Tuesday, September 8, 2015

အဖွဲ့ချုပ် ဥက္ကဌ ၏ ရွေးကောက်ပွဲအတွက် ပြည်သူများသို့ ပြောကြားသောမိန့်ခွန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ တိုက်တွန်းနှိုးဆော်ချက် နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါဝင်ပြီးတော့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဒီလို ယှဉ်ပြိုင်ရခြင်းဟာ ရွေးကောက်ပွဲမှာ ပြည်သူလူထုရဲ့ ဆုံးဖြတ်ချက်ကို လက်ခံဖို့ပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ ဆိုတာဟာ ပြည်သူ့ရဲ့ ဆုံးဖြတ်ချက်၊ ပြည်သူ့ရဲ့ ဆန္ဒကို အလေးထားရတဲ့ စနစ်ပါပဲ။ ဒါကြောင့်မို့လို့ နောက်ဆုံးကျတော့ ပြည်သူကသာလျှင် ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ အတွက် ကြိုးစားခဲ့တာ ဆိုလို့ရှိရင် အနှစ် (၃၀) နီးပါး ရှိပါပြီ။ အခု အထိ ပန်းတိုင်ကို မရောက်သေးပါဘူး။ သို့သော်လည်း ပြည်သူရဲ့ ထောက်ခံမှုနဲ့ ပြည်သူရဲ့ ဆန္ဒရဲ့ တွန်းအားနဲ့ ကျွန်မတို့ အောင်မြင်နိုင်မယ် ဆိုတာကို အဓိက ယုံကြည်ပါတယ်။ အခု အချိန်မှာ အရေးကြီးတာကတော့ ကျွန်မတို့ ပြည်သူ လူထု အားလုံးဟာ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့် ရဖို့နဲ့ ရွေးကောက်ပွဲနေ့ ရောက်တဲ့ အခါ သွားပြီးတော့ မဲပေးဖို့ ပါပဲ။ မဲပေးတဲ့ အခါကျလို့ ရှိရင်လည်း ကျွန်မတို့ နိုင်ငံရဲ့ အနာဂတ်၊ ကျွန်မတို့ မျိုးဆက်သစ်တွေရဲ့ အနာဂတ်ကို စဉ်းစားပြီး မဲပေးကြပါ။ ရှေ့ကို မျှော်ကြည့်ပြီးတော့ ပြောင်းလဲချိန်တန်တဲ့ အခါမှာ ပြောင်းလဲဖို့ ၀ိုင်းဝန်းပြီးတော့ ကူညီကြပါလို့ ကျွန်မ အနေနဲ့ တိုက်တွန်း နှိုးဆော်ချင်ပါတယ်။

No comments:

Post a Comment