ ဂစ်တာသင်တန်းတွင် ကူညီ ပြသပေးခဲ့သည်။ ‘မဟာဆန်သူ’ စီးရီးတွင် တီးဝိုင်းအမည်ကိုလည်း ‘လိစ္ဆဝီများ’ မှ ကိုမောင်မောင်၏ ဂစ်တာသင်တန်းအမည် ဖြစ်သော ‘Medium Wave’ ကို မြန်မာမှုပြု၍ မဇ္ဈိမလှိုင်းဟူသော အမည်ကို ပြောင်းခဲ့သည်။ ထို့နောက်တွင် သူတို့ အဖွဲ့သားအားလုံး လက်တွဲညီညီဖြင့် အောင်မြင်သော တေးစီးရီးများစွာကို ဆက်လက် ဖန်တီးခဲ့ကြသည်။ ဂီတလောကတွင် ကိုယ်ပိုင်သံစဉ် သီချင်းများကိုသာ တစိုက်မတ်မတ် သီဆိုရင်း တေးသံရှင် ခင်မောင်တိုးမှာ အနုပညာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့သလို မဇ္ဈိမလှိုင်း တီးဝိုင်းမှာလည်း အောင်မြင်သော တီးဝိုင်း အဖွဲ့တစ်ဖွဲ့အဖြစ် ရပ်တည်နိုင်ခဲ့သည်။ “ကျွန်တော်တို့ ထိုးဖောက်ခဲ့တဲ့ လမ်းမှာ အခက်အခဲတွေကတော့ အများကြီးပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့အားလုံး လက်တွဲညီညီနဲ့ ဆက်လက် လျှောက်လှမ်းခဲ့ကြတယ်။ ပရိသတ်တွေကလည်း ကျွန်တော်တို့ ထင်ထားတာထက် ပိုပြီးတော့ အားပေးခဲ့ပါတယ်။ ဒီဘက် အင်တာနက်ခေတ် ရောက်လာတဲ့ အခါမှာလည်း ပရိသတ်တွေက အဆိုတော်ရဲ့ အသံ၊ သီချင်းစာသားတွေရဲ့ လေးနက်မှု၊ တီးဝိုင်းအဖွဲ့ရဲ့ တီးခတ်မှု ပုံစံတွေကို ပိုပြီးအားပေးလာကြတာ တွေ့ရပါတယ်” ဟု မဇ္ဈိမလှိုင်း တီးဝိုင်း၏ အောင်မြင်မှုအပေါ် သူ့အမြင်နှင့် သုံးသပ်ပြသည်။ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေကြသော ပြည်သူများကို အကူအညီ ပေးနိုင်ရန်အတွက် ဂီတဖြင့် အလှူငွေ ကောက်ခံပြီး ရန်ပုံငွေ ရှာဖွေသည့် ‘လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း’ ဂီတဖျော်ဖြေရေး အဖွဲ့ကို ၂၀၁၂ ခုနှစ် မေလတွင် သူအပါအဝင် သားထွေး၊ ကိုတိုးလွင် (ဥတ္တရအလင်း) တို့နှင့် စုပေါင်း၍ ဖွဲ့စည်းခဲ့သည်။ ယင်းအဖွဲ့မှ နေ၍ ရန်ကုန်မြို့နှင့် အညာဒေသများရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များတွင် တေးသီချင်း လှည့်လည်သီဆို ဖျော်ဖြေရင်း စစ်ရှောင် ဒုက္ခသည်များကို ကူညီနိုင်ရန်အတွက် အလှူငွေများ ကောက်ခံခဲ့ကြသည်။ “ကျွန်တော်တို့ စဆိုတုန်းကတော့ ဟော်လို ဂစ်တာလေး တစ်လုံးနဲ့ Unplugged ပုံစံလေး စဆိုခဲ့တာ။ အသံကလည်း သိပ်မကောင်းဘူး။ လက်ဖက်ရည်ဆိုင်ဆိုတော့ လူသံတွေကလည်း ဆူညံနေတာပေါ့။ ဒါပေမဲ့ စိတ်ဝင်တစားနဲ့ လာရောက် နားထောင်တဲ့ ပရိသတ်တွေက အလှူငွေတွေ ထည့်ဝင်ခဲ့ကြတော့ ထင်ထားတာထက် အလှူငွေရခဲ့တယ်။ အဲဒါနဲ့ အသံချဲ့စက်တွေ၊ တခြားလိုတဲ့ ပစ္စည်းလေးတွေ ထပ်ဖြည့်ရင်း လိုက်ဆိုခဲ့ကြတာပေါ” ဟု လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း အဖွဲ့၏ အစကနဦး ကာလတွင် ကြုံခဲ့ရသော အခက်အခဲများကို သူကပြောပြသည်။ သူတို့အဖွဲ့၏ ဖျော်ဖြေရေး ပွဲများတွင် အာဏာပိုင်များ၏ ပိတ်ပင်တားဆီးမှု များနှင့် ကြုံခဲ့ရသည်ဟု သူကဆိုသည်။ ရန်ကုန်နှင့် နယ်မြို့များရှိ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များတွင် ဖျော်ဖြေရန် သွားသောအခါ သက်ဆိုင်ရာ အာဏာပိုင်များက ဖျော်ဖြေခွင့် မပေးခဲ့ကြသလို ဖျော်ဖြေခွင့်ပေးသော ဆိုင်ရှင်များကိုလည်း အရေးယူမည်ဟု ခြိမ်းခြောက်ခြင်းများနှင့် ကြုံခဲ့ရဖူးကြောင်းလည်း သူကပြောပြသည်။ “ဒီအချက်တွေကို ကြည့်ရင် ကျွန်တော်တို့ တိုင်းပြည်ရဲ့ အုပ်ချုပ်မှုစနစ်က လုံခြုံမှု မရှိဘူးဆိုတာ ပြနေတာပေါ့။ ဥပဒေအတိုင်း တားမြစ်တာ မဟုတ်ဘဲ ဖျော်ဖြေခွင့် ပိတ်ပင်ခံ ခဲ့ရတာပေါ့။ နေရာတိုင်းမှာ ပိတ်ပင်တာတော့ မဟုတ်ဘူးပေါ့။ တချို့ နေရာတွေ ကျတော့လည်း မပိတ်ပင်ပါဘူး” ဟု ဖျော်ဖြေရေး ခရီးစဉ်များတွင် ကြုံခဲ့ရသော အာဏာပိုင်များ၏ ပိတ်ပင်မှုများအပေါ် သူ့အမြင်ကို ဖွင့်ဟသည်။ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်းအဖွဲ့ကို စတင်တည်ထောင်သည့် ကာလမှသည် ယခုအချိန်အထိ ရရှိ သော လှူဒါန်းငွေများကို နာရေးကူညီမှုအသင်း၊ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များနှင့် ကချင်ပြည်နယ်ရှိ စစ်ရှောင် ဒုက္ခသည်များအတွက် ‘ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း’ မှတစ်ဆင့် လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။ ချစ်ခင်မှုကို ပြတယ် ကချင်နှင့် ရခိုင်ဒေသရှိ ဒုက္ခသည်များအတွက် သူတတ်ကျွမ်းသော ဂီတအနုပညာဖြင့် တစ်ဖက် တစ်လမ်းမှ ကူညီပေးခဲ့သည့်အတွက် ပြည်ပရောက် မြန်မာတိုင်းရင်းသား မိသားစုများက ဂုဏ်ပြုပေးအပ်သည့် ၂၀၁၃ ခုနှစ်အတွက် စတုတ္ထအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုများ ပေးအပ်ပွဲတွင် ပြည်သူ့ဂုဏ်ရည် အထူးဆုကို သူရရှိခဲ့သည်။ “ဒီလိုဆုရတဲ့အတွက် ကျွန်တော် ဝမ်းသာပါတယ်။ ဒီဆုက ကျွန်တော့်အပေါ်မှာ သူတို့ချစ်ခင်မှု ရှိတယ်။ ကျွန်တော် တတ်စွမ်းသမျှ လုပ်ဆောင်ခဲ့တာ လေးတွေကို အသိအမှတ်ပြုလို့ ပေးတယ်လို့ပဲ မြင်ပါတယ်” ဟု ပြည်သူ့ဂုဏ်ရည် အထူးဆု ရရှိခြင်းအပေါ် သူ၏ခံစားမှုကို ဖွင့်ဟသည်။ ပန်းပျိုးလက် ပဋိပက္ခ ဖြစ်ပွားနေသော ဒေသများရှိ ပြည်သူများကို အကူအညီ ပေးနိုင်ရန်အတွက် ပရိသတ်တွေဆီက အလှူငွေများ ကောက်ခံ ခဲ့ရသလို ကိုယ့်ဘက်ကလည်း တစ်ခုခု ပြန်ပေးချင် သည့်အတွက် စဉ်းစားသောအခါ ကမ္ဘာမြေ စိမ်းလန်းရေးအတွက် ပျိုးပင်ပေါက်လေးများကို လက်ဆောင် ပြန်ပေးဖို့ စိတ်ကူးရခဲ့သည်။ ယင်းစိတ်ကူးမှာ အင်းစိန် ကြို့ကုန်းရှိ အစ်မဖြစ်သူ၏ ခြံတွင် နေထိုင်စဉ်ရခဲ့ခြင်း ဖြစ်သည်ဟု သူကဆိုသည်။ ပျိုးပင်ပေါက်လေးများ ပျိုးရန်အတွက် ပျိုးထုပ်လေးများ၊ ဘူးစေ့၊ ချဉ်ပေါင်စေ့ကဲ့သို့ ဟင်းသီးဟင်းရွက် ပင်များ၏ မျိုးစေ့များကိုလည်း ပြင်ပမှ ဝယ်ယူ၍ အပင်လေး တွေ ဖြစ်အောင် ပျိုးသည်။ ရရှိလာသော ပျိုးပင်ပေါက်လေးများကို အင်းလျား ကန်ဘောင်ရှိ စားသောက်ဆိုင်တန်းတွင် ပရိသတ်များကို သီချင်းဖြင့် ဖျော်ဖြေရင်း ပျိုးပင်ပေါက်များကို လက်ဆောင်အဖြစ် ပြန်လည် ပေးအပ်ခဲ့သည်မှာ နှစ်ကြိမ်ရှိပြီ ဖြစ်သည်။ ထို့ပြင် နာရေးကူညီမှုအသင်းမှ တစ်ဆင့်အပင် စိုက်ပျိုးလိုသော သူများကို ပျိုးပင်ပေါက်များ ဝေငှပေးခဲ့သည်။ ပျိုးပင်တွေပျိုးရင်း သီချင်းဆက်ဆိုမယ် ပဋိပက္ခ ဒေသများရှိ ဒုက္ခသည်များအတွက် သီချင်းတွေဆိုရင်း အလှူငွေ ရှာခဲ့သူ၊ အလှူငွေ ထည့်ဝင်သည့် ပရိသတ်များကို လက်ဆောင်အဖြစ်ရော၊ ကမ္ဘာမြေ စိမ်းလန်းရေးအတွက်ပါ ပျိုးပင်ပေါက်လေးများကို ပြန်လည် ပေးခဲ့သော သူကဆက်လက်၍လည်း အပင်တွေပျိုးရင်း သီချင်းတွေ ဆက်ဆိုသွားမည် ဖြစ်ကြောင်း အောက်ပါအတိုင်း ပြောပြသည်။ “ဒုက္ခသည်တွေအတွက် အကူအညီရဖို့ ပန်းရဲ့လမ်း အဖွဲ့နဲ့ အလှူငွေတွေ ဆက်လက် ရှာဖွေသွားမှာ ဖြစ်သလို ကမ္ဘာမြေ စိမ်းလန်းရေးအတွက် ပန်းပျိုးလက်အမည်နဲ့ ပျိုးပင်လေးတွေ ဆက်ပျိုးသွားမယ်” Written by သန့်ဇင်ဦး - The Voice Weekly

တကယ်ဆိုဒီလိုနေရာမှာရှင်နဲ့ကျွန်မတွေ့စရာအကြောင်းမရှိ(ညီမင်းညို)ု

ဝတ်ထားတဲ့ ရှင့်ရဲ့ ရှပ်အကျီဖြူဖြူလို ရှင့်စိတ်တွေ ဖြူရဲ့လား မယားတစ်ယောက် သားတစ်ယောက်ဟာ ရှင့်ရဲ့ “ ဖြောင့်ကွယ်” ဆိုနေကျသီချင်းက “ချစ်အားငယ်ရသူမယ်” ကျွန်မပခုံးပေါ်က ရှင့်လက်ကို မဖယ်တော့ဘူးလား ရှင့် ရင်ခွင်မှာကွယ်နေတဲ့ ကျွန်မနှလုံးသားကို မြင်ရဲ့လား ရှင့် အိမ်ထောင်ရေး အဆင်မပြေတာ ကျွန်မနဲ့ ဘာဆိုင်လဲ ကျွန်မလည်း ဆယ်တန်းအထိ နေခဲ့ဖူးပါတယ် ဒီအလုပ်လုပ်နေတာ အိမ်က မသိဘူး ဖုန်းနံပါတ်ရရင် ရှင့်ကိုပေးမယ် “သစ်သီးပွဲ” ဟာ “ချစ်တီးပဲ” လို ညှစ်တာ သက်သက်လို့ ခဏခဏ ရှင်မပြောနဲ့ ဒါ သူ့အရပ်နဲ့ သူ့ဇာတ် ရောမရောက်ရင် ရောမလို ကျင့်ရမှာပဲ “အချိုရည်ဘူး” က မမှာလည်း လာချမှာပဲ ရှင်က ရူးလည်း ရူးချင်တယ် ရင်းလည်း မရင်းချင်ဘူး ရန်ကုန်မှာ ဒါမျိုးမရဘူး ကျွန်မက တိုက်ကြီးက တိုက်ကြီးမှာ “.....” တာပဲဆိုပြီး လူရွှင်တော်တွေ ပြောတဲ့စကား ကျွန်မ လာမပြောနဲ့ ပျော်လို့ ဘယ်သူမှ ဒီအလုပ် လုပ်နေတာ မဟုတ်ဘူး ကဲ... အခု ဘာသီချင်းထည့်ပေးရမလဲ “ငယ်ကျွမ်းဆွေ” ရှင်တို့ယောကျာင်္းတွေ အကုန်လုံး လာလိုက်ရင် ဒီလိုချည်းပဲ “ ဒီတံတားလေးပေါ်မှာ”မှာ ရှင်က မှတ်မိပေမယ့် ကျွန်မက မမှတ်မိချင်တော့ဘူး “နောက်ထပ် မြန်မာတစ်လုံး” ဒီည ရှင်များနေပြီ ရှင့်ပိုက်ဆံနဲ့ ရှင်သောက်တာပဲ ကျွန်မက ဘာပြောလို့ရမှာလဲ ကျွန်မကို မယုံကြည်သလို ရှင် မဆက်ဆံနဲ့ ကျွန်မသွေးက သန့်ပြီးသား ရှင်သာ ရှင့်သွေး ရှင်မဖောက်ရဲတာ ပညာရှင်လိုလို သူတော်စင်လိုလိုနဲ့ နောက်ကနေ ကျွန်မဆံပင်တွေ ခိုးခိုးနမ်းတာ ကျွန်မ မသိဘူး မှတ်နေလား ဘယ်အချိန်ရှိပြီလဲ ဒီည ရှင်အိမ်မပြန်တော့ဘူးလား အဲဒီလောက် ၀ါသနာပါရင် အိမ်မှာ “စက်” ၀ယ်ထားပါလား ခုတော့ရှင့်မှာက တစ်ရက်လည်းမဟုတ် နှစ်ရက်လည်း မဟုတ် တစ်ညလည်း မဟုတ် နှစ်ညလည်း မဟုတ် ရှင့်ပိုက်ဆံတွေ ရှင် မနှမြောဘူးလား ရှင့်နေရာမှာ ကျွန်မသာဆို ဒီလိုနေရာမှာ ရှင်နဲ့ကျွန်မ ဘယ်နည်း နဲ့မှ တွေ့စရာ အကြောင်းမရှိဘူး...။ ။ ညီမင်းညို

Friday, July 3, 2015

နိုင်ငံရေးပိုင်သူရှားပါး(မောင်သာနိုး)

ကျနော်တို့ မြန်မာနိုင်ငံရဲ့ နောက်ပိုင်းသမိုင်းကို ပြန်ပြောင်းကြည့်လိုက်ရင် ကျနော်တို့နိုင်ငံမှာ နိုင်ငံရေးကို ပိုင်ပိုင်နိုင်နိုင် ခွဲခြမ်းသုံးသပ် သိမြင်တတ်သူ အတော်ရှားပါးတာကို တွေ့ကြရတယ်။ ခေတ်ပညာအသိ မကြွယ်ဝသေးတဲ့ ပဒေသရာဇ်ဘုရင်ခေတ်ကို ထားလိုက်တော့။ လောကဓာတ်ကျောင်းဆိုတာတွေ စတင်ပေါ်ပေါက်၊ နောက် တက္ကသိုလ်ထွက်ပေါ်တဲ့ ကိုလိုနီခေတ်မှာကို ရှိသင့်ရှိအပ်တဲ့ နိုင်ငံရေးအသိရှိတဲ့သူ အင်မတန် ခေါင်းပါးတာကို တွေ့ကြရတယ်။ ( ခေါင်းစဉ်ကိုကလစ်လိုက်ပါ။ ) ဥပမာ - ဂျာမဏီမှာ “အာဏာရှင်” ဟစ်တလာ (သူတို့ခေတ်က ၀စ္စပေါက်သံထည့်ပြီး ရွတ်ကြပါတယ်။ နောက်မှ ၀စ္စပေါက်သံ ပျောက်ပြီး “ဟစ်တလာ” ခေါ်ကြတာ) ပေါ်လာတော့ တတိုင်းတပြည်လုံး ဟစ်တလာ ဟစ်တလာ ဖြစ်လာတယ်။ အာဏာရှင် အာဏာရှင် ဖြစ်လာတယ်။ နိုင်ငံရေးခေါင်းဆောင်တဦးကိုတောင် “အာဏာရှင် ဦးချစ်လှိုင်” ခေါ်လိုက်ကြသေး။ သီချင်းထဲမှာတောင် “အာဏာရှင် ဟစ်တလာက ပျိုရွယ်သူတွေ ယှဉ်ကာဖက်လို့” ဘာညာ ဆိုလိုက်ကြသေးတာကလား။ ဒီလိုနဲ့ နောက်ဆုံး ဖက်ဆစ်ဂျပန်နဲ့ ပေါင်းတဲ့ထိ ဖြစ်ခဲ့ရတယ်။ ဒါ့ကြောင့်လည်း နောင် ဦးသိန်းဖေမြင့် (အဲဒီတုန်းက ရဲဘော်သိန်းဖေ) နဲ့ တွေ့တဲ့အခါ တရုတ်ခေါင်းဆောင်ကြီး ချိုအင့်လိုင်က “ကမ္ဘာပေါ်မှာ ကွန်မြူနစ်မှန်သမျှ ဖက်ဆစ်ဆန့်ကျင်တာချည်း၊ မင်းတို့ ဗမာကွန်မြူနစ်တွေပဲ ဖက်ဆစ်ဂျပန်နဲ့ ပူးပေါင်းတယ်” လို့ ရှုတ်ချတာ ဖြစ်တယ် (စစ်အတွင်းခရီးသည်)။ တခါ အင်္ဂလိပ်ခေတ်က ကုလား-ဗမာအဓိကရုဏ်းဖြစ်တော့ နိုင်ငံရေးဆရာ တော်တော်များများက ကုလားဆန့်ကျင်ရေးသမားတွေပါ။ ကုလားတွေကို ချဖို့ ဗမာဆင်းရဲသားတွေကို မြှောက်ထိုးပင့်ကော် လုပ်ခဲ့ကြတာကလား။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းပဲ “ကုလားအရေးလောက်ကိုဖြင့် ဓားသွေးလောက်တယ် ဆရာ မထင်လို့မို့” စသဖြင့် ကဗျာဖွဲ့ကာ အဓိကရုဏ်းရပ်ဖို့ မေတ္တာရပ်ခံ ကြိုးပမ်းခဲ့တယ်။ နောက် ဗိုလ်ချုပ်အောင်ဆန်းတို့ လွတ်လပ်ရေးကြိုးပမ်းကြတဲ့အခါ လက်ဝဲသမားအများက နယ်ချဲ့သမားနဲ့ စေ့စပ်တယ် ဘာညာ ဝေဖန်ကြတယ်။ ဗိုလ်ချုပ် ကျဆုံးပြီး ဦးနုက စေ့စပ်ရေးဆက်လုပ်တော့လည်း ဆက်ဝေဖန်ကြတာပဲ။ လွတ်လပ်ရေး ကြေညာပြီးတော့လည်း ဗမာပြည်ကွန်မြူနစ်ပါတီက လွတ်လပ်ရေးမစစ်၊ အတုအယောင်သာဖြစ်တယ့်လို့ သုံးသပ်တယ်။ ကွန်မြူနစ်ဂီတပညာရှင်က “နု-အက်တလီစာချုပ်နဲ့ ဗမာပြည်ကြီးလည်း ရောင်းစားခဲ့ပြီလေ” လို့ တေးဟစ်တယ်။ နောင် နှစ်အတန်ကြာမှ ရုသျှ၊ တရုတ်တို့က လေသံပြောင်းကုန်မှ (သူတို့ပါတီရဲ့ ဒုတိယကွန်ဂရက်မှာ ထင်တယ်) နိုင်ငံရေးအရတော့ လွတ်လပ်ပါတယ်၊ စီးပွားရေးအရ မလွတ်လပ်ဘူး လုပ်လာတယ်။ ဒီလိုနဲ့ ကွန်မြူနစ်၊ အလံနီ၊ ပြည်သူ့ရဲဘော် စတဲ့ လက်ဝဲနိုင်ငံရေးပါတီတွေရဲ့ ကြွေးကြော်သံမှာ နယ်ချဲ့ဆန့်ကျင်ရေးဆိုတာ ထိပ်တန်းက ရှိနေခဲ့တယ်။ ကိုယ့်ပြည်တွင်းမှာ မရှိတော့တဲ့ နယ်ချဲ့ဆိုတာက တစ္ဆေကြီးတကောင်လို ထိတ်လန့်ခြောက်ခြား နေသမို့ ပြည်တွင်းက ဖိနှိပ်သူဆိုတာကို ဦးစားပေးရကောင်းမှန်း မသိတော့သလို ဖြစ်ကုန်တော့တယ်။ သူတို့ကို ဆရာတင်ထားကြတဲ့ ကဗျာဆရာဆိုသူတွေကလည်း ရေးလိုက်ရတဲ့ နယ်ချဲ့ဆန့်ကျင်ရေးကဗျာ၊ တော်လှန်ကဗျာ၊ မိုးဝေကဗျာ ... စသဖြင့် စသဖြင့် ...။ ၁၉၆၂ မှာ ဦးနေ၀င်း ခေါင်းဆောင်တဲ့ စစ်တပ်က တိုင်းပြည်ကို အာဏာသိမ်းတော့ ဗကပလို လက်ဝဲဆရာကြီးတွေက လီနင်ကို ကိုးကားပြီး ဒါ ပါလီမန် စတဲ့ နည်းပေါင်းစုံနဲ့ တိုင်းပြည်ကို ချယ်လှယ်လို့မရ၊ အုံကြွလာတဲ့ ပြည်သူကို မဖိနိုင်တော့တဲ့အခါ နောက်ဆုံးပိတ်နည်းလမ်းအဖြစ် နယ်ချဲ့က စစ်တပ်ကို သုံးတာ ဖြစ်တယ်လို့ အတွေးခေါင် ဝေဖန်သေးတာကလား။ ဦးနေ၀င်းတို့ဟာ ဦးနုအရပ်သားနိုင်ငံရေးအုပ်စုနဲ့ လည်း မဆိုင်၊ အင်္ဂလိပ်- အမေရိကန် နယ်ချဲ့အုပ်စုနဲ့လည်း မပက်သက်၊ သီးခြားအုပ်စု၊ တတိယအုပ်စုသာဖြစ်တယ် ဆိုတာကို သဘောမပေါက်ကြဘူး။ နယ်ချဲ့တစ္ဆေကြီးက ပူးတုန်း။ သူတို့နဲ့ ပြောင်းပြန်၊ လက်ဝဲနိုင်ငံရေး ဆရာကြီးတချို့ကျတော့လည်း ဘယ်တုန်းကမှ သမိုင်းမပြောင်ခဲ့တဲ့ ဦးနေ၀င်းကို တကယ့်မျိုးချစ်ကြီး၊ တိုင်းပြည်ကယ်တင်ရှင်ကြီးနှယ် ရိုသေမြတ်နိုး ဦးသုံးကြိမ်ချကြတော့တာကလား။ တချို့ခေါင်းဆောင်ကြီးတွေကဆိုရင် ခွေးကတက်က အိပ်ရ အိပ်ရ ကျွန်ခံပါရစေ ကြွေးကြော်တော့တာ။ ဦးနေ၀င်းက “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်” ကြေညာတော့ ကျနော်ဟာ အသက်သုံးဆယ် မပြည့်သေးပါဘူး။ လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်း ရေဒီယိုက ဖတ်ပြတာကို နားထောင်နေမိရာက ဘေးက သူငယ်ချင်းကို “အလကားဟာကြီး၊ ဖြီးတာ ဖြန်းတာ” လို့ မှတ်ချက်ချမိတယ်။ အဲသလို ချာတိတ်ကျနော်က သုံးသပ်မိချိန် ကျနော့်ထက် အသက်နှစ်ဆမကကြီးသူ နိုင်ငံ့ခေါင်းဆောင်ဆိုသူများက ကျနော့်လို မမြင်၊ ဇောက်ထိုးမိုးမျှော် မြင်နေတာများကို ကျနော့် ငယ်နုနုဦးနှောက်က မစဉ်းစားတတ်အောင် ဖြစ်ခဲ့ရတော့တယ်။ သူတို့ ပြောတာဆိုတာများကို ဆက်လက်ကြားရလေလေ အံ့သြလေလေပါပဲ။ “ကျနော်တို့ နိုင်ငံချစ်သူတွေဟာ ဂိုဏ်းဂဏစိတ်တွေ ဖယ်ရှာသင့်ပြီ၊ ငါတို့ပါတီမှ ငါတို့ပါတီဆိုတဲ့ အစွဲအလမ်းတွေ မထားသင့်တော့ဘူး။ အခု ဦးနေ၀င်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဟာ ကျနော်တို့ ကွန်မြူနစ်တွေ၊ အလံနီတွေ၊ ဆိုရှယ်နီတွေအားလုံး လက်ခံနိုင်မယ့် ဆိုရှယ်လစ်သဘောတရားကို ဘုံသဘော ရေးဆွဲထားတာပဲ။ ဒီလမ်းစဉ်ကြီးကို အခြေခံကာ အားလုံး ညီညီညွတ်ညွတ် ဆိုရှယ်လစ်စနစ် တည်ထောင်ရေးကို ၀ိုင်းဝန်းလုပ်ဆောင်ကြရမယ်” တဲ့။ အဲဒီလူတွေဟာ အဲဒီအချိန်က ကမ္ဘာမှာ မော်စကိုနဲ့ ပီကျင်း ဘာတွေကွဲလွဲနေကြတယ်ဆိုတာကို နကန်းတလုံး သိနားလည်ပုံမရှိ။ “လူလူချင်း ခေါင်းပုံဖြတ်မှုကင်းသော” ဘာညာ ကြားလိုက်တာနဲ့ ဆိုရှယ်လစ်ပဲလို့ အောက့်မေ့တဲ့ နိုင်ငံရေးမူလတန်းမအောင်သူတွေသာ ဖြစ်တော့တယ်။ သတ္တ၀ါအနန္တကို မေတ္တာထားရမယ် ဆိုကာမျှနဲ့ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ဂျိန်းဘာသာ အတူတူပါပဲ ဆိုတဲ့ပုံစံမျိုး။ ဒါနဲ့များ ဒီလူတွေ တောထဲဝင်လိုဝင်၊ မြို့ခိုသူခိုကာ ဆယ်နှစ်ဆယ်မိုး ဆိုရှယ်လစ်တော်လှန်ရေး လုပ်လိုက်ကြသေးတယ်။ မအောင်မြင်တာ ဘာဆန်းသလဲ ပြောရလိမ့်မယ်။ တောထဲရောက်နေသူကြီးတဦးက ဦးနေ၀င်း လက်ယပ်ခေါ်လိုက်ရာ အူယားဖားယား ပြေးဝင်လာတယ်။ မြို့ပေါ်ရောက်တော့ သူ့အလုပ်က မနက်တိုင်း ဗကပပျက်၊ အလံနီပျက်တွေ မန်နေဂျာလုပ်နေတဲ့ အထူးပြည်သူ့ဆိုင်ပေါက်စေ့ လျှောက်သွားကာ ဒီဆိုင်က ဓာတ်ဗူး၊ ဟိုဆိုင်က ဓာတ်မီး၊ အဲဟိုဆိုင်က နို့ဆီ၊ အဲဒီ့ဆိုင်က နို့မှုန့် ရသမျှထုတ်ပြီး မှောင်ခိုကုန်သည်ဆီသွင်းတဲ့ အလုပ်ပါပဲ။ အောင်မယ်လေးဟဲ့ တောခိုတော်လှန်ရေးသမားကြီး။ ခွေးကတက်ကပဲ စောင့်ပါရစေဆိုတဲ့ မြို့ခိုဆိုရှယ်လစ်ခေါင်းဆောင်ကြီးကတော့ ခွေးကတက်ကတောင် စောင့်ခွင့်မရရှာ။ သူ့တပည့် သားမြေးတွေ ပေးစာကမ်းစာနဲ့ပဲ အသက်ဆက်နေခဲ့ရတယ်။ သူ့တပည့်တွေကိုတော့ ဦးနေ၀င်းက အရိုးအရင်းကိုက်ခွင့်ရတဲ့ နေရာလေးတွေမှာ ထားပေးပါတယ်။ အဲ ကိုယ့်လူတို့က သူတို့ရတဲ့ အဲဒီနေရာလေးတွေမှာ စည်းစိမ်တော့ အယစ်သား။ တခါက ပျဉ်းမနား လယ်ဝေးမှာ ကျနော်တို့ စာပေဟောပြောပွဲ လုပ်နေစဉ် ရုသျှဆိုရှယ်လစ်စာပေအကြောင်း ထည့်ပြောမိရာ ဆိုရှယ်နီကနေ မြန်မာ့ဆိုရှယ်လစ်ပြောင်းလာသူက တင်မိုး၊ မောင်စွမ်းရည်၊ ကျနော်တို့ကို ညတွင်းချင်း သူ့နယ်မြေက ခွာစေ နှင်ချလို့ ကသောကမျော ပြေးခဲ့ရဖူးတယ်။ နောက် ဦးနေ၀င်းတို့ အာဏာလက်လွှတ်ဖြစ်သွားတော့ အဲဒီ ဦးသာကူးဟာ NLD အမတ် ဖြစ်လာပါတော့တယ်။ တခါ NLD အမတ်က နုတ်ထွက်တာ ကြားရတယ်။ အခု အဲဒီ့ငနဲ ဘယ်ဇာတ်ထဲ ၀င်ရောက် ကပြနေလေပြီမသိ။ ဒါ ကျနော် လက်လှမ်းမီတဲ့ ထိပ်တန်းမှသည် အောက်ခြေနားအထိ နိုင်ငံ့ခေါင်းဆောင်ဆိုသူတချို့ နိုင်ငံရေးအသိပညာ နုံနဲ့ပုံနဲ့ နိုင်ငံချစ်စိတ်ကင်းမဲ့ပုံ သာဓကအချို့ဖြစ်တယ်။ နိုင်ငံရေးပါတီတခုမှာ ခေါင်းဆောင်နေတယ်၊ ၀င်လုပ်နေတယ် ဆိုကတည်းက နိုင်ငံရေးသဘောတရား အထိုက်အလျောက် သိရမယ်။ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု တွေကို မှန်မှန်ကန်ကန် ချင့်ချိန်သုံးသပ်နိုင်ရမယ်။ အဲသလို အစွမ်းအစမရှိဘဲ စားသာမယ်ထင်တိုင်း သာကူးလုပ်နေလို့ကတော့ နိုင်ငံရေးသမားမဟုတ်၊ နိုင်ငံရေးဖွတ်ကျား၊ မဆလထဲ ၀င်ခဲ့တဲ့ ဗကပ၊ အလံနီ၊ ပြည်သူ့ရဲဘော်၊ ဆိုရှယ်နီ၊ ဖဆပလ၊ ပထစ မှန်သမျှ ဒီအမျိုးအစားထဲပါတယ် (၀န်ထမ်းမို့ မဆလဖြစ်ရသူများ မဆိုင်)။ မောင်သာနိုး (NEWS WATCH သတင်းဂျာနယ်၊ အတွဲ ၇၊ အမှတ် ၂၆ မှ ကူးယူဖော်ပြပါတယ်။)

ပင်လုံစိတ်ဓါတ်(သို့မဟုတ်)အောင်ဆန်း အက်တလီ စာချုပ်

အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသားတွေ စည်းလုံး ညီညွတ်ပြီး လွတ်လပ်ရေး ပန်းတိုင်ကို ချီတက်ဖို့အတွက် သမိုင်းဝင် ပင်လုံ အစည်းအဝေးကြီး (၁၉၄၇)မှာ အခက်အခဲ အကျပ်အတည်း တွေနဲ့ ရင်ဆိုင် ရပြီးတော့မှ ပင်လုံစာချုပ်ကြီးကို (၁၂၊၂၊၁၉၄၇) နေ့မှာ ချုပ်ဆို နိုင်ခဲ့ပါတယ်။ ပင်လုံစာချုပ် လက်မှတ်ရေးထိုးစဉ်က တည်ဆောက်ခဲ့ရတဲ့ စိတ်ဓာတ်ကို နောင်အခါ ပင်လုံစိတ်ဓာတ်လို့ မွန်မွန်မြတ်မြတ် ကမ္ပည်းထိုးနိုင် ခဲ့ပါတယ်။ အလွယ်တကူဆောင်ရွက်လို့မရခဲ့သလို တိုင်းရင်းသားများ သွေးစည်း ချစ်ကြည်ရေးဟာ ရေရှည်တည်တံ့ခိုင်မြဲဖို့ လိုပါတယ်။ သိမ်မွေ့ပြီး သိပ်ပြီးလည်း အကဲဆတ်ပါတယ်။ (၁၉၄၅)ခုနှစ်မှ (၁၉၄၈)ခု နှစ်အထိ လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာ ရွှေတိဂုံဘုရား အလယ်ပစ္စယံ ဖဆပလအဖွဲ့ချုပ် ညီလာခံကြီး (၁၉၄၆)၊ အောင်ဆန်းအက်တလီ စာချုပ် (၁၉၄၇)နဲ့ သမိုင်းဝင် ပင်လုံအစည်းအဝေးကြီး (၁၉၄၇) တို့ဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့ ဖြစ်စဉ်ကြီး(၃)ရပ် ဖြစ်ပါတယ်။ ပထမဖြစ်ရပ်က ကိုလိုနီဘုရင်ခံ ဆာဒေါ်မန်စမစ်နဲ့ နန်းရင်းဝန်ဆာပေါ်ထွန်းရဲ့ လက်ထက်မှာဖြစ်ခဲ့ပြီး ဒုတိယနဲ့ တတိယဖြစ်စဉ်ကြီး (၂)ရပ်ကတော့ ဘုရင်ခံ ဆာဟူးဘတ်ရန့်(စ်)၊ အမှုဆောင်ကောင်စီ (နောင်အမျိုးသားယာယီအစိုးရ) ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ဦးစီးပြီး ပြုလုပ်တဲ့ ဖြစ်စဉ်ကြီးတွေပါပဲ။ အဲဒီသမိုင်းဝင်ဖြစ်စဉ်ကြီး (၃)ရပ်ဖြစ်ပေါ်မလာရင် မြန်မာပြည်ရဲ့ လွတ်လပ်ရေးဟာ (၄၊၁၊၁၉၄၈) နေ့မှာ ရရှိမှာမဟုတ်သလို ယခုပြည်နယ် ဒေသတွေရဲ့ လွတ်လပ်ရေးဟာလည်း နောက်ထပ်နှစ်ပေါင်း (၃ဝ)လောက် ကြာသွားနိုင်တယ်လို့ သုတေသနပြုကြရပါတယ်။ ရွှေတိဂုံအလယ်ပစ္စယံ ဖဆပလညီလာခံ စစ်ပြီးခေတ်မှာ ဘုရင်ခံ ဆာဒေါ်မန်စမစ်ဟာ စက္ကူဖြူစီမံကိန်းကို ကိုင် လာပြီး ဆင်းမလားမြို့က ပြန်ရောက်လာတယ်။ ဖက်ဆစ်တော်လှန်ရေးအပြီး ဗိုလ်ချုပ်အောင် ဆန်းတို့ရဲ့ ဖဆပလအဖွဲ့ချုပ်ကြီးက ခေတ်နောက်ပြန်ဆွဲ အဲဒီစီမံကိန်းကို အကြီးအကျယ်ကန့်ကွက်တယ်။ (၁၇၊၁၊၄၆)နေ့ကစပြီး (၂၃၊၁၊၄၆)နေ့ အထိ ဖဆပလအဖွဲ့ချုပ်ကြီးရဲ့ ပထမအကြိမ်ညီလာခံကြီးကို ရွှေတိဂုံဘုရား အလယ်ပစ္စယံမှာ ကျင်းပတယ်။ လူထုတစ်သိန်းတက်ရောက် တယ်။ သဘာပတိက ဗိုလ်ချုပ်အောင်ဆန်းဖြစ်တယ်။ အဲဒီအဖွဲ့ချုပ်ကြီးကို ပါတီတွေ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ လူထုလူတန်းစားအဖွဲ့ (၁၅)ဖွဲ့ပါဝင်တဲ့ တပ်ဦးကြီးအသွင်ဖွဲ့ကြတယ်။ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ မျိုးချစ်၊ ဆင်းရဲသား -ဝံသာနု၊ တို့ဗမာအစည်း အရုံးတွေ ပါဝင်တဲ့ အဖွဲ့ချုပ်ကြီးဖြစ်လာတော့ မြန်မာနိုင်ငံရေးသမိုင်းမှာ အညီညွတ်ဆုံးကာလပဲလို့ အမွှန်းတင်ကြရတယ်။ ဒီညီလာခံကြီးရဲ့ ဆုံးဖြတ်ချက် အဆို(၁၈)ရပ်ကို တင်သွင်းကြ/ ထောက်ခံကြနဲ့ မြန်မာပြည်ကြီးရဲ့ အနာဂတ်ကို ပုံဖော်ခဲ့ကြတယ်။ 'အမျိုးသားညီညွတ်ရေး အဆို'ကို အဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းက တင်သွင်းတယ်။ အဲဒီအဆိုတွေအနက် အဆိုအမှတ်(၆) တိုင်းရင်းသားလူနည်းစု အရေးအဆိုကို ဒီးဒုတ်ဦးဘချိုက တင်သွင်းတယ်။ အဆိုအမှတ်(၇) နယ်ခြားဒေသများအား မြန်မာပြည်မနဲ့ ပေါင်းစည်းရေးအဆိုကို ဦးဖေခင်(နောင်သံအမတ်ကြီး)က တင်သွင်းတယ်။ အဲဒီအဆိုတွေ အားလုံးဟာ တိုင်းရင်းသားညီနောင်များရဲ့ အကျိုးစီးပွားအတွက် နောင်တော် ဖဆပလအဖွဲ့ချုပ်ကြီးက မမေ့မလျော့ဘဲ ဦးဦးဖျားဖျား တင်သွင်းကြ၊ ထောက်ခံကြနဲ့ ညီညီညွတ်ညွတ်ရှိခဲ့ကြတယ်။ အဲဒီမှာ ထူးခြားတာက ရှမ်းပြည်နယ်က ဧည့်သည်အဖြစ် ရောက်လာကြတဲ့ ဦးတင်ဧ၊ ဦးထွန်းမြင့်၊ ဦးခွန်ထီးစတဲ့ လူငယ်(၉)ဦးက ဦးဖေခင်ရဲ့အဆိုကို ထောက်ခံကြောင်း၊ စာနဲ့ရေးသားတင်ပြလို့ ဖဆပလအဖွဲ့က သခင်ဝတင်က ဖတ်ကြားခဲ့တယ်။ သွေးခွဲအုပ်ချုပ်ရေးအရ ပြည်နယ်ပြည်မ ဖြတ်သန်းခွင့်မပြုတဲ့ အင်္ဂလိပ်ရဲ့ အက်ဥပဒေက ရှိတယ်။ ရှမ်းပြည်နယ်က လူငယ်တွေလျှို့ဝှက်ပြီး တက်ရောက်ကြရတယ်။ ဖဆပလအဖွဲ့ချုပ်ကလည်း ရှမ်းပြည်နယ်မှာ စည်းရုံးရေးဒေသ ဖွင့်လို့မရသေးပါ။ နောက်ပိုင်းမှာ ဖဆပလအဖွဲ့ဝင် (၁၃)ဦးနဲ့ ရှမ်းပြည် နယ်ကလူငယ်ကိုယ်စားလှယ်(၁ဝ) ဦးတို့ ရန်ကုန်မြို့မှာ (၈၊၂၊၄၆)နေ့မှာ အသေးစိတ် ဆွေးနွေးကြတာ ရှိတယ်။ ချင်း၊ ကချင်၊ ရခိုင်ကိုယ်စားလှယ်တွေနဲ့ ဖဆပလ အဖွဲ့ချုပ်အမှုဆောင်တွေ ဆွေးနွေးကြတဲ့ မှတ်တမ်းတွေ ရှိခဲ့တယ်။ ဖဆပလ အဖွဲ့ဝင်တစ်ဦး စကားမှားလို့ ဦးတင်ဧက ကန့်ကွက်စာ ပို့ခဲ့တာကို ကွန်မြူနစ်ပါတီရဲ့ ပြည်သူ့အာဏာဂျာနယ်မှာ ဖဆပလနဲ့ ရှမ်းတွေ ကွဲကုန်ကြပြီလို့ ဖွလိုက်ကြသေးတယ်။ ရှမ်းပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု (၁၉၃၈)ခုနှစ် ကတည်းက ဦးတင်ဧတို့ အဖွဲ့က အလင်းရောင် စာကြည့်တိုက်ကို ညောင်ရွှေမြို့မှတည်ထောင် ခဲ့တယ်။ တခြားမြို့တွေမှာလည်း စာကြည့်တိုက်ခွဲတွေ ရှိတယ်။ နဂါးနီတိုက်က ထုတ်ဝေတဲ့ စာအုပ်တွေရှမ်းပြည်နယ်ကို ရောက်ခဲ့တယ်။ ရှမ်းလူငယ်တွေ နယ်ချဲ့ဆန့်ကျင်ရေး၊ ပဒေသရာဇ်ဆန့်ကျင်ရေးနဲ့ လွတ်လပ်ရေးတိုက်ပွဲ အတွက် အဆင်သင့် ဖြစ်နေပြီ။ ဂျပန်ခေတ်(၁၊၁၊၄၄) ရက်မှာ အာရှလူငယ်အသင်းကို တောင်ကြီးမြို့မှာ ဖွဲ့စည်းခဲ့တယ်။ (၁၃၊၄၊၄၃)ရက် ကတည်းက တောင်ကြီးမှာ အလင်းရောင်စာကြည့်တိုက် အသင်းကြီးဖွဲ့စည်းခဲ့တယ်။ စစ်ပြီးခေတ်မှာ ဦးတင်ဧတို့အဖွဲ့ဟာ ရှမ်းပြည်နယ်လွတ်လပ်ရေးအဖွဲ့ (ရပလ)ကို ဦးဆောင်ဖွဲ့စည်းကြတယ်။ ရပလအဖွဲ့ဟာ ပဒေသရာဇ်စနစ်ကို မကြိုက်ကြသလို နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်လည်း ရှိခဲ့ကြတယ်။ (၂ဝ၊၁၁၊ ၄၆) ရက်မှ (ရပလ)အဖွဲ့ အတွင်းရေးမှူး ဦးထွန်းမြင့်နဲ့အဖွဲ့တွေဟာ ရန်ကုန်မြို့၊ ဆန်းကဖီးမှာ ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ ဖဆပလအမှုဆောင်တွေနဲ့ ဆွေးနွေးမှု ပြုခဲ့တယ်။ ဖဆပလအဖွဲ့က လူကြီးတွေက ရှမ်းလူငယ်တွေကို ပဒေသရာဇ် ဆန့်ကျင်ရေးက အချိန်မတန်သေးကြောင်း၊ တိုင်းရင်းသားအားလုံး ညီညွတ်ရေးနဲ့ လွတ်လပ်ရေးကိုသာ ဂရုစိုက်ပြီး ဆောင်ရွက်စေလိုကြောင်း အကြံပြုခဲ့ကြတာလည်း နောက်ပိုင်းမှာ ထင်ရှားလာတယ်။ မြန်မာဘုရင်များနဲ့ ရှမ်းပဒေသရာဇ်တွေ အကြီးအကျယ် စိတ်ဝမ်းကွဲကြတာ မရှိပါ။ နယ်ချဲ့ရဲ့ ကိုလိုနီဘဝကို အတူရောက်ခဲ့ကြတာပဲ။ ပြည်မမှာ အင်္ဂလိပ် ကဗျူရိုကရေစီ ယန္တယား တပ်ဆင် လာပေမယ့် တောင်ကုန်းထူထပ်တဲ့ ဒေသတွေမှာ အုပ်ချုပ်ဖို့ ခက်ခဲလို့လည်း ဒေသအလိုက် သင့်သလို အုပ်ချုပ်ကြရင်း ပဒေသရာဇ်စနစ်က မဖျက်သိမ်း နိုင်သေးပါ။ ဆာနပ်ခေါ်တဲ့ စော်ဘွား ခန့်အပ်လွှာတွေ ပေးအပ်ပြီး စော်ဘွားအုပ်ချုပ်ရေးနဲ့ စခန်းသွားခဲ့တာပဲ။ ထိန်းချုပ်လာနိုင်တဲ့ အခါ တောင်တန်းဒေသ အုပ်ချုပ်ရေး ဥပဒေတွေ ပြဋ္ဌာန်းလာတယ်။ မျက်နှာဖြူ အရာရှိတွေ ရှမ်းပြည်နယ်မှာ သူတို့ကြိုက်တဲ့ ဘာသာရပ်တွေကို ထိန်းချုပ်လာတယ်။ သတ္တု/သစ်တောကဏ္ဍ စတာတွေမှာ စော်ဘွားတွေရဲ့ အကြိုက် ဖြစ်မလာတာ သေချာတယ်။ အများအားဖြင့် စော်ဘွားတွေဟာ ပြည်ပ ပညာတော်သင်လည်း ရောက်ခဲ့ကြပြီ။ အမြော်အမြင်ကြီးတဲ့ ပုဂ္ဂိုလ်တွေ၊ ခေတ်မီတဲ့ ပုဂ္ဂိုလ်များလည်းရှိတယ်။ ပြည်မက ခေါင်းဆောင်တွေနဲ့ အနေစိမ်းကြတယ်။ ဒါကို နယ်ချဲ့ အရာရှိတွေကလည်း သူတို့လိုသလို ပုံသွင်း၊ အကြံပေးတာတွေရှိတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ကို ယုံကြည်ကြတာကြောင့်လုပ်ငန်းတော်တော်များများ အဆင်ပြေခဲ့ရတယ်။ ဒုတိယကမ္ဘာစစ်ရဲ့ ဒဏ်ရာဒဏ်ချက်တွေဟာ တောင်ပေါ်ဒေသတွေလည်း မလွတ်ခဲ့ပါဘူး။ (၁၉၄၅)ခုနှစ် အလယ်မှာ မိုင်းပွန်စော်ဘွားကြီး (နောင်အာဇာနည်)ရဲ့ မဟာဒေဝီ အသုဘအခမ်းအနား ကျင်းပတော့ ရှမ်းပြည်နယ်က နယ်ရှင်စော်ဘွားကြီးတွေ ရောက်ရှိလာကြတယ်။ ခရီးကြုံကြိုက်တုန်း ကမ္ဘာ့အရေး၊ မြန်မာ့အရေးကို ဆွေးနွေးခဲ့ကြတယ်။ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းနဲ့ သထုံမြို့စားကြီး စဝ်ခွန်ကြည်တို့က ဦးဆောင် ဆွေးနွေးတယ်။ မြန်မာပြည်မက ဖဆပလအဖွဲ့ချုပ်ရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုကိုလည်း သိနေတယ်။ ရှမ်းပြည်နယ်အရေး ဆွေးနွေးကြဖို့၊ နောက်တစ်ကြိမ် မိုင်းကိုင်မြို့မှာ ဆုံတွေ့ကြဖို့ သဘောတူကြတယ်။ (၆၊၁၁၊၄၅)ရက် မိုင်းကိုင်မြို့မှာ တွေ့ဆုံကြတော့ ဘုရင်ခံထံ တင်သွင်း မယ့်စာကို ဆွေးနွေးကြတယ်။ တောင် ပိုင်စော်ဘွားကြီး စဝ်ခွန်ပန်းစိန်က သဘာပတိအဖြစ် ဆောင်ရွက်တယ်။ စော်ဘွားများကောင်စီအမှုဆောင်အဖွဲ့ ဖွဲ့စည်းဖို့စီစဉ်ကြတယ်။ (၁၄၊၁၁၊၄၆) ရက်မှာဘုရင်ခံထံကို(က) ရှမ်းပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ရေး (ခ) တန်းတူညီမျှ အခွင့်အရေးရရှိရေး (ဂ) ခွဲထွက်နိုင်ခွင့် စတဲ့ အချက်(၃)ချက်ပါတဲ့စာကို တင် သွင်းတယ်။ တောင်တန်းဒေသ ညွှန်ကြားရေးဝန် မစ္စတာစတီဗင်ဆင် လားရှိုးကို ရောက်လာတယ်။ စတီဗင်ဆင်နဲ့ ဆွေးနွေးပြီးနောက် စော်ဘွားတွေဗြိတိသျှ တောင်တန်းဒေသ အုပ်ချုပ်ရေးထဲမှာပဲ နေထိုင်လိုတယ်လို့ ဆိုပြန်တယ်။ ပြည်မခေါင်းဆောင်တွေ ကတော့ စတီဗင်ဆင် ရောက်လာပြီးမှ စော်ဘွားတွေ တွေဝေသွားတယ်လို့ မှတ်ချက်ချကြတယ်။ ပထမပင်လုံအစည်းအဝေး(၁၉၄၆) သံအမတ်ကြီး ဦးဖေခင်ရဲ့ အဆိုအရ ပင်လုံမှာ(၁၉၄၆)နဲ့ (၁၉၄၇) ခုနှစ် တွေမှာ အစည်းအဝေး(၂)ကြိမ် လုပ်ခဲ့တယ်။ ရန်ကုန်က အုပ်ချုပ်ရေးပိုင်းနဲ့ နိုင်ငံရေးပါတီတွေကိုဖိတ်တယ်။ ဖဆပလအဖွဲ့ချုပ်ဒုဥက္ကဋ္ဌ သခင်နု၊ မန်းဘခိုင် နဲ့ဦးဘဂျမ်းတို့တက်ရောက်ခဲ့ကြတယ်။ မျိုးချစ်ပါတီကဂဠုန်ဦးစောတက် ရောက်ခဲ့တယ်။ ဘုရင်ခံ ဆာဟူးဘတ်ရန့်(စ်)က နေမကောင်းလို့မလာနိုင်။ ဗိုလ်ချုပ်က ရခိုင်ခရီးစဉ်နဲ့ တိုက်ဆိုင်နေလို့ မတက်နိုင်ပါ။ နိုင်ငံရေးဆန်တဲ့ အစည်းအဝေး လုပ်လို့မရလို့ စက်မှုလက်မှုပြပွဲလို့ ခေါင်းစဉ်တပ်တယ်။ တကယ်လည်း စက်မှုလက်မှုပြပွဲလည်း လုပ်တယ်။ နိုင်ငံရေး ဆွေးနွေးပွဲလည်းပါတယ်။ (၂ဝ၊၃၊၄၆)ရက်မှာ ရှမ်းပြည်နယ်စက်မှုလက်မှုပြပွဲကို ပင်လုံမြို့မှာကျင်းပ တယ်။ အင်းလေးကပိုးထည်၊ မိုင်းကိုင်က စက္ကူ၊ မိုးနဲက ငွေဓား၊ ကျိုင်းတုံက ယွန်း-ရွှေထည်၊ လင်းခေးမြို့က ဗာဂျီးနီယားဆေးတွေကို ပြသခဲ့တယ်။ လင်းခေးဦးထွန်းမြင့်က ဗာဂျီးနီးယားဆေးစိုက်ပျိုးမှု စာတမ်းဖတ်တယ်။ ဦးတင်ဧ က ပညာရေးနဲ့ပတ်သက်ပြီးဟောပြောတယ်။ ကချင်၊ ချင်း၊ ကရင်နီ(ကယား) ကိုယ်စားလှယ်တွေ ကိုလည်း ဖိတ်တယ်။ ဒါဖြင့်ရင် ရှမ်းပြည်နယ်က ခေါင်းဆောင်တွေဟာ ရန်ကုန်မြို့က နိုင်ငံရေး ပါတီတွေကို သာမက တောင်တန်းဒေသက ပုဂ္ဂိုလ်တွေကိုပါ ဖိတ်ကြားပြသ ဆွေးနွေးတဲ့ စက်မှု လက်မှုပြပွဲနဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ခဲ့တယ်။ ဖဆပလ ကိုယ်စားလှယ် သခင်နုက ရှမ်း-ဗမာ ချစ်ကြည်ရေးကို အကျယ်တဝင့် ရှင်းပြတယ်။ အနောက်တိုင်း ရာဇဝင်ဆရာတွေ ရေးခဲ့တဲ့ စာအုပ်တွေရဲ့ သွေးခွဲခဲ့တာတွေကို ထောက်ပြတယ်။ သိုဟန်ဘွားကို မင်းကြီးရန်နောင်က သတ်ဖြတ် ဖယ်ရှားတာက သာသနာကို စော်ကားလို့ဖြစ်တယ်။ မင်းကြီးရန်နောင် မင်းမပြုဘဲ သီပေါက အုန်းဘောင် ခုံမှိုင်းကို နန်းတင်ပြီး ရဟန်းပြုသွားတဲ့ ဥပမာကို ပြောတယ်။ သီပေါမင်းကို အင်္ဂလိပ်က ဖမ်းဆီးသွားတော့ ညောင်ရွှေစော်ဘွားက လူ(၅ဝဝ)နဲ့ မန္တလေး၊ မဟာမြတ်မုနိဘုရားမှာ စောင့်နေတယ်။ အင်္ဂလိပ်လက်မှ သီပေါမင်းကို ပြန်လည်လုယူပြီး နန်းတင်ဖို့အကြံဖြစ်တယ်လို့ ပြောတော့ တက်ရောက်သူများကလလည်း သဘောကျကြတယ်။ ဂဠုန်ဦးစောကတော့ ဒီမိုနီယံလွတ်လပ်ရေးက မြန်မာတွေရနိုင်တယ်။ ဒိုမီနီယံ လွတ်လပ်ရေးရဲ့ ကောင်းကွက်တွေကိုလည်း ပြောတယ်။ နောင်နှစ်မှာလည်း အဲဒီလို အထွေထွေ ဆွေးနွေးရန် ဆုံဆည်းကြဖို့ ရည်ရွယ်ခဲ့တယ်။ အောင်ဆန်းအက်တလီစာချုပ် ဗြိတိသျှနန်းရင်းဝန် ကလီမင့် အက်တလီက ဗိုလ်ချုပ်အောင်ဆန်းတို့ကို (၂ဝ၊၁၂၊၄၆)ရက်မှာ လွတ်လပ်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ လန်ဒန်ကို ဖိတ်ကြားပါတယ်။ (၂၇၊၁၊၄၇)ရက်မှာ အောင်ဆန်းအက်တလီစာချုပ်အရ မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးတဲ့အခါ တောင်တန်းနယ်ဒေသများကိုပါ တစ်ပါတည်း ထည့်သွင်းပေးရန်ကိစ္စနှင့် ပတ်သက်၍ တောင်တန်းသားများရဲ့ သဘောထားများကိုလေ့လာရန် လိုအပ်ကြောင်း၊ ယင်းတို့၏ သဘောထားကို လေ့လာရန် ပင်လုံဆွေးနွေးပွဲတွင် ဖြစ်စေ၊ ယင်းကိစ္စအတွက် သီးခြားအစည်း အဝေးခေါ်ယူ၍ဖြစ်စေ လေ့လာရန် အချက်တစ်ရပ် ပါဝင်ပါတယ်။ ဒီကိစ္စက အလျင်အမြန် လုပ်ရမယ့်ကိစ္စဖြစ်တော့ မနှစ်က ပထမပင်လုံအစည်းအဝေး (၁၉၄၆)ခုနှစ် တွေ့ဆုံကြမည့် နေရာမှာပဲ ဒုတိယပင်လုံ အစည်းအဝေး(၁၉၄၇)ကို ကျင်းပမယ်လို့ လျာထားသတ်မှတ်ခဲ့ပါတယ်။ အောင်ဆန်းအက်တလီ စာချုပ်ဖို့အသွားမှာပဲ စော်ဘွား(၂)ဦးက လားရှိုးမြို့ကတစ်ဆင့် လန်ဒန်သို့ ပို့လိုက်တဲ့ သံကြိုးစာက မစ္စတာအက်တလီထံ ကြိုတင်ရောက်နေပြီလို့ အဆိုရှိတယ်။ သံကြိုးစာအရ ''အောင်ဆန်းဟာ စော်ဘွားများရဲ့ ကိုယ်စားလှယ်မဟုတ်လို့ ရှမ်းပြည်နယ်ကို ကိုယ်စားမပြုပါ။ ရှမ်းပြည်နယ်ကိစ္စ ဆွေးနွေးရန် စော်ဘွား ကိုယ်စားလှယ်များကို သီးခြားဖိတ်ပါလို့'' ပါရှိပါတယ်။ ဆွေးနွေးနေတာ ရက်အတော်ကြာပြီ။ ဗိုလ်ချုပ်အောင်ဆန်းလည်း စိတ်ပျက်သွားပြီး မြန်မာပြည်ကိုပြန်လာဖို့ လေယာဉ်ပျံ မှာခိုင်းတယ်။ ဒီသတင်းကိုရတော့ တောင်ကြီးမြို့မှာ ဦးဖေခင်၊ ဦးတင်ဧစတဲ့ ရှမ်းလူငယ်တွေ ကြွေးကြော်သံတွေနဲ့ တောင်ကြီးမြို့တွင်း လှည့်လည်ပြီး ဆန္ဒပြကြတယ်။ ''ဗိုလ်ချုပ်အောင်ဆန်းဟာ ရှမ်းပြည်နယ်လူထု ကိုယ်စားလှယ်ဖြစ်ကြောင်း'' တောင်ကြီးမြို့ကနေ လန်ဒန်ကို ကြေးနန်းရိုက်တော့မှ စာချုပ်ကိစ္စ အဆင်ပြေ သွားတယ်။ ရန်ကုန်ကို ဗိုလ်ချုပ်တို့ ပြန်ရောက်ပြီး (၂)ပတ်ခန့်အတွင်းမှာ ဒုတိယပင်လုံ အစည်းအဝေးကို တက်ရောက်ရပါမယ်။ အဲဒီအစည်းအဝေးမှာလည်း လန်ဒန်မြို့မှာလို အဆင်မပြေလို့ လေယာဉ်ပျံမှာရမယ့် ကိန်းက ဆိုက်ခဲ့သေးတယ်။ ဗိုလ်ချုပ်ရဲ့ ပွင့်လင်းရိုးသားမှုနဲ့ နယ်ရှင်စော်ဘွားတွေ၊ ရှမ်းလူထုကြီးနဲ့ ပြည်နယ်ကိုယ်စားလှယ်တွေ အမြော်အမြင်ကြီးမားစွာနဲ့ ကြိုးစားကြလို့ အခက်အခဲ အမျိုးမျိုးကြားက ပင်လုံစာချုပ်က အဆင်ပြေချောမော သွားကြတယ်။ တိုင်းရင်းသားအားလုံးရဲ့ သမိုင်းဝင် ပင်လုံစိတ်ဓာတ်ကို လေးစားချီးကျူးဖွယ် မှတ်တမ်းပြုအပ်ပါတယ်။ ပင်လုံ အစည်းအဝေးကြီးမှာ အခက်အခဲတွေ ဘယ်လိုရှိခဲ့တယ်ဆိုတာ ရှေ့တစ်ပတ် ဆက်ပါဦးမယ်။ မိုးမြင့်ဝင်း(သိပ္ပံ/နည်းပညာ)

၁၉၆၂ မှစ၍ဖျောက်ဖျက်ခြင်းခံထားရသောမိန့်ခွန်း(ဗိုလ်ချုပ်အောင်ဆန်း)

အောက်ပါ မိန့်ခွန်းမှာ ဂျပန်ခေတ် ၁၉၄၄ -ခု မတ်လ ၁၃ ရက်နေ့ နံနက်အချိန်တွင် မင်္ဂလာဒုံ ဗိုလ်သင် တန်းကျောင်း ဆင်း ပွဲ၌ ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြော ကြားသော မိန့်ခွန်းတရပ် ဖြစ်ကြောင်း။ သူကျဆုံးသွားခဲ့ရသော ဤဇူလိုင်လတွင် သူ့အား ပြန်ပြောင်း သ တိ ရမိ သည့်အားလျှော်စွာ သူ၏ ပြောင် မြောက်သော မိန့်ခွန်းကို ရှာဖွေဖော်ပြလိုက်ရခြင်းဖြစ်ကြောင်း။ (ဗိုလ်ဥတ္တမကျော်) ……………………………………………………………………. ရဲဘော်တို့ ယနေ့ ရဲဘော်တို့ အစုအချို့ဟာ စစ်ဗိုလ်လောင်းကလေးများအဖြစ် ဘွဲ့အဆင့်အတန်းကို ခံယူကြ ရတော့ မယ်။ ယနေ့ အထိ ရဲဘော်တို့ဟာ ကျောင်းသားများဖြစ်ပြီး တာဝန်ရယ်လို့ မိမိတို့အပေါ်မှာ မရှိ ကြသေး ဘူး။ ယနေ့ကျောင်းကထွက်ပြီး ဗမာ့တပ်မတော်အသီသီး ဋ္ဌာနအသီးသီးမှာ ရာထူးအလုပ်ဝတ္တရားများရတာနဲ့ တပြိုင် နက် ရဲ ဘော်တို့ အသီးသီးမှာ ကိုယ့်တာဝန်နှင့် ကိုယ့်ဝတ္တရားနှင့် ဖြစ်သွားပြီ။ ဒီလို ကိုယ့်တာဝန် ကိုယ့် ဝတ္တ ရားနှင့် ဗမာနိုင်ငံ တော်နဲ့ ဗမာ့တပ်မတော်ရဲ့ အမှုကိုထမ်းကြတဲ့အခါ ရဲဘော်တို့ကို မှာသင့် မှာ ရာ အချက်တွေကို ငါတို့မှာကြားလိုတယ်။ ပထမဆုံး ရဲဘော်တို့ကိုမှာချင်တာက ငါတို့ အခု ဗမာနိုင်ငံဟာ ကိုယ့်မင်းကိုယ့်ချင်းနိုင်ငံ ဖြစ်တယ်။ ဒို့တပ် မတော် ဟာ တနိုင်ငံလုံးတမျိုးသားလုံးရဲ့ အကျိုးအတွက်ဖြစ်တယ်။ ဒါကြောင့် ဒီနိုင်ငံ ဒီအကျိုးကို ကာကွယ် ရမယ့် ဗမာ့တပ်မတော် ဟာလည်း ဗမာတနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်ဆိုတာ နားလည် ရမယ်။ ဒီတပ်မတော်ဟာ လူတဦးတယောက်အတွက် တည်ထောင်ထားတာမဟုတ်။ တနိုင်ငံလုံး တမျိုးသားလုံး အတွက် ဖြစ် တယ်။ ဒီတပ်မတော်ဟာ တဖွဲ့တပါတီ လူတစုအတွက် တည်ထောင်ထား တာမဟုတ်။တနိုင်ငံလုံး တမျိုးသားလုံးအတွက် ဖြစ်တယ်။ တကယ့် သစ္စာဖြစ်ရမယ် ဒီတပ်မတော်ဟာ ရှေးအင်္ဂလိပ် လက်ထက်ကလို ကြေးစားတပ် မဟုတ်။ နိုင်ငံနဲ့ အမျိုးကို ကာ ကွယ်စောင့်ရှောင့်ဖို့ နိုင်ငံ နှင့်အမျိုးကို မတင်ပေးဖို့ ဖြစ်တယ်။ ဒါကြောင့် ဒီတပ်မတော်ဟာ နိုင်ငံနဲ့အမျိုး၏ သစ္စာ ကို အမြဲစောင့်ရမယ်။ ရှေးတုန်း ကလို တခြားနိုင်ငံ တခြားအမျိုးကို သစ္စာစောင့်တာမဟုတ်။ အဲဒီ လိုစောင့် တဲ့ သစ္စာဟာ ဝတ်ကြေတမ်းကြေစောင့်တဲ့ သစ္စာ ဖြစ်တယ်။ အခု ငါတို့ဟာ ငါတို့အမျိုး ငါတို့နိုင်ငံ ကို သစ္စာစောင့်ရမယ်။ ဒါကြောင့် ငါတို့စောင့်တဲ့သစ္စာဟာ တကယ့် သစ္စာဖြစ်ရမယ်။ အပေါ်ယံသာဖြစ်တဲ့ သစ္စာမဖြစ် ရဘူး။ ဘယ်လိုစောင့်ရမလဲ။ ယခုအခါ ရဲဘော်တို့ပေါ်မှာ နည်းလမ်းအ တိုင်း အဆင့်ဆင့် ခန့် အပ် ထားတဲ့ အကြီးအမှူးအားလုံးတွေဟာ ဒီနိုင်ငံ ဒီအမျိုးရဲ့ ကိုယ်စားတွေပဲ။ အဲဒီ ကိုယ်စား နိုင်ငံ နဲ့ အကျိုး ကို သစ္စာစောင့်ခြင်းဟာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်အမျိုးကို သစ္စာစောင့်တာပဲ။ ဒီတော့ ရဲဘော်တို့ မေးစရာ စကား တခွန်း ရှိတယ်။ တကယ်လို့ ဒီအကြီး အမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကြိုးငဲ့ပြီး နိုင်ငံနဲ့ အမျိုးကို သစ္စာ မဲ့ပြီး လုပ်ရင် ဘယ့် နှယ့်လုပ်မလဲ။ ဒီလို ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ နိုင်ငံကို ဆန့်ကျင်တဲ့ အကြီး အမှုးတွေ ဟာ ကြာကြာ မနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇဝင်မှာ ကြည့်လို့ရှိရင် ဘယ်ေ လာက် ကြီးတဲ့လူ ဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ် ကျတာချည်းပဲ။ ဒီလိုမတရားတဲ့ အကြီးအမှုးတွေ ရှိရင် ရဲဘော် တို့ရဲ့ အပေါ်မှာလည်း တည်တယ်။ ဥပမာ မတရားတဲ့ အ ကြီးအမှုးတယောက်က ဝတ္တရားနဲ့ မဆိုင် တဲ့ နိုင်ငံနှုင့် အများအကျိုးနဲ့ မပတ်သတ်တဲ့ အမိန်ကမျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျမကျ တရား မတ ရား နိုင်ငံနဲ့ အမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလိုကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းရင် သူ့ထက် ကြီး တဲ့အကြီး အမှုး တယောက်ကို ဖြစ်ဖြစ် အခြားအကြီးအမှုးတယောက် ကိုဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါ မှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ် မှားတယ် သိနိုင်ရမယ်။ တော်အောင်ကြိုးစားကြပါ ကျုပ်အဖို့ပြောရရင် ရဲဘော်တို့ထဲကဖြစ်ဖြစ် အခုတပ်ထဲမှာ ရှိတဲ့ စစ်သားကလေးက စပြီး အားလုံး ရဲေ ဘ်ာတွေ ထဲက ဖြစ် ဖြစ် ကျုပ်ထက် အရည်အချင်း အကျင့်စာရိတ္တ အလုပ်အကိုင် နိုင်ငံချစ်စိတ် အမြော် အမြင် ရှိတယ်လို့ တွေ့တာနဲ့တပြိုင် နက် ကျုပ်ဟာ အဲဒီလိုတော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့် ရှိတယ်။ ဒါကြောင့် ရဲဘော်တို့ အားလုံး ကြိုး စားကြပါ။ တော်အောင် ကြိုးစားကြပါ။ ရာထူးအဆင့်အတန်း ကနေ့ ရဲဘော်တို့အားလုံးကို စိတ်ထဲမှာ ရှိသည့်အတိုင်းပြောပြမယ်။ ယခုအခါ ငါတို့အထဲမှာ နိုင်ငံအတွက် အ မျိုး မျိုး အ နစ်နာခံဘူးတဲ့ လူတွေရှိတယ်။ ငါတို့ သိတာလည်း ရှိတယ်။ မသိတာလည်းရှိတယ်။ သို့သော် လည်း ရှေးကသာ ဒီလို အ နစ်နာခံပြီး အခုအလုပ်မလုပ်ရင် ဘယ်သူမှ မတိုးတတ်နိုင်ဘူး။ အကယ်၍ အခု လည်း အလုပ်လုပ်တယ်။ ရှေးကလည်း အနစ်နာခံဖူးတယ်ဆိုရင် ဒီလိုလူမျိုးဟာ လူများတကာထက် တိုး တတ်မှာ အမှန်ပဲ။ ကနေ့ ဆိုင်ရာလူကြီးတွေ မသိသေး လို့ မတိုးတတ်သေးရင် နောက်တနေ့ တိုးတတ်မှာပဲ။ တ ကယ်တော် တဲ့သူတွေဟာ ဘယ်သူမှ နှိမ်ထားလို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုလည်း သိဒ္ဓိတင်နေ စရာ မလိုဘူး။ လူကြီးတွေကိုလည်း မျက်နှာလုပ်စရာမလိုဘူး။ ဒါပေမယ့် နီပွန်က ပြန် လာလို့ စစ်ကျောင်းက ဆင်းလို့ ရှေးက အနစ်နာခံဖူးလို့ဆိုပြီး ယခုအခါ အလုပ်ကောင်းကောင်း မလုပ်ရင် ဘယ်သူမှတတ် မှာ မဟုတ် ဘူး။ ဒီ့ပြင်လူတွေအတွက် ကျုပ်မပြောနိုင်ပေမယ့ှ်ဗမာ့တပ်မတော်မှာ ကျုပ်အခုနေရာမှာ တာဝန် ယူနေသမျှ အခု ကျုပ်ပြောခဲ့တဲ့ စနစ်က တဆံခြည်မှ ခွာမသွားဘူး။ ရွေ့မသွားဘူးဆိုတာ အားလုံး သိစေ ချင်တယ်။ ဒါက ရာထူးအ ဆင့်အတန်း တိုးတတ်တာနဲ့ ပတ်သတ်ပြီးရဲဘော်တို့ကို သိဘို့ပြောပြခြင်းပဲ။ တန်ခိုးပြဘို့မဟုတ် တခြား မှာကြားလိုတဲ့ အချက်ကတော့ ပြောနေကြစကားပဲ။ ဒါပေမယ့် ထပ်ပြီး အဓိပ္ပာယ် လေးနက်အောင် ပြောလိုက် ဦးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဘို့မဟုတ်။ လက်နက်အားကိုးတန်ခိုးပြဘို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ် ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနဲ့ နားလည်အောင်ပြောပြတာ ပဲ။ဒီစကားကို ကျုပ်ပြောတာက စစ်တပ်ကို ကျုပ်ပြန်နှိမ်ချင်တဲ့ သဘောနဲ့ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လည်း မတရား မလုပ်။ နိုင်ငံရဲ့ ရန်သူတွေမဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေဆိုတာ အားလုံးသဘော ပေါက်အောင် ပြောပြခြင်းပဲ။ အမှန်ပြောရရင် လူတွေဟာပုထုဇဉ်တွေဘဲ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင် တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့သူတွေကလည်း အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူကို လက်နက် အားကိုး အာဏာအားကိုး လုပ်ချင်တယ်ပြောကြတာပဲ။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျ တော့ အရင်တုန်းကပြောတာတွေမေ့ပြီး တမျိုးလုပ်ကြတာပဲ။ ဒါထုံးစံဘဲ။ ငါတို့က ဒီလိုမဟုတ် အားနည်းတဲ့အခါလည်း အားကြီးတဲ့လူကို မတရားရင် မကြောက်။ အားကြီးတဲ့အခါလည်း အားငယ်တဲ့လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင် တယ်။ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်တယ်လို့ ပြောတာဘဲ။ နိုင်ငံဟာ ဘာလဲ။ နိုင်ငံဟာ အ မျိုးပဲ။ အမျိုးဟာ ဘာလဲ။ အမျိုးဟာ တနိုင်ငံလုံးမှာရှိတဲ့ နိုင်ငံရဲ့အကျိုးကိုလုပ်ပြီး နိုင်ငံရဲ့အမှုကို ဘယ်ခါမဆို ထမ်းမယ် ဆိုတဲ့လူ အားလုံးပဲ။ ဒီနေရာမှာ လူမျိုးရေးတရားအစစ်ကို ပြောပြချင်တယ်။ မှန်ကန်သော လူမျိုးရေးတရား လူမျိုးရေးတရားဆိုတာ ဘာလဲ။ ကိုယ့်အမျိုးသာ ချစ်ပြီး ဒီ့ပြင် လူမျိုးတွေကို မုန်းထားတာ လူမျိုးရေး တရားဘဲလား။ မ ဟုတ်ဘူး။ ကိုယ့်အမျိုးချစ်ယုံနဲ့ ဒီ့ပြင်လူမျိုးကိုလည်း မုန်းဘို့မလိုဘူး။ သို့်သော်လည်း ကိုယ့်အမျိုးအကျိုးကို လာထိတဲ့ လူတွေကိုတော့ အတွင်းကလူ ဖြစ်ဖြစ် အပြင်ကလူ ဖြစ်ဖြစ် တိုက်ခိုက်နှိမ်နင်းရမှာပေါ့။ ဒါက ငါတို့အမျိုးရဲ့ ရန်သူ အဖြစ် သာ နှိမ်နင်းခြင်းဖြစ်တယ်။ ဘယ်လူမျိုး ဘယ်သူ ဘယ်ဝါဆိုပြီး နှိမ်နင်းတာမဟုတ်ဘူး။ ရာဇဝင်ကိုကြည့်ရင် ကမ္ဘာ့လူမျိုး တွေဟာ အချင်းချင်းတိုက်တဲ့အခါ တိုက်ကြတာ တွေ့ရမှာပဲ။ မတည့်သည့်အခါ တိုက်ကြတဲ့အခါ တိုက်ကြရမှာပေါ့။ ဒါ ပေမယ့် တခြားလူမျိုးတွေကို မုန်းတာဟာ လူမျိုးေ၇းလို့ ထင်တာ တထစ်ချမှားတယ်။ ကျုပ်တို့ဟာ မဆိုင်တဲ့တခြားလူမျိုး တွေကို မုန်းဘို့မလိုဘူး။ ကျုပ်တို့ နိုင်ငံအတွင်းမှာလည်း တိုင်းရင်းသားအချင်းချင်း ဗမာပဲ ရှမ်းပဲ ကရင်ပဲ ချင်းပဲ စသဖြင့် ခွဲစရာ မလိုဘူး။ ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတု ဟုတ်တာနဲ့ မဟုတ်တာ ခွဲခြားသိရမယ်။ လူမျိုးရေးတရားဖြစ်ဖြစ် ဘာဖြစ်ဖြစ် အမှန်တရားကို ယူတတ်ရမယ်။ ဒါက လူမျိုးရေး တရားနဲ့ပါတ်သတ်ပြီး ကျုပ်မှာချင် တာပဲ။ ဇာတိမာန် ကောင်းကောင်းထားတတ်အောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။ ဗမာတွေက လူဖျင်းတွေ လူပျင်းတွေ လူ ကြောက်တွေ လူပိုတွေ လူရိုင်းတွေ လူ့ဂွစာတွေ လူ့မတရားတာတွေ ဒီလို ကမ္ဘာမှာ အထင်ခံရအောင် မလုပ်ပါနဲ့။ ဗမာ တွေဟာ ဒီလိုမဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုးရေးတရားနဲ့ပတ်သတ်ပြီး မှာချင်တာပဲ။ လူကြီးဆိုတာ ဘာလဲ နောက် မှာချင်တာက ရှေ့ကို ရဲဘော်တို့ဟာ လူကြီးဖြစ်နေပြီ။ လူကြီးဆိုတာ ဘာလဲ။ အသက်ကြီးတာကို ဆိုလို တာ လား။ မဟုတ်ဘူး။ အသက်မကြီးပေမယ့် လုပ်တဲ့အလုပ်ကြီးရင် လူကြီးဘဲ။ အခု ငါတို့ ရဲဘော် တို့ရဲ့ အလုပ်ဟာ ငါတို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာ ဒါတွေကို ငါတို့ ရင်မြေကတုတ်လုပ်ပြီး ကာကွယ်ဘို့ပဲ။ ဒီ့ထက်ကြီးတဲ့အလုပ် ရှိနိုင်ပါဦးမ လား။ မရှိနိုင်ဘူး ဒါကြောင့် ငါတို့ဟာ လူကြီးစိတ်ပေါက်ရ မယ်။ အစစ အရာ ရာ ဆင်ခြင်တတ်ရမယ်။ ကောင်းသည် မကောင်းသည် တော်သည် မတော်သည် ဟုတ်သည် မဟု တ်သည်ကို ဆင်ခြင်တိုင်းထွာနိုင်ရမယ်။ အခု ငါတို့ အချို့အ လုပ်တွေက သက်သေပြနေတယ်။ ဘေးက လူတွေပြောတိုင်း အရမ်းမယုံကြနဲ့။ စူးစမ်းဆင်ခြင်ပြီးမှ ယုံကြရမယ်။ ငါတို့ ဝတ္တရားနဲ့မဆိုင်တဲ့ အကျယ် အ ကျယ် ဖြစ်မယ့်ကိစ္စဆိုရင် ငါတို့ရှောင်ရမယ်။ ဘယ်လို ဘေးကလူက ဗိုလ်ကြီးရဲ့— ဘာ ကြီးရဲ့— နဲ့ လာမြှောက်ပေးပေး ငါတို့မပါရဘူး။ ဝတ္တရားနဲ့ ငါတို့တော့မဆိုင်ဘူး။ ဒါပေ မယ့် ကောင်းတဲ့ကိစ္စ တရားတဲ့ ကိစ္စ လူအများ ကျေးဇူးတင်မယ့် ကိစ္စဆိုရင် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး လျစ်လျူ မရှု့ပါနဲ့။ ကူညီပေးကြပါ။ ဆွေမျိုးကိစ္စ မိတ် ဆွေကိစ္စတွေဟာ ကိုယ်တာဝန်လုပ်တဲ့အရေးမှာ မနှောက်ယှက် ပါစေနဲ့။ ဘယ်တော့မှ သစ္စာမဖောက် နောက်ပြီးမှာချင်တာက ပြောခဲ့တဲ့အတိုင်း ကိုယ့်ကိုယ်ကို အထင်မကြီးပါနဲ့။ ဒီမှာသင်လိုက်တာတွေဟာ ပညာ ကုန်ပြီ မ ယူဆကြနဲ့။ ပညာဟာ ဘယ်တော့မှ ကုန်တယ်မရှိဘူး။ လူမျိုးဖြစ်ဖြစ် နိုင်ငံဖြစ်ဖြစ် လူတဦး တည်ြး ဖစ်ဖြစ် တိုးတတ်မှုဟာ လက်ရှိအခြေအနေနဲ့ အားမရဘဲ တင်းမတိမ်ဘဲ ရှေ့ဆက်လက် ကြိုးစား မှ သာ တိုးတတ်မှုဖြစ်နိုင်တယ်ဆိုတာ ရာဇဝင် သမိုင်းတွေက ကောင်းကောင်းပြထားတယ်။ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားကြည့်လည်း သိနိုင်တာပဲ။ဒါကြောင့် ဘယ်ဟာကိုမှ လှေနံဓါးထစ် မယူပါနဲ့။ အထင်မကြီးပါနဲ့။ ဒီ့ထက်တိုးအောင်လုပ်ကြပါ။ အခု ငါတို့နိုင်ငံဟာ လွတ်လပ်တယ် ဆိုပေမယ့် ဟန်မကျတာတွေ အများကြီးပဲ။ ကျုပ်မှာလည်း ချွတ်ယွင်းချက်တွေ့ရှိတာဘဲ။ ကိုယ့်ချို့ယွင်းချက်ကို ကိုယ်ပြင်ကြရမယ်။ သို့ပေမယ့် ကျုပ် ရဲဘော်တို့ကို ကတိတခု ပြုမယ်။ နိုင်ငံနဲ့ အများအကျိုးရဲ့သစ္စာကို ကျုပ် ဘယ်တော့မှ မေ ဖာက်။ ရဲဘော်တို့ထဲက ဖြစ်ဖြစ် ဒီ့ပြင်ထဲက ဖြစ်ဖြစ် ကျုပ်ထက်တော်တဲ့လူ ထွက်ပြ နိုင်ပါစေ။ ကျုပ်ဖယ်ပေး ဘို့ အသင့်ပဲ။ စစ်သားမှစစ်သားဆိုတဲ့ စိတ်ကို ဖျောက်ကြ နောက်ဆုံးတခု မှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓါတ်မထားကြဘို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ် ဒီ့ပြင်နိုင်ငံ မှာ ဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်တဲ့ လူတွေရှိကြတာမဟုတ်ဘူး။ တခြား စစ်သား မ ဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုး မျိုး အနစ်နာခံ အမျိုးမျိုးစွန့်စား လုပ်ကြတဲ့ လူတွေလဲရှိတာပဲ။ အဲ ဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့် တခုနား လည်စေ ချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည်လုပ်မယ်။ စစ် တပ်ရဲ့ အခွင့်အရေးများကို မတ ရား ချိုးဖျက်မယ်ဆိုရင် ကျုပ် အစွမ်းကုန်ကြိုးစား တိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့ သိစေ ချင်ပါတယ်။ ကနေ့ ဒီမှာပြောတာတွေကို အားလုံးစစ်သားတွေ သိပါစေ။ သိအောင်ပြောပြကြပါ။ အဲဒါ နောက်ဆုံး မှာကြာြး

Thursday, July 2, 2015

ကျွန်တော်ဆံပင်တွေရှည်တုန်းက(သစ္စာနီ)

(၁) ကျနော်ဆံပင်တွေရှည်တုန်းက... ကျနော် အရပ်မရှည်ပါ။ ကျနော့်အင်္ကျီကော်လံကတော့ ရှည်ပါသည်။ ကျနော်ကြိုက်သော ကောင်မလေးကလည်း ရှည်ပါသည်။ (သူမအရပ်အမောင်းကိုမှီရန် သို့မဟုတ် မီသည်ဟု အထင်ရောက်စေရန် ကျနော်သည် ခွာလေးလက်မခန့်မြင့်သော ဟိုက်ဟီး ရှူးဖိနပ်ကို သူမနှင့်ဆုံရန် ရှိတိုင်း ဂရုပြုကာ စီးလေ့ရှိပါသည်။) ကျနော့်ရည်းစားစာကလည်း ရှည်ပါသည်။ သို့သော် ကျနော်၏ တစ်ဖက်သတ် အချစ်ဇာတ်လမ်းကတော့ မရှည်ပါ။ ကောင်မလေးသည် သူမ၏ချစ်သူ (ကျနော့်ထက်ရော သူမထက်ပါ အရပ်ပိုရှည်သောငနဲ) နှင့် လက်ဆက်သွားပါသည်။ သူတို့၏ အိမ်ထောင်ရေးသက် ရှည်မရှည် ကျနော်မသိပါ။ ကျနော့်အလွမ်းတွေ ရှည်နေခဲ့သည်မှာ နောက်ထပ် ချစ်စရာကောင်းသော ကောင်မလေးတစ်ယောက်နှင့်ကျနော် တွေ့ဆုံခွင့်ရသည့် အချိန်ထိဖြစ်လေသည်။ (၂) ကျနော်ဆံပင်တွေရှည်တုန်းက... ကျနော့်ခြေထောက်တွေလဲ ရှည်ပါသည်။ (လမ်းများခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ သို့သော် ကျနော့်အဖေကတော့ အလည်လွန်နေလျှင် ကျနော်ကိုယ်တာ ထမင်း၊ဟင်းများကို နောက်ဖေးလမ်းကြားသို့ လွှင့်ပစ်လိုက်ပါသည်။ သတ်မှတ်ချိန်ထက် နောက်ကျပြန်လာလျှင် (သူ့သတ်မှတ်ချိန်မှာ ည ကိုးနာရီဖြစ်ပါသည်။) တံခါးဝတွင် ကြိမ်လုံးနှင့် စောင့်ကြိုနေတတ်သည်။ သို့မဟုတ် တံခါးဖွင့်မပေးဘဲ ထားကာ အိမ်အပြင်တွင် အိပ်စက်စေသည်။ သူ့အပြစ်ပေးမှုများမှာ ကျနော့်အတွက် ထူးခြားထိရောက်မှုမရှိပါ။ သူက ကျနော့်ဆံပင်ရှည်သည်ကို ကြည့်မရ။ အတန်းတစ်တန်းတွင် နှစ်အရှည်ကြီးနေတာကို မနှစ်မြို့။ (ကိုးတန်းတွင် ၅ နှစ်နှင့် ဆယ်တန်းတွင် ၅ နှစ်နေထိုင်ခဲ့သည်။) ကျနော့် ကျောင်းသုံးဗလာစာအုပ်များမှာ ကဗျာအကြမ်းများနှင့် ပြည့်ကျပ် ထူပိန်းနေသည်။ ကျနော် မိုးရေထဲတွင် လမ်းအရှည်ကြီး လျှောက်ခဲ့သည်။ ထိုလမ်းသည် အဖေလျှောက်စေချင်သော လမ်းမဟုတ်။ သူနှင့်ကျနော့် ကြားမှ အဆင်ပြေမှုများသည် သူကွယ်လွန်သည့် အချိန်ထိ ရှည်လျားနေခဲ့သည်။ (၃) ကျနော့်ဆံပင်တွေ ရှည်တုန်းက... ကျနော့်သူငယ်ချင်းများလည်း ဆံပင်ရှည်ကြသည်။ ဘီတဲလ်တို့လည်း ဆံပင်ရှည်ကြသည်။ ရိုလင်းစတုန်းတို့လည်း ဆံပင်ရှည်ကြသည်။ ကမ္ဘာပေါ်ရှိ လူငယ်များလည်း ဆံပင်ရှည်ကြသည်။ ကျနော်တို့ (ဆံပင်ရှည်များ) မိန်းမနှင့် ကလေးများက ကြောက်လန့်ကြပြီး ဆံပင်တိုသော ယောက်ျားများက ရွံ့မုန်းခဲ့ကြသည်။ လမ်းသရဲဟု အမည်တပ်ကြသည်။ ကျနော်တို့သည် စတီရီယိုဟုခေါ်သော သီချင်းများကို ဆိုကြသည်။ လမ်းမများပေါ်တွင် ရန်ဖြစ်ကြသည်။ အိမ်တွင် မပျော်ပိုက်ကြ။ ပုန်ကန်သူများဖြစ်ကြသည်။ ဘုရားမရှိခိုးသူများ ဖြစ်ကြသည်။ လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုကို ထူထောင်သူများ ဖြစ်ခဲ့ကြသည်။ ဂျင်းဘောင်းဘီဝယ်ရန် အိပ်မက်မက်ခဲ့သည်။ ကျနော်အသက်သည် ၂၀ ကျော်ဖြစ်သည်။ တိုက်ပုံဝတ်သူများကို စစ်ကြေငြာခဲ့သည်။ (၄) ကျနော့်ဆံပင်တွေ ရှည်တုန်းက... လပေါ်ကို လူတို့ ခြေချခဲ့ကြသည်။ မာက်စ်ဝါဒသည် မျိုးဆက်သစ်တို့ ဖက်ရှင်ဖြစ်ခဲ့သည်။ လက်ဖက်ရည်တစ်ခွက်၏ တန်ဖိုးမှာ တစ်မက်ဖြစ်သည်။ အိုင်စတိုင်း၏ ရီလီတီးဗစ်တီ သီအိုရီကို ကြားခဲ့ဖူးသည်။(နားမလည်ပါ။) အင်းယားကန်ထဲတွင် ရေကူးခဲ့ကြသည်။ သမ္မတကနေဒီ သေနတ်ဖြင့် အပစ်ခံရသည်။ ကက်သရင်းဒညုကို လက်ထက်ချင်နေခဲ့သည်။ ကျနော့်တွင် တက်ထရွန်အင်္ကျီ နှစ်ထည်ရှိနေခဲ့သည်။ ကျနော့်ကို ကျနော် အရေးပါသောသူဟု ထင်နေခဲ့သည်။ ပန်းချီကို ဆရာမရှိဘဲ ရေးနေခဲ့သည်။ ဟောလီးဝုဒ်ကားများ ရုံတင်သည့် ရုပ်ရှင်ရုံများတွင် အချိန်ကုန်နေခဲ့သည်။ ဘော်ဘီဖစ်ရှား၏ စစ်တုရင်အကွက်များကို လေ့လာနေခဲ့သည်။ ချီဂွေဗားရား အတ္ထုပတ္တိကို ငါးခါပြန်ဖတ်နေခဲ့သည်။ (၅) ကျနော့်ဆံပင်တွေ ရှည်တုန်းက... ဘရစ်တနီစပီယား နှင့် အိန္ဒြာကျော်ဇင်တို့ကို မမွေးသေးပါ။ စကြဝဠာ နှင့် အချိန်၏ အစ (မဟာပေါက်ကွဲမှု) ကိုရှာဖွေမတွေ့သေးပါ။ ဘာလင်တံတိုင်းကြီးကို မဖြိုဖျက်ရသေးပါ။ ရုပ်မြင်သံကြား မကြည့်ဖူးသေးပါ။ အိုဇုန်းလွှာလည်း မပေါက်ပြဲသေးပါ။ မဟာစည် ဆရာတော်ဘုရား ပျံလွန်တော်မမူသေးပါ။ ကျနော် စာကြည့်မျက်မှန် အသုံးမပြုသေးပါ။ သန်လျင် နှင့် ရန်ကုန်ကို တံတားမထိုးရသေးပါ။ ကျနော့်ဆံပင်တွေရှည်တုန်းက... ကျနော် ယခုလိုဆံပင်မတိုပါ။ သစ္စာနီ