Friday, July 3, 2015

ပင်လုံစိတ်ဓါတ်(သို့မဟုတ်)အောင်ဆန်း အက်တလီ စာချုပ်

အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသားတွေ စည်းလုံး ညီညွတ်ပြီး လွတ်လပ်ရေး ပန်းတိုင်ကို ချီတက်ဖို့အတွက် သမိုင်းဝင် ပင်လုံ အစည်းအဝေးကြီး (၁၉၄၇)မှာ အခက်အခဲ အကျပ်အတည်း တွေနဲ့ ရင်ဆိုင် ရပြီးတော့မှ ပင်လုံစာချုပ်ကြီးကို (၁၂၊၂၊၁၉၄၇) နေ့မှာ ချုပ်ဆို နိုင်ခဲ့ပါတယ်။ ပင်လုံစာချုပ် လက်မှတ်ရေးထိုးစဉ်က တည်ဆောက်ခဲ့ရတဲ့ စိတ်ဓာတ်ကို နောင်အခါ ပင်လုံစိတ်ဓာတ်လို့ မွန်မွန်မြတ်မြတ် ကမ္ပည်းထိုးနိုင် ခဲ့ပါတယ်။ အလွယ်တကူဆောင်ရွက်လို့မရခဲ့သလို တိုင်းရင်းသားများ သွေးစည်း ချစ်ကြည်ရေးဟာ ရေရှည်တည်တံ့ခိုင်မြဲဖို့ လိုပါတယ်။ သိမ်မွေ့ပြီး သိပ်ပြီးလည်း အကဲဆတ်ပါတယ်။ (၁၉၄၅)ခုနှစ်မှ (၁၉၄၈)ခု နှစ်အထိ လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာ ရွှေတိဂုံဘုရား အလယ်ပစ္စယံ ဖဆပလအဖွဲ့ချုပ် ညီလာခံကြီး (၁၉၄၆)၊ အောင်ဆန်းအက်တလီ စာချုပ် (၁၉၄၇)နဲ့ သမိုင်းဝင် ပင်လုံအစည်းအဝေးကြီး (၁၉၄၇) တို့ဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့ ဖြစ်စဉ်ကြီး(၃)ရပ် ဖြစ်ပါတယ်။ ပထမဖြစ်ရပ်က ကိုလိုနီဘုရင်ခံ ဆာဒေါ်မန်စမစ်နဲ့ နန်းရင်းဝန်ဆာပေါ်ထွန်းရဲ့ လက်ထက်မှာဖြစ်ခဲ့ပြီး ဒုတိယနဲ့ တတိယဖြစ်စဉ်ကြီး (၂)ရပ်ကတော့ ဘုရင်ခံ ဆာဟူးဘတ်ရန့်(စ်)၊ အမှုဆောင်ကောင်စီ (နောင်အမျိုးသားယာယီအစိုးရ) ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ဦးစီးပြီး ပြုလုပ်တဲ့ ဖြစ်စဉ်ကြီးတွေပါပဲ။ အဲဒီသမိုင်းဝင်ဖြစ်စဉ်ကြီး (၃)ရပ်ဖြစ်ပေါ်မလာရင် မြန်မာပြည်ရဲ့ လွတ်လပ်ရေးဟာ (၄၊၁၊၁၉၄၈) နေ့မှာ ရရှိမှာမဟုတ်သလို ယခုပြည်နယ် ဒေသတွေရဲ့ လွတ်လပ်ရေးဟာလည်း နောက်ထပ်နှစ်ပေါင်း (၃ဝ)လောက် ကြာသွားနိုင်တယ်လို့ သုတေသနပြုကြရပါတယ်။ ရွှေတိဂုံအလယ်ပစ္စယံ ဖဆပလညီလာခံ စစ်ပြီးခေတ်မှာ ဘုရင်ခံ ဆာဒေါ်မန်စမစ်ဟာ စက္ကူဖြူစီမံကိန်းကို ကိုင် လာပြီး ဆင်းမလားမြို့က ပြန်ရောက်လာတယ်။ ဖက်ဆစ်တော်လှန်ရေးအပြီး ဗိုလ်ချုပ်အောင် ဆန်းတို့ရဲ့ ဖဆပလအဖွဲ့ချုပ်ကြီးက ခေတ်နောက်ပြန်ဆွဲ အဲဒီစီမံကိန်းကို အကြီးအကျယ်ကန့်ကွက်တယ်။ (၁၇၊၁၊၄၆)နေ့ကစပြီး (၂၃၊၁၊၄၆)နေ့ အထိ ဖဆပလအဖွဲ့ချုပ်ကြီးရဲ့ ပထမအကြိမ်ညီလာခံကြီးကို ရွှေတိဂုံဘုရား အလယ်ပစ္စယံမှာ ကျင်းပတယ်။ လူထုတစ်သိန်းတက်ရောက် တယ်။ သဘာပတိက ဗိုလ်ချုပ်အောင်ဆန်းဖြစ်တယ်။ အဲဒီအဖွဲ့ချုပ်ကြီးကို ပါတီတွေ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ လူထုလူတန်းစားအဖွဲ့ (၁၅)ဖွဲ့ပါဝင်တဲ့ တပ်ဦးကြီးအသွင်ဖွဲ့ကြတယ်။ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ မျိုးချစ်၊ ဆင်းရဲသား -ဝံသာနု၊ တို့ဗမာအစည်း အရုံးတွေ ပါဝင်တဲ့ အဖွဲ့ချုပ်ကြီးဖြစ်လာတော့ မြန်မာနိုင်ငံရေးသမိုင်းမှာ အညီညွတ်ဆုံးကာလပဲလို့ အမွှန်းတင်ကြရတယ်။ ဒီညီလာခံကြီးရဲ့ ဆုံးဖြတ်ချက် အဆို(၁၈)ရပ်ကို တင်သွင်းကြ/ ထောက်ခံကြနဲ့ မြန်မာပြည်ကြီးရဲ့ အနာဂတ်ကို ပုံဖော်ခဲ့ကြတယ်။ 'အမျိုးသားညီညွတ်ရေး အဆို'ကို အဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းက တင်သွင်းတယ်။ အဲဒီအဆိုတွေအနက် အဆိုအမှတ်(၆) တိုင်းရင်းသားလူနည်းစု အရေးအဆိုကို ဒီးဒုတ်ဦးဘချိုက တင်သွင်းတယ်။ အဆိုအမှတ်(၇) နယ်ခြားဒေသများအား မြန်မာပြည်မနဲ့ ပေါင်းစည်းရေးအဆိုကို ဦးဖေခင်(နောင်သံအမတ်ကြီး)က တင်သွင်းတယ်။ အဲဒီအဆိုတွေ အားလုံးဟာ တိုင်းရင်းသားညီနောင်များရဲ့ အကျိုးစီးပွားအတွက် နောင်တော် ဖဆပလအဖွဲ့ချုပ်ကြီးက မမေ့မလျော့ဘဲ ဦးဦးဖျားဖျား တင်သွင်းကြ၊ ထောက်ခံကြနဲ့ ညီညီညွတ်ညွတ်ရှိခဲ့ကြတယ်။ အဲဒီမှာ ထူးခြားတာက ရှမ်းပြည်နယ်က ဧည့်သည်အဖြစ် ရောက်လာကြတဲ့ ဦးတင်ဧ၊ ဦးထွန်းမြင့်၊ ဦးခွန်ထီးစတဲ့ လူငယ်(၉)ဦးက ဦးဖေခင်ရဲ့အဆိုကို ထောက်ခံကြောင်း၊ စာနဲ့ရေးသားတင်ပြလို့ ဖဆပလအဖွဲ့က သခင်ဝတင်က ဖတ်ကြားခဲ့တယ်။ သွေးခွဲအုပ်ချုပ်ရေးအရ ပြည်နယ်ပြည်မ ဖြတ်သန်းခွင့်မပြုတဲ့ အင်္ဂလိပ်ရဲ့ အက်ဥပဒေက ရှိတယ်။ ရှမ်းပြည်နယ်က လူငယ်တွေလျှို့ဝှက်ပြီး တက်ရောက်ကြရတယ်။ ဖဆပလအဖွဲ့ချုပ်ကလည်း ရှမ်းပြည်နယ်မှာ စည်းရုံးရေးဒေသ ဖွင့်လို့မရသေးပါ။ နောက်ပိုင်းမှာ ဖဆပလအဖွဲ့ဝင် (၁၃)ဦးနဲ့ ရှမ်းပြည် နယ်ကလူငယ်ကိုယ်စားလှယ်(၁ဝ) ဦးတို့ ရန်ကုန်မြို့မှာ (၈၊၂၊၄၆)နေ့မှာ အသေးစိတ် ဆွေးနွေးကြတာ ရှိတယ်။ ချင်း၊ ကချင်၊ ရခိုင်ကိုယ်စားလှယ်တွေနဲ့ ဖဆပလ အဖွဲ့ချုပ်အမှုဆောင်တွေ ဆွေးနွေးကြတဲ့ မှတ်တမ်းတွေ ရှိခဲ့တယ်။ ဖဆပလ အဖွဲ့ဝင်တစ်ဦး စကားမှားလို့ ဦးတင်ဧက ကန့်ကွက်စာ ပို့ခဲ့တာကို ကွန်မြူနစ်ပါတီရဲ့ ပြည်သူ့အာဏာဂျာနယ်မှာ ဖဆပလနဲ့ ရှမ်းတွေ ကွဲကုန်ကြပြီလို့ ဖွလိုက်ကြသေးတယ်။ ရှမ်းပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု (၁၉၃၈)ခုနှစ် ကတည်းက ဦးတင်ဧတို့ အဖွဲ့က အလင်းရောင် စာကြည့်တိုက်ကို ညောင်ရွှေမြို့မှတည်ထောင် ခဲ့တယ်။ တခြားမြို့တွေမှာလည်း စာကြည့်တိုက်ခွဲတွေ ရှိတယ်။ နဂါးနီတိုက်က ထုတ်ဝေတဲ့ စာအုပ်တွေရှမ်းပြည်နယ်ကို ရောက်ခဲ့တယ်။ ရှမ်းလူငယ်တွေ နယ်ချဲ့ဆန့်ကျင်ရေး၊ ပဒေသရာဇ်ဆန့်ကျင်ရေးနဲ့ လွတ်လပ်ရေးတိုက်ပွဲ အတွက် အဆင်သင့် ဖြစ်နေပြီ။ ဂျပန်ခေတ်(၁၊၁၊၄၄) ရက်မှာ အာရှလူငယ်အသင်းကို တောင်ကြီးမြို့မှာ ဖွဲ့စည်းခဲ့တယ်။ (၁၃၊၄၊၄၃)ရက် ကတည်းက တောင်ကြီးမှာ အလင်းရောင်စာကြည့်တိုက် အသင်းကြီးဖွဲ့စည်းခဲ့တယ်။ စစ်ပြီးခေတ်မှာ ဦးတင်ဧတို့အဖွဲ့ဟာ ရှမ်းပြည်နယ်လွတ်လပ်ရေးအဖွဲ့ (ရပလ)ကို ဦးဆောင်ဖွဲ့စည်းကြတယ်။ ရပလအဖွဲ့ဟာ ပဒေသရာဇ်စနစ်ကို မကြိုက်ကြသလို နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်လည်း ရှိခဲ့ကြတယ်။ (၂ဝ၊၁၁၊ ၄၆) ရက်မှ (ရပလ)အဖွဲ့ အတွင်းရေးမှူး ဦးထွန်းမြင့်နဲ့အဖွဲ့တွေဟာ ရန်ကုန်မြို့၊ ဆန်းကဖီးမှာ ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ ဖဆပလအမှုဆောင်တွေနဲ့ ဆွေးနွေးမှု ပြုခဲ့တယ်။ ဖဆပလအဖွဲ့က လူကြီးတွေက ရှမ်းလူငယ်တွေကို ပဒေသရာဇ် ဆန့်ကျင်ရေးက အချိန်မတန်သေးကြောင်း၊ တိုင်းရင်းသားအားလုံး ညီညွတ်ရေးနဲ့ လွတ်လပ်ရေးကိုသာ ဂရုစိုက်ပြီး ဆောင်ရွက်စေလိုကြောင်း အကြံပြုခဲ့ကြတာလည်း နောက်ပိုင်းမှာ ထင်ရှားလာတယ်။ မြန်မာဘုရင်များနဲ့ ရှမ်းပဒေသရာဇ်တွေ အကြီးအကျယ် စိတ်ဝမ်းကွဲကြတာ မရှိပါ။ နယ်ချဲ့ရဲ့ ကိုလိုနီဘဝကို အတူရောက်ခဲ့ကြတာပဲ။ ပြည်မမှာ အင်္ဂလိပ် ကဗျူရိုကရေစီ ယန္တယား တပ်ဆင် လာပေမယ့် တောင်ကုန်းထူထပ်တဲ့ ဒေသတွေမှာ အုပ်ချုပ်ဖို့ ခက်ခဲလို့လည်း ဒေသအလိုက် သင့်သလို အုပ်ချုပ်ကြရင်း ပဒေသရာဇ်စနစ်က မဖျက်သိမ်း နိုင်သေးပါ။ ဆာနပ်ခေါ်တဲ့ စော်ဘွား ခန့်အပ်လွှာတွေ ပေးအပ်ပြီး စော်ဘွားအုပ်ချုပ်ရေးနဲ့ စခန်းသွားခဲ့တာပဲ။ ထိန်းချုပ်လာနိုင်တဲ့ အခါ တောင်တန်းဒေသ အုပ်ချုပ်ရေး ဥပဒေတွေ ပြဋ္ဌာန်းလာတယ်။ မျက်နှာဖြူ အရာရှိတွေ ရှမ်းပြည်နယ်မှာ သူတို့ကြိုက်တဲ့ ဘာသာရပ်တွေကို ထိန်းချုပ်လာတယ်။ သတ္တု/သစ်တောကဏ္ဍ စတာတွေမှာ စော်ဘွားတွေရဲ့ အကြိုက် ဖြစ်မလာတာ သေချာတယ်။ အများအားဖြင့် စော်ဘွားတွေဟာ ပြည်ပ ပညာတော်သင်လည်း ရောက်ခဲ့ကြပြီ။ အမြော်အမြင်ကြီးတဲ့ ပုဂ္ဂိုလ်တွေ၊ ခေတ်မီတဲ့ ပုဂ္ဂိုလ်များလည်းရှိတယ်။ ပြည်မက ခေါင်းဆောင်တွေနဲ့ အနေစိမ်းကြတယ်။ ဒါကို နယ်ချဲ့ အရာရှိတွေကလည်း သူတို့လိုသလို ပုံသွင်း၊ အကြံပေးတာတွေရှိတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ကို ယုံကြည်ကြတာကြောင့်လုပ်ငန်းတော်တော်များများ အဆင်ပြေခဲ့ရတယ်။ ဒုတိယကမ္ဘာစစ်ရဲ့ ဒဏ်ရာဒဏ်ချက်တွေဟာ တောင်ပေါ်ဒေသတွေလည်း မလွတ်ခဲ့ပါဘူး။ (၁၉၄၅)ခုနှစ် အလယ်မှာ မိုင်းပွန်စော်ဘွားကြီး (နောင်အာဇာနည်)ရဲ့ မဟာဒေဝီ အသုဘအခမ်းအနား ကျင်းပတော့ ရှမ်းပြည်နယ်က နယ်ရှင်စော်ဘွားကြီးတွေ ရောက်ရှိလာကြတယ်။ ခရီးကြုံကြိုက်တုန်း ကမ္ဘာ့အရေး၊ မြန်မာ့အရေးကို ဆွေးနွေးခဲ့ကြတယ်။ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းနဲ့ သထုံမြို့စားကြီး စဝ်ခွန်ကြည်တို့က ဦးဆောင် ဆွေးနွေးတယ်။ မြန်မာပြည်မက ဖဆပလအဖွဲ့ချုပ်ရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုကိုလည်း သိနေတယ်။ ရှမ်းပြည်နယ်အရေး ဆွေးနွေးကြဖို့၊ နောက်တစ်ကြိမ် မိုင်းကိုင်မြို့မှာ ဆုံတွေ့ကြဖို့ သဘောတူကြတယ်။ (၆၊၁၁၊၄၅)ရက် မိုင်းကိုင်မြို့မှာ တွေ့ဆုံကြတော့ ဘုရင်ခံထံ တင်သွင်း မယ့်စာကို ဆွေးနွေးကြတယ်။ တောင် ပိုင်စော်ဘွားကြီး စဝ်ခွန်ပန်းစိန်က သဘာပတိအဖြစ် ဆောင်ရွက်တယ်။ စော်ဘွားများကောင်စီအမှုဆောင်အဖွဲ့ ဖွဲ့စည်းဖို့စီစဉ်ကြတယ်။ (၁၄၊၁၁၊၄၆) ရက်မှာဘုရင်ခံထံကို(က) ရှမ်းပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ရေး (ခ) တန်းတူညီမျှ အခွင့်အရေးရရှိရေး (ဂ) ခွဲထွက်နိုင်ခွင့် စတဲ့ အချက်(၃)ချက်ပါတဲ့စာကို တင် သွင်းတယ်။ တောင်တန်းဒေသ ညွှန်ကြားရေးဝန် မစ္စတာစတီဗင်ဆင် လားရှိုးကို ရောက်လာတယ်။ စတီဗင်ဆင်နဲ့ ဆွေးနွေးပြီးနောက် စော်ဘွားတွေဗြိတိသျှ တောင်တန်းဒေသ အုပ်ချုပ်ရေးထဲမှာပဲ နေထိုင်လိုတယ်လို့ ဆိုပြန်တယ်။ ပြည်မခေါင်းဆောင်တွေ ကတော့ စတီဗင်ဆင် ရောက်လာပြီးမှ စော်ဘွားတွေ တွေဝေသွားတယ်လို့ မှတ်ချက်ချကြတယ်။ ပထမပင်လုံအစည်းအဝေး(၁၉၄၆) သံအမတ်ကြီး ဦးဖေခင်ရဲ့ အဆိုအရ ပင်လုံမှာ(၁၉၄၆)နဲ့ (၁၉၄၇) ခုနှစ် တွေမှာ အစည်းအဝေး(၂)ကြိမ် လုပ်ခဲ့တယ်။ ရန်ကုန်က အုပ်ချုပ်ရေးပိုင်းနဲ့ နိုင်ငံရေးပါတီတွေကိုဖိတ်တယ်။ ဖဆပလအဖွဲ့ချုပ်ဒုဥက္ကဋ္ဌ သခင်နု၊ မန်းဘခိုင် နဲ့ဦးဘဂျမ်းတို့တက်ရောက်ခဲ့ကြတယ်။ မျိုးချစ်ပါတီကဂဠုန်ဦးစောတက် ရောက်ခဲ့တယ်။ ဘုရင်ခံ ဆာဟူးဘတ်ရန့်(စ်)က နေမကောင်းလို့မလာနိုင်။ ဗိုလ်ချုပ်က ရခိုင်ခရီးစဉ်နဲ့ တိုက်ဆိုင်နေလို့ မတက်နိုင်ပါ။ နိုင်ငံရေးဆန်တဲ့ အစည်းအဝေး လုပ်လို့မရလို့ စက်မှုလက်မှုပြပွဲလို့ ခေါင်းစဉ်တပ်တယ်။ တကယ်လည်း စက်မှုလက်မှုပြပွဲလည်း လုပ်တယ်။ နိုင်ငံရေး ဆွေးနွေးပွဲလည်းပါတယ်။ (၂ဝ၊၃၊၄၆)ရက်မှာ ရှမ်းပြည်နယ်စက်မှုလက်မှုပြပွဲကို ပင်လုံမြို့မှာကျင်းပ တယ်။ အင်းလေးကပိုးထည်၊ မိုင်းကိုင်က စက္ကူ၊ မိုးနဲက ငွေဓား၊ ကျိုင်းတုံက ယွန်း-ရွှေထည်၊ လင်းခေးမြို့က ဗာဂျီးနီယားဆေးတွေကို ပြသခဲ့တယ်။ လင်းခေးဦးထွန်းမြင့်က ဗာဂျီးနီးယားဆေးစိုက်ပျိုးမှု စာတမ်းဖတ်တယ်။ ဦးတင်ဧ က ပညာရေးနဲ့ပတ်သက်ပြီးဟောပြောတယ်။ ကချင်၊ ချင်း၊ ကရင်နီ(ကယား) ကိုယ်စားလှယ်တွေ ကိုလည်း ဖိတ်တယ်။ ဒါဖြင့်ရင် ရှမ်းပြည်နယ်က ခေါင်းဆောင်တွေဟာ ရန်ကုန်မြို့က နိုင်ငံရေး ပါတီတွေကို သာမက တောင်တန်းဒေသက ပုဂ္ဂိုလ်တွေကိုပါ ဖိတ်ကြားပြသ ဆွေးနွေးတဲ့ စက်မှု လက်မှုပြပွဲနဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ခဲ့တယ်။ ဖဆပလ ကိုယ်စားလှယ် သခင်နုက ရှမ်း-ဗမာ ချစ်ကြည်ရေးကို အကျယ်တဝင့် ရှင်းပြတယ်။ အနောက်တိုင်း ရာဇဝင်ဆရာတွေ ရေးခဲ့တဲ့ စာအုပ်တွေရဲ့ သွေးခွဲခဲ့တာတွေကို ထောက်ပြတယ်။ သိုဟန်ဘွားကို မင်းကြီးရန်နောင်က သတ်ဖြတ် ဖယ်ရှားတာက သာသနာကို စော်ကားလို့ဖြစ်တယ်။ မင်းကြီးရန်နောင် မင်းမပြုဘဲ သီပေါက အုန်းဘောင် ခုံမှိုင်းကို နန်းတင်ပြီး ရဟန်းပြုသွားတဲ့ ဥပမာကို ပြောတယ်။ သီပေါမင်းကို အင်္ဂလိပ်က ဖမ်းဆီးသွားတော့ ညောင်ရွှေစော်ဘွားက လူ(၅ဝဝ)နဲ့ မန္တလေး၊ မဟာမြတ်မုနိဘုရားမှာ စောင့်နေတယ်။ အင်္ဂလိပ်လက်မှ သီပေါမင်းကို ပြန်လည်လုယူပြီး နန်းတင်ဖို့အကြံဖြစ်တယ်လို့ ပြောတော့ တက်ရောက်သူများကလလည်း သဘောကျကြတယ်။ ဂဠုန်ဦးစောကတော့ ဒီမိုနီယံလွတ်လပ်ရေးက မြန်မာတွေရနိုင်တယ်။ ဒိုမီနီယံ လွတ်လပ်ရေးရဲ့ ကောင်းကွက်တွေကိုလည်း ပြောတယ်။ နောင်နှစ်မှာလည်း အဲဒီလို အထွေထွေ ဆွေးနွေးရန် ဆုံဆည်းကြဖို့ ရည်ရွယ်ခဲ့တယ်။ အောင်ဆန်းအက်တလီစာချုပ် ဗြိတိသျှနန်းရင်းဝန် ကလီမင့် အက်တလီက ဗိုလ်ချုပ်အောင်ဆန်းတို့ကို (၂ဝ၊၁၂၊၄၆)ရက်မှာ လွတ်လပ်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ လန်ဒန်ကို ဖိတ်ကြားပါတယ်။ (၂၇၊၁၊၄၇)ရက်မှာ အောင်ဆန်းအက်တလီစာချုပ်အရ မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးတဲ့အခါ တောင်တန်းနယ်ဒေသများကိုပါ တစ်ပါတည်း ထည့်သွင်းပေးရန်ကိစ္စနှင့် ပတ်သက်၍ တောင်တန်းသားများရဲ့ သဘောထားများကိုလေ့လာရန် လိုအပ်ကြောင်း၊ ယင်းတို့၏ သဘောထားကို လေ့လာရန် ပင်လုံဆွေးနွေးပွဲတွင် ဖြစ်စေ၊ ယင်းကိစ္စအတွက် သီးခြားအစည်း အဝေးခေါ်ယူ၍ဖြစ်စေ လေ့လာရန် အချက်တစ်ရပ် ပါဝင်ပါတယ်။ ဒီကိစ္စက အလျင်အမြန် လုပ်ရမယ့်ကိစ္စဖြစ်တော့ မနှစ်က ပထမပင်လုံအစည်းအဝေး (၁၉၄၆)ခုနှစ် တွေ့ဆုံကြမည့် နေရာမှာပဲ ဒုတိယပင်လုံ အစည်းအဝေး(၁၉၄၇)ကို ကျင်းပမယ်လို့ လျာထားသတ်မှတ်ခဲ့ပါတယ်။ အောင်ဆန်းအက်တလီ စာချုပ်ဖို့အသွားမှာပဲ စော်ဘွား(၂)ဦးက လားရှိုးမြို့ကတစ်ဆင့် လန်ဒန်သို့ ပို့လိုက်တဲ့ သံကြိုးစာက မစ္စတာအက်တလီထံ ကြိုတင်ရောက်နေပြီလို့ အဆိုရှိတယ်။ သံကြိုးစာအရ ''အောင်ဆန်းဟာ စော်ဘွားများရဲ့ ကိုယ်စားလှယ်မဟုတ်လို့ ရှမ်းပြည်နယ်ကို ကိုယ်စားမပြုပါ။ ရှမ်းပြည်နယ်ကိစ္စ ဆွေးနွေးရန် စော်ဘွား ကိုယ်စားလှယ်များကို သီးခြားဖိတ်ပါလို့'' ပါရှိပါတယ်။ ဆွေးနွေးနေတာ ရက်အတော်ကြာပြီ။ ဗိုလ်ချုပ်အောင်ဆန်းလည်း စိတ်ပျက်သွားပြီး မြန်မာပြည်ကိုပြန်လာဖို့ လေယာဉ်ပျံ မှာခိုင်းတယ်။ ဒီသတင်းကိုရတော့ တောင်ကြီးမြို့မှာ ဦးဖေခင်၊ ဦးတင်ဧစတဲ့ ရှမ်းလူငယ်တွေ ကြွေးကြော်သံတွေနဲ့ တောင်ကြီးမြို့တွင်း လှည့်လည်ပြီး ဆန္ဒပြကြတယ်။ ''ဗိုလ်ချုပ်အောင်ဆန်းဟာ ရှမ်းပြည်နယ်လူထု ကိုယ်စားလှယ်ဖြစ်ကြောင်း'' တောင်ကြီးမြို့ကနေ လန်ဒန်ကို ကြေးနန်းရိုက်တော့မှ စာချုပ်ကိစ္စ အဆင်ပြေ သွားတယ်။ ရန်ကုန်ကို ဗိုလ်ချုပ်တို့ ပြန်ရောက်ပြီး (၂)ပတ်ခန့်အတွင်းမှာ ဒုတိယပင်လုံ အစည်းအဝေးကို တက်ရောက်ရပါမယ်။ အဲဒီအစည်းအဝေးမှာလည်း လန်ဒန်မြို့မှာလို အဆင်မပြေလို့ လေယာဉ်ပျံမှာရမယ့် ကိန်းက ဆိုက်ခဲ့သေးတယ်။ ဗိုလ်ချုပ်ရဲ့ ပွင့်လင်းရိုးသားမှုနဲ့ နယ်ရှင်စော်ဘွားတွေ၊ ရှမ်းလူထုကြီးနဲ့ ပြည်နယ်ကိုယ်စားလှယ်တွေ အမြော်အမြင်ကြီးမားစွာနဲ့ ကြိုးစားကြလို့ အခက်အခဲ အမျိုးမျိုးကြားက ပင်လုံစာချုပ်က အဆင်ပြေချောမော သွားကြတယ်။ တိုင်းရင်းသားအားလုံးရဲ့ သမိုင်းဝင် ပင်လုံစိတ်ဓာတ်ကို လေးစားချီးကျူးဖွယ် မှတ်တမ်းပြုအပ်ပါတယ်။ ပင်လုံ အစည်းအဝေးကြီးမှာ အခက်အခဲတွေ ဘယ်လိုရှိခဲ့တယ်ဆိုတာ ရှေ့တစ်ပတ် ဆက်ပါဦးမယ်။ မိုးမြင့်ဝင်း(သိပ္ပံ/နည်းပညာ)

No comments:

Post a Comment