Saturday, August 8, 2015

မပြီစဆုံးသေးသည့် ဒီမိုကရေစီတိုက်ပွဲ(7 Day new)

မြန်မာနိုင်ငံ ‘‘ရှစ်လေးလုံး အရေးတော်ပုံ’’ဟု လူသိများသည့် ၁၉၈၈ လူထုအုံကြွမှုဖြစ်ပွားခဲ့ သည်မှာ ယနေ့တွင် (၂၇)နှစ်တိတိပြည့်ခဲ့ပြီဖြစ်သည်။ တစ်ပါတီအာဏာရှင်စနစ် ဖြုတ်ချရေး၊ ပါတီစုံဒီမိုကရေစီ စနစ်ပေါ်ထွန်းရေးအတွက် ကျောင်းသား၊ ပြည်သူလူထု လူ တန်းစားမျိုးစုံပါဝင်ခဲ့သော မြန်မာပြည်၏ ၁၉၈၈ ဒီမိုကရေစီတိုက်ပွဲ သည် အာရှတိုက်၏ အကြီးမားဆုံးတော်လှန်ရေးလှုပ်ရှားမှုသမိုင်းဟု ကမ္ဘာကပင် တင်စားရသည်အထိ ကြီးကျယ်ခဲ့သည်။ ဗိုလ်ချုပ်နေ၀င်းဦးဆောင် သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီ၏ တစ်ပါတီအာဏာရှင် စနစ်အောက် စီးပွားရေး၊ လူမှု ရေး၊ နိုင်ငံရေး၊ ပညာရေးအထွေ ထွေကျပ်တည်းမှုများကြောင့် နှစ် ပေါင်းများစွာ ဖိနှိပ်ခံနေရသော မြန်မာပြည်သူများသည် ရန်ကုန် တက္ကသိုလ်မှ ကျောင်းသားခေါင်း ဆောင်များ၏ ဦးဆောင်မှုဖြင့် ၁၉၈၈ သြဂုတ် ၈ ရက်တွင် ဒီမိုက ရေစီတိုက်ပွဲကို စတင်ဆင်နွှဲခဲ့ကြ သည်။ တစ်ပါတီအာဏာရှင်စနစ် ကို ဖြုတ်ချရန် ကြိုးစားခဲ့သော အရေးတော်ပုံကျောင်းသားနှင့် ပြည်သူအချို့မှာ စစ်အာဏာရှင်စနစ်အောက်တွင် အသက်ပေါင်းများစွာ ထပ်မံပေးဆပ်ခဲ့ရသည်။အစဉ် အဆက်ကျောင်းသားလှုပ်ရှားမှုများကို ဖြိုခွဲသည်ထက် ပိုမိုကြမ်းတမ်းရက်စက်စွာ ဖြိုခွဲခံခဲ့ရ သည်။ ယခုနှစ်ပေါင်း (၂၇) နှစ်ကြာ ပြီးနောက် ရှစ်လေးလုံးမှ အစပြုခဲ့ သည့် ဒီမိုကရေစီအရေးတော်ပုံ တိုက်ပွဲတွင် တပ်ဦးက ပါဝင်ခဲ့ သည့် ကျောင်းသားခေါင်းဆောင် အချို့ လွှတ်တော်နိုင်ငံရေးလမ်း ကြောင်းကို ရွေးချယ်ရန် အခွင့်အ ရေးရသည်အထိ နိုင်ငံရေးအခွင့် အလမ်းများ ပွင့်လင်းလာနေပြီ ဖြစ်သည်။ သို့သော်ဒီမိုကရေစီတိုက်ပွဲ မှာမူ မပြီးဆုံးသေးကြောင်းနှင့် လက်ရှိမျက်မှောက်မြန်မာ့နိုင်ငံ ရေးအခြေအနေအရ အင်အားစု များအားလုံး ယခုထက်ပိုမိုညီ ညွတ်စည်းလုံးစွာ လှုပ်ရှားကြရန် လိုအပ်နေပြီဖြစ်ကြောင်း ရှစ်လေး လုံးမှ ပေါက်ဖွားလာသည့် ကျောင်းသားခေါင်းဆောင်များက ပြောကြားသည်။ အထူးသဖြင့် လက်ရှိအခြေ အနေတွင် ဒီချုပ်မှ ကိုယ်စားလှယ် လောင်းစာရင်းကြောင့် ဒီမိုကရေစီအင်အားစုများအကြား စိတ်ဝမ်း ကွဲမှုများက အရေးတော်ပုံက ဖော် ဆောင်ပေးခဲ့သည့် ဒီမိုကရေစီ ရည်မှန်းချက်ပန်းတိုင်နှင့် သွေဖည်မသွားစေရေးပင်ဖြစ်ကြောင်း အ ရေးတော်ပုံတွင် ပါဝင်ခဲ့သူများက ပြောကြားသည်။ မြန်မာပြည်သည် ၈၈ ကဲ့သို့ အကြီးမားဆုံးလူထုအုံကြွမှုကြီး တစ်ခုကို ရယူနိုင်ခဲ့သော်လည်း အညံ့ဆုံးအဖြေနှင့်သာ နေခဲ့ကြရ ပြီး ယနေ့အထိ အောင်မြင်မှုမရ နိုင်သေးခြင်းမှာ အရေးတော်ပုံကို ဦးဆောင်လှုပ်ရှားခဲ့သူများတွင် နိုင်ငံရေးအမြင် (Vision)နှင့် ရည် မှန်းချက် (Mission) တို့ မရှိခဲ့ခြင်း ကြောင့်ဖြစ်ကြောင်း ၈၈ အရေး တော်ပုံတွင် တပ်ဦးမှ ပါဝင်ခဲ့သူ ဇာဂနာက ပြောသည်။ ‘‘အဲဒီကတည်းက ဒီအရေး တော်ပုံကို တာဝန်ယူခဲ့တဲ့ လူကြီး တွေ အချင်းချင်းကို မတည့်ခဲ့ကြ ဘူး။ ဦးနုရဲ့ စင်ပြိုင်အစိုးရကို ထောက်ခံလိုက်ရင် ဒေါက်တာ မောင်မောင်အစိုးရကို ဖြုတ်ချပြီး သားဖြစ်သွားမယ်။ နိုင်ငံတကာ ကလည်း ဒီအစိုးရကို ထောက်ခံ ကြလိမ့်မယ်။ ဒါကို ဒီလူကြီး ပွဲ လန့်တုန်းဖျာဝင်ခင်းတယ်လို့ ကျွန်တော်တို့ မြင်တယ်။ အဲဒါကိုက Political Strategic(နိုင်ငံရေး မဟာဗျူဟာ)မရှိတာ။ ဆေး တက္ကသိုလ်မှာ ကျောင်းသား တစ် ရာ့ငါးဆယ်ကျော်တွေ့ပြီးချိန် ဒေါက်တာ မောင်မောင်က ကြား ဖြတ်ဖွဲ့ပြီး ရွေးကောက်ပွဲလုပ်ဖို့ ကမ်းလှမ်းတာကို မလိုချင်ဘူး ငြင်းခဲ့ပြန်တယ်။ နောက်ဆုံးဒေါက် တာမောင်မောင်က ရွေးကောက်ပွဲ ရက် ကြေညာတယ်။ ဒါကိုလည်း စစ်အစိုးရအလိုမရှိလုပ်ကောင်း တုန်း။ တစ်ဖက်မှာ စောမောင်တို့၊ ခင်ညွန့်တို့ကို ဒေါက်တာ မောင်မောင်က အာဏာသိမ်းပါလို့သွား ပြောဖို့ ကြံချိန်၊ ကျွန်တော်တို့က ရန်ဖြစ်လို့ကောင်းတုန်း။ ကျွန်တော်တို့မှာ လုံလောက်တဲ့နည်းဗျူဟာမရှိဘူး။ အခု (၂၇) နှစ်ကြာတဲ့အထိလည်း ဒါကို ချမပြနိုင်သေးဘူး’’ဟု ဇာဂနာကပြောသည်။ ၈၈ အရေးတော်ပုံမှာ ကမ္ဘာ့ သမိုင်းတွင်ရော မြန်မာ့သမိုင်းတွင်ပါ ဒီမိုကရေစီအရေး စံနမူနာယူ လောက်စရာ လှုပ်ရှားမှုကြီးဖြစ်ခဲ့ သည်။ သို့သော်လည်း (၂၇) နှစ် ရှိလာသည့်တိုင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသံကြိုးနှင့် ချုပ်ကိုင် ထားသည့် ယနေ့မျက်မှောက်နိုင်ငံရေးအခင်းအကျင်းကြောင့် အ ရေးတော်ပုံရည်မှန်းချက်များ မပြည့်ဝနိုင်သေးကြောင်း ၈၈ မျိုး ဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်ပြီး အရေးတော်ပုံလှုပ် ရှားမှုတပ်ဦးတွင် ပါဝင်ခဲ့သည့် ဦး မင်းဇေယျာက ပြောသည်။ ‘‘အခုဖြစ်ပေါ်နေတဲ့ အ ပြောင်းအလဲက ရှစ်လေးလုံး အကျိုးဆက်ဆိုတာ ဘယ်သူမှ မ ငြင်းနိုင်ဘူး။ အကျိုးဆက်က ရှိ တာမှန်ပေမယ့် ထိရောက်မှုမရှိ ဘူးဖြစ်နေတယ်။ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသား များတန်းတူညီမျှရေးအတွက် ဖက်ဒရယ်ပြည်ထောင်စုစနစ် ပန်းတိုင်ကို ရောက်ဖို့အတွက် နိုင်ငံ ရေးကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့ ယဉ်ကျေးမှုတည် ဆောက်နေချိန်မှာ လွှတ်တော် တွင်း နိုင်ငံရေးရော လွှတ်တော်ပြင်ပနိုင်ငံရေးပါလုပ်ဖို့ လိုအပ်တယ်။ ဒါပေမဲ့ ဗိုလ်ချုပ်စကား တစ်ခွန်းသတိရတယ်။ သောက် ကျင့်တွေ ပြင်ဖို့ လိုပြီဆိုတာ။ ညီညွတ်ရေးကို လိုချင်တယ်။ ဒါပေမဲ့ကျွန်တော်တို့ အချင်းချင်းညီ ညွတ်ရေးကို မတည်ဆောက်နိုင်ဘူး။ ရိုးသားရမယ်။ တန်းတူညီ မျှရတယ်ဆိုတာ ပြောတယ်။ ဒါပေမဲ့ကျွန်တော်တို့ ကိုယ်တိုင်မကျင့်ကြံနိုင်သေးဘူး။ သင်ခန်းစာ မယူနိုင်သေးဘူး’’ဟု ၎င်းက ပြော သည်။ လက်ရှိနိုင်ငံရေးအခင်းအ ကျင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေကို အခြေပြုထားသည့် အခင်းအကျင်းဖြစ်ပြီး စစ်မှန်မှု မရှိသည့် ဟန်ပြဒီမိုကရေစီပြုပြင် ပြောင်းလဲမှုများအဖြစ်သာ နိုင်ငံ ရေးသမားများ၊ နိုင်ငံရေးလေ့လာ အကဲခတ်သူများက ရှုမြင်သည်။ ထို့ကြောင့် လူမှုရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး ပြောင်းလဲမှုများမှာ အစစ်အမှန်မဟုတ်ဘဲ စစ်တစ် ပိုင်း အစိုးရအာဏာရရေး အတွက် အချိန်ဆွဲနေပြီး အပြောင်းအလဲ ၏ အကျိုးကျေးဇူးကို ပြည်သူ လူထုမခံစားရကြောင်း ဦးမင်း ဇေယျာက ဆက်လက်ပြောသည်။ ‘‘အခုနိုင်ငံမှာ ရေဘေးထက် ဆိုးနေတာက ရွေးကောက်ပွဲဘေး ပဲ။ ကျွန်တော်တို့မှာ အချင်းချင်း တွေ စိတ်ဝမ်းမကွဲအောင် လိုက် ထိန်းနေရတယ်။ အခုဒီမိုကရေစီ အင်အားစုတွေ အကွဲအပြဲစိတ် ၀မ်းကွဲသလိုဖြစ်နေရင် အဲဒါဟာ လာမယ့် ရွေးကောက်ပွဲမှာ USDP အားသာဖို့ ဖြစ်သွားလိမ့်မယ်’’ဟု ဇာဂနာက ပြောသည်။ ရှစ်လေးလုံးအရေးတော်ပုံ သည် မြန်မာနိုင်ငံအတွင်း အဓိက အတိုက်အခံအင်အားစုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် ကို မွေးထုတ်ပေးခဲ့သည်။ အရေး တော်ပုံမှ မြန်မာ့နိုင်ငံရေးအတွက် ဘ၀ကို ရင်းကာ ဒီမိုကရေစီအရေး ဆောင်ရွက်သော ကျောင်းသား ခေါင်းဆောင်များ မွေးထုတ်ခဲ့ သည်။ ကျောင်းသားများ ဦးဆောင် သည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ် သော ကျောင်းသားတပ်မတော် (ABSDF)ကို ပေါ်ပေါက်စေခဲ့ သည်။ ရှစ်လေးလုံးအရေးတော်ပုံ ဟု မှတ်သားပြောကြားနေသော် လည်း မျိုးဆက်ပေါင်းများစွာ စဉ် ဆက်မပြတ်ဆန့်ကျင်လှုပ်ရှားခဲ့မှု များအားလုံး စုဆုံပေါက်ကွဲသည့် လူထုလှုပ်ရှားမှုဖြစ်ပြီး ရှစ်လေး လုံးအရေးတော်ပုံ အစပျိုးခဲ့သည့် မတ်လ ၁၃ ရက် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်ကျဆုံးခဲ့ ပြီးနောက် မတ်လ ၁၆ ရက် တံ တားနီအရေးအခင်းကို အစိုးရက ရက်ရက်စက်စက်ဖိနှိပ်ဖြိုခွင်းခဲ့ သည့် လုပ်ရပ်က ယနေ့အထိ နိုင်ငံရေးကို ဆက်လက်လုပ်ဆောင်စေ ခဲ့သည့် တွန်းအားဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်း ဆောင် ဦးကိုကိုကြီးက ပြော သည်။ ‘‘ဇွန်လမှာ ကျောင်းတွေ ပြန် ဖွင့်တော့ ဖမ်းဆီးကျောင်းသားပြန် လွှတ်ဖို့၊ ကျောင်းထုတ်လိုက်တဲ့ ကျောင်းသားတွေကို ကျောင်းပြန် တက်ဖို့၊ သမဂ္ဂပြန်ထူထောင်ဖို့ ရန်ကုန်တက္ကသိုလ်မှာ ကျောင်း သားတွေ ဆန္ဒပြတယ်။ အဲဒီ ကျောင်းသားအုပ်နဲ့ RC-2 က ကျောင်းသားတွေ ပေါင်းစည်းဖို့ ဆိုပြီး ရန်ကုန်စီးပွားရေးတက္က သိုလ်ရှေ့ကနေ မတ်လ ၁၆ ရက် မှာ ချီတက်တော့ တံတားနီအရေး အခင်းလို့ လူသိများတဲ့ ရှေ့ နောက်နှစ်ဖက်ညှပ်ရိုက်နှက်ခဲ့ တယ်။ ကိုဖုန်းမော်တုန်းက ကိုယ် တိုင်မတွေ့ခဲ့ရဘူး။ မတ်လ ၁၆ ရက်မှာတော့ ကိုယ်တိုင်ပါဝင်ခဲ့တဲ့သူ တစ်ယောက်အနေနဲ့ ဒီလောက်ရက်စက်တဲ့၊ ဒီလောက်လူမဆန် တဲ့ မြင်ကွင်းတွေ၊ မတရားမှုတွေ ကျွန်တော်တို့ကို ဒီနေ့အထိ ခိုင်ခိုင်မာမာနဲ့ နိုင်ငံရေးဆက်လုပ်ဖြစ် နေစေခဲ့တာပဲ’’ဟု ၎င်းကပြော သည်။ ၁၉၈၈ စက်တင်ဘာ ၉ ရက် တွင် ဦးနု၏ စင်ပြိုင်အစိုးရကြေ ညာချက်အပေါ် ရှစ်လေးလုံးအ ရေးတော်ပုံကို ဦးဆောင်ခဲ့သူများ အကြား လက်ခံရေး၊ လက်မခံ ရေး သဘောထားကွဲလွဲခဲ့ခြင်းက လည်း အရေးတော်ပုံကို ကြာမြင့် စေပြီး တစ်ဖက်အင်အားစုများ အထူးသဖြင့် စစ်တပ်မှ အာဏာ သိမ်းရန် အခွင့်အရေးရခဲ့ကြောင်း အရေးတော်ပုံဖြတ်သန်းခဲ့သူများ သ သုံးသပ်သည်။ ဦးနုကြေညာချက်ကို ဒေါ် အောင်ဆန်းစုကြည်က အံ့အား သင့်ခဲ့ပြီး ပြည်သူများ၏ အနာဂတ်ကို ပြည်သူလူထုကသာ ဆုံးဖြတ် ရမည်ဟု ပြောကြားခဲ့ကြောင်းနှင့် ဦးအောင်ကြီးကလည်း ဦးနု၏ လုပ်ရပ်မှာ ရှေ့နောက်မညီကြောင်း စွပ်စွဲပြောကြားခဲ့သည် ဟု ဘာတေးလ်လင့်တနာရေး သား သည့် ဒေါမာန်ဟုန်(ဗမာပြည် ဒီမိုကရေစီတိုက်ပွဲ)စာအုပ်တွင် ဖော်ပြထားသည်။ ‘‘ကျွန်တော်က ဗကသ(ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသ မဂ္ဂအဖွဲ့ချုပ်)ဒုဥက္ကဋ္ဌအဖြစ် တာ ၀န်ယူပြီး နယ်တွေကို လျှို့ဝှက်ပြီး စည်းရုံးခဲ့တာရှိတယ်။ ဦးနုရဲ့ စင် ပြိုင်အစိုးရမပေါ်ခင်လေးမှာ တ ကယ်လို့ ဦးနုတစ်ခုခုကြေညာခဲ့ ရင် အဆင်သင့်ဖြစ်အောင် ကျွန် တော်က ပဲခူးတိုင်းအရှေ့ခြမ်းကို တာဝန်ယူစည်းရုံးရတယ်။ တချို့ က ဦးနုကို အမြင်မကြည်လို့ ကျွန် တော်တို့ကို ဦးနုလူတွေလားလို့ ခြိမ်းခြောက်အန္တရာယ်ပြုတဲ့ဟာ တွေတောင် ရှောင်ခဲ့ရတယ်။ တစ် နေ့မှာ သူမဟန်ရင်လည်း သူ့ကို ပြန်ဖြုတ်ချဖို့ ဘာမှ မခဲယဉ်းဘူး လေ။ ရန်ကုန်မှာရှိတဲ့ နိုင်ငံရေး အင်အားစုထဲက သဘောထားကွဲ လွဲမှုတွေကြောင့်မို့ ဒီစင်ပြိုင်အစိုး လှုပ်ရှားမှုကလည်း မအောင်မြင်ခဲ့ ဘူး။ အဲဒီတုန်းက ဒါတွေလုပ်သင့် ခဲ့ရဲ့သားနဲ့ ဘာကြောင့်မလုပ်ခဲ့လဲ ဆိုတဲ့ အပြစ်တင်တာမျိုးတွေပေါ် လာမှာမို့ ကျွန်တော်တို့ တောက် လျှောက်ဒါကို မပြောခဲ့တာ’’ဟု ဦး ကိုကိုကြီးက ပြောသည်။ ၂၀၁၂ အစိုးရသစ်လက် ထက်တွင် နိုင်ငံရေးအကျဉ်းသား များ လွတ်မြောက်ခြင်း၊ ဒေါ် အောင်ဆန်းစုကြည်ကြားဖြတ် ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ် ချက်ကို အားကောင်းလာစေရန် ၈၈ မျိုးဆက်များက ထောက်ခံ ခြင်း၊ ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတရန် စောင့်ကြည့်လေ့လာခဲ့ခြင်း၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေးတွင် ပါဝင် ဆွေးနွေးခြင်း၊ တိုင်းရင်းသားပါ တီများနှင့် ညှိနှိုင်းခြင်း၊ ယခု နောက်ဆုံးပုဒ်မ ၄၃၆ ပြင်ဆင် ရေးလှုပ်ရှားမှုများအထိ ၈၈ အ ရေးတော်ပုံမှ ပေါက်ဖွားလာသည့် ကျောင်းသားခေါင်းဆောင်များ ပါဝင်လှုပ်ရှားခဲ့ကြသည်။ သို့သော်ရလဒ်အနေဖြင့် သုံး သပ်ရမည်ဆိုပါက ဒီမိုကရက်တစ်အင်အားစုများမှာ ၎င်းတို့သဘော မကျသည့် ဖွဲ့စည်းပုံအခြေခံဥပ ဒေတစ်ခုကို လက်ခံထားရသဖြင့် ထိုက်သင့်သလောက် အောင်မြင် မှုများမှ လွဲ၍ ရှစ်လေးလုံးအရေး တော်ပုံ၏ ရည်မှန်းချက်များ ပြည့် ၀အောင်မြင်ခြင်းမရှိသေး ကြောင်း ဦးကိုကိုကြီးက ပြော သည်။ ‘‘စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေး မအောင်မြင်ဘူး။ စစ်တပ်က နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပါဝင်လွှမ်းမိုးနေတုန်းပဲ။ စီးပွား ရေးတံခါးဖွင့်လိုက်ချိန်မှာ အကျိုး စီးပွားကို ပြည်သူတွေ မခံစားရ ဘဲ အာဏာရအသိုင်းအ၀ိုင်းရဲ့ မိ သားစုနဲ့ သူတို့နီးစပ်သူတွေပဲ ခံစားရတယ်။ ပြည်သူတွေမှာ အိုးမဲ့ အိမ်မဲ့ဆင်းရဲမှုပြဿနာတွေ ထု နဲ့ထည်နဲ့ ခံနေရတယ်’’ဟု ၎င်းက ပြောသည်။ ထို့ကြောင့် ရှေ့ဆက်ရမည့် နိုင်ငံရေးတွင် ပြည်သူများအတွက် ခိုင်မာသည့် မူဝါဒများကို ချမှတ် စည်းရုံးလုပ်ဆောင်ရန် စီစဉ်ထား ကြောင်း ဦးကိုကိုကြီးက ပြော သည်။ ‘‘အာဏာရှင်စနစ်ဆန့်ကျင် ရေးအဆုံးသတ်တိုက်ပွဲက မပြီး ဆုံးသေးဘူး။ အာဏာရှင်ကြီးကို တိုက်ရင်း အာဏာရှင်ပေါက်စ လေးတွေဖြစ်လာဖို့ တာစူနေတာ တွေ့ရတယ်။ နိုင်ငံရေးအပြောင်း အလဲကို ထင်ဟပ်လာတာ ရှစ်လေးလုံးအရေးတော်ပုံကြီးကနေ ပေးတဲ့ တွန်းအားထက် စစ်အုပ်စု ကသူတို့အာဏာ ဆက်လက်ကိုင် စွဲထားနိုင်ရေးအတွက် သူတို့ပေးထားတဲ့ထွက်ပေါက်ပဲ ဖြစ်တယ်။အခုဖွင့်ပေးထားတဲ့ တစ်ဝက်တစ်ပျက် ဒီမိုကရေစီဟာ ပြည်သူ့ အတွက်မဟုတ်ဘူး။ သူတို့ အသက်ရှူချောင်ဖို့၊ သူတို့ရထား တဲ့ အိုးအိမ်စည်းစိမ်တွေကို မဆုံး ရှုံးစေဖို့အတွက် ဖွင့်ပေးထားတာ သာဖြစ်တယ်။ အဲဒါကို ဒီမိုကရေစီအင်အားစုတွေက လိုက်ပြီး လျှောက်နေတာသာဖြစ်တယ်’’ဟု ၁၉၇၄ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးထွန်းအောင် ကျော်ကပြောသည်။ ထို့ပြင် ဒီမိုကရေစီစနစ်ကို ယုံကြည်သော ဒီချုပ်အနေဖြင့် ကိုယ်စားလှယ်လောင်းများကို မြို့နယ်တိုင်းဒေသတိုင်းမှ အများ ဆန္ဒဖြင့် ရွေးပေးသူများကို မရွေးချယ်ဘဲ ဗဟိုဦးဆောင်မှု ကော်မတီမှ စိတ်ကြိုက်ရွေးချယ် မှုများမှာ အာဏာ ရှင်ဆန်နေပြီး ဒီမိုကရေစီအင်အားစုများကြား ညီညွတ်ရေးကို ထိခိုက်စေ ကြောင်း ၎င်းကဆက်လက်ပြော သည်။ ‘‘ရှစ်လေးလုံးသာ (၂၇) နှစ် ပြည့်သွားတယ်။ ကျွန်တော်တို့ ရဲ ဘော်တွေ၊ အသက်တွေပေးခဲ့ရ တယ်။ ထောင်ထဲမှာ ဘ၀တွေနစ် မွန်းခဲ့ရတယ်။ ဒါပေမဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ကျွန်တော်တို့တွေတွန်းနေတဲ့ အ ရွေ့ဟာ မရွေ့သလောက်ဖြစ်နေ တယ်။ ဒါကိုလွန်မြောက်ဖို့ ဒီမိုက ရက်တွေကလည်း စည်းလုံးမှုရှိ ရှိနဲ့ တွန်းဖို့လိုသလို တစ်ဖက်က လည်း ပြင်ချင်တဲ့စိတ်ရှိမှရမယ်။ တစ်ဖက်က တင်းခံနေရင် နောက် ပြန်လှည့်သွားနိုင်တယ်’’ဟု ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့် လင်းလူ့အဖွဲ့အစည်းမှ ကျောင်း သားခေါင်းဆောင် ဦးအံ့ဘွယ် ကျော်က ပြောသည်။ ရှစ်လေးလုံးအရေးတော်ပုံ သည် ၁၉၈၈ ကတည်းက ရဟန်း ရှင်လူပြည်သူတစ်ရပ်လုံးတောင်း ဆိုခဲ့သည့် ဒီမိုကရေစီရေး၊ ငြိမ်း ချမ်းရေးနှင့် စစ်မှန်သည့် ဖက်ဒ ရယ်ပြည်ထောင်စုပေါ်ပေါက်ရေး တောင်းဆိုချက်များမှာ ရာခိုင်နှုန်း နီးပါး ပြည့်ဝအောင်မြင်ခြင်းမရှိ သေးကြောင်း နိုင်ငံရေးဆောင်းပါး ရှင် ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။ ‘‘အခုထိ နိုင်ငံရေးခေါင်း ဆောင်တွေမှာ ပြည်သူကပေး ထားတဲ့ တာဝန်ကိုထမ်းဆောင်နိုင် ဖို့ အားနည်းနေတယ်။ အထူးသ ဖြင့် ဒီမိုအင်အားစုတွေကြားမှာ ယုံကြည်မှု၊ နားလည်မှု မြင့်မြင့်မားမားတည်ဆောက်ပြီး အချင်း ချင်းညီညွတ်ရေးကိုမဖြစ်မနေ တည်ဆောက်ဖို့လိုပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ရဲ့ဦးဆောင် မှုနဲ့ အမှားအယွင်းများစွာဖြစ်နေ တဲ့ လွှတ်တော်ကိုယ်စားလှယ် လောင်းစာရင်းတွေကိုလည်း ပြည်သူကိုယ်စားပြုတဲ့သူတွေ ပါဝင်အောင် ပြင်ဖို့လိုတယ်။ ဒါ တိုင်းပြည်အနာဂတ်အတွက် အရေးကြီးတယ်’’

No comments:

Post a Comment