မင်္ဂလာဒုံမြို့နယ် မှာ စည်းရုံးလှုံ့ဆော် သွားတာ အားရဖို့ကောင်းတယ်
Saturday, October 24, 2015
Tuesday, October 13, 2015
Thursday, October 1, 2015
Friday, September 18, 2015
ကျရှုံးနိုင်ငံသားများ (မောင်သာချို)
(တစ်)
ကမ္ဘာကျော်ပညာရပ်ဝန်းကြီးတွေ အကြောင်းပြောတဲ့အခါ SOASဆိုတာလည်း ပါဝင်လာလေ့ရှိမြဲ ပါ။ SOAS ရဲ့ နာမည်အရှည်က The School of Oriental and African Studies တဲ့။ အရှေ့တိုင်းနဲ့ အာဖရိကဘာသာရပ်များ လေ့ လာရေးကျောင်းလို့ပဲ ဆိုကြပါ စို့။လန်ဒန်အခြေစိုက် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တစ်ခုပါပဲ။
အဲသည့်ကျောင်းက ပါမော က္ခခန်းဟာ ထင်ရှားပါတယ်။ သူ့ နာမည်အပြည့်အစုံက Geoffrey Khan ပါ။ သူက ဟီဗရူးဘာသာ ပါမောက္ခပါ။ Regius Profess or of Hebrew ပေါ့။ ဒီနေရာမှာ ပရော်ဖက်ဆာဆိုတဲ့ ပါမောက္ခရာ ထူးရဲ့ရှေ့က အထူးပြုထားတဲ့ Regius ကို အဘိဓာန်မှာ လှန် ကြည့်တော့ ဘုရင်တို့၊ ဘုရင်မတို့ က အတည်ပြုခန့်ထားတဲ့ပါမော က္ခရာထူးလို့ ဆိုပါတယ်။ သာမန် ကာလျှံကာပါမောက္ခမဟုတ်ဘူး ဆိုတဲ့အဓိပ္ပာယ်ပေါ့။
ခန်း(Khan)က အာရှနဲ့ အ ရှေ့အလယ်ပိုင်းရေးရာ မဟာဌာန မှာလည်း ပါမောက္ခလုပ်ဖူးတယ် လို့ဆိုပါတယ်။ Faculty of Asian and middle Eastern Studies လို့ ဆိုတာကိုး။ သူက ဆီမိုက် အနွယ်ဝင် ဘာသာစကားတွေ (Semitic Languages) နဲ့ ဝိဇ္ဇာ ဘွဲ့ကို ရခဲ့တဲ့ ပုဂ္ဂိုလ်ပါ။
ပါမောက္ခခန်း(Khan)က ကျရှုံးနေတဲ့ နိုင်ငံတွေနဲ့ပတ်သက်ပြီး ရေးခဲ့၊ ပြောခဲ့ဖူးပါတယ်။ Failed States, Weak States, CollapsedStates, State Failure ဆိုပြီး အမျိုးမျိုး ခေါ်ဝေါ်သုံးနှုန်းကြတဲ့ မအောင်မြင်တဲ့ နိုင်ငံတွေရဲ့အ ကြောင်းပါ။
Failed States index ဆိုပြီး ကမ္ဘာပေါ်မှာကျရှုံးနေတဲ့နိုင်ငံတွေ ရဲ့အညွှန်းကို ထားလိုက်ပါ။ Top 5 Reasons Why Failed State ဆိုတဲ့ နိုင်ငံတို့ကျရှုံးရခြင်းရဲ့အဓိ ကအကြောင်းတရားငါးချက်ဆို တာကိုလည်း ထားလိုက်ပါ။
ပါမောက္ခခန်း(Khan)ရဲ့ စကားထဲက အနှစ်သာရအရှိဆုံး တရားကတော့ Errors of Omi-ssion နဲ့ Errors of Commission ပါပဲ။ Errors of Omission ဆိုတာ က မလုပ်သင့်တာကို လုပ်တဲ့အ မှားတဲ့။ Errors of Commission ဆိုတာက လုပ်သင့်တာကို မလုပ် တဲ့အမှားတဲ့။ အရပ်ထဲက စကား နဲ့ပြောရရင် မလုပ်ထိုက်တာတွေ ကို လျှောက်လုပ်ပြီး လုပ်ထိုက် တာတွေကို လျှောက်မလုပ်တော့ ဘူးလို့ ဆိုခဲ့ရင် အဲဒါ State Failureဆိုတဲ့ ကျရှုံးနိုင်ငံဖြစ်ပြီသာမှတ်ပေ တော့တဲ့။
(နှစ်)
ရာဇဝင်လူဆိုးတွေကို အ ကျဉ်းထောင်တွေထဲကနေ လွှတ် ပေးသင့်၊ မလွှတ်ပေးသင့်၊ မြစ်ဆုံ စီမံကိန်းကြီးကို အပြီးတိုင်ရပ်ဆိုင်းသင့်၊ မရပ်ဆိုင်းသင့်၊ အခြေခံဥပ ဒေကို ပြင်ဆင်သင့်၊ မပြင်ဆင် သင့်၊ မြန်မာ့ပညာရေးကိုပြုပြင် ပြောင်းလဲသင့်၊ မပြောင်းလဲသင့်၊ ပြည်တွင်းငြိမ်းချမ်းရေးကို အ ဆောတလျင် အရယူသင့်၊ မယူ သင့်၊ နိုင်ငံရေးအကျဉ်းသားဆို တာမျိုး တိုင်းပြည်အတွင်းမှာ ရှိ သင့်၊ မရှိသင့်၊ လွှတ်တော်အတွင်းမှာ တပ်မတော်သားတို့က နေရာယူထားသင့်၊ မယူထားသင့်၊ တောင်သူလယ်လုပ်ဓားမခုတ်တို့ရဲ့မြေယာတွေကို သိမ်းပိုက်ယူသင့်၊ မယူသင့်၊ ရပ်ကွက်တိုင်း၊ ရပ်ကွက်တိုင်းမှာ အားကစားကွင်း၊ ပန်းခြံ၊စာကြည့်တိုက်ဆိုတာမျိုးတွေ ရှိသင့်၊ မရှိသင့်၊ ပြည်သူ့ဆေးရုံများဟာ ပြည်သူတို့ အားကိုးရာ၊ ပြည်သူတို့ကို စောင့်ရှောက်ထွေးပိုက် ကရုဏာပေးရာနေရာတွေ ဖြစ်သင့်၊ မဖြစ်သင့်၊ နိုင်ငံသားတိုင်း၊ နိုင်ငံသားတိုင်းဟာ ဂုဏ်သိက္ခာရှိစွာ အသက်မွေးဖို့အတွက် လုံလောက်စွာသောဝင် ငွေပမာဏရရှိသင့်၊ မရရှိသင့်၊ စာနယ်ဇင်းများဟာ သူတို့အတွေး သူတို့အမြင်ကို လွတ်လပ်စွာ ရေးသားဖော်ပြခွင့် ရှိသင့်၊ မရှိသင့်၊ကလေးတိုင်း၊ကလေးတိုင်းဟာ တန်းတူညီမျှ ပညာသင်ကြားနိုင်ဖို့ အခွင့်အလမ်းရှိသင့်၊ မရှိသင့်၊နိုင်ငံ့စီးပွားရေးကို နိုင်ငံသားတိုင်းက လွတ်လွတ်လပ်လပ် ပါဝင်ဆောင်ရွက်ရောင်းဝယ်ဖောက်ကားခွင့်ရသင့်၊ မရသင့်၊ ပလက်ဖောင်းပေါ်မှာ လူတွေ လွတ်လပ်လှပပျော်ရွှင်အေးချမ်းစွာ လမ်းလျှောက်သွားနိုင်ရေး ဖန်တီးပေးသင့်၊ မပေးသင့်၊ ဘေးဘယာဝေး ကွားတဲ့မော်တော်ကားလမ်းတွေ၊ မီးရထားလမ်းတွေ၊ လှေသမ္ဗန်၊ သင်္ဘောကူးတို့လမ်းကြောင်းတွေ ဖြစ်အောင် စီမံပေးသင့်၊ မပေးသင့်၊ စားမယ့်အစာ၊ သောက်မယ့်ရေ၊ ရှူမယ့်လေကို ပြည်သူ လူထုမကြောင့်ကြရလေအောင် ထိန်းသိမ်းကွပ်ကဲပေးသင့်၊ မပေးသင့်၊ လူတိုင်း လူပီသစွာနေခွင့်၊ သေခွင့်ရဖို့အတွက် အခြေခံလိုအပ်ချက်တွေကို ဖန်တီးပေးသင့်၊ မပေးသင့်၊ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတွေ။ အမျိုးသမီးငယ်တွေသွားကြ လာကြလှုပ်ရှားကြရာ နေရာတိုင်းမှာ လုံခြုံစိတ်ချရတဲ့လောကဖြစ်အောင် တည်ဆောက်ပေးသင့်၊ မပေးသင့်၊ ကိုယ့်ရွာ ကိုယ့်ချောင်း ကိုယ့်ကျောင်းကိုယ့်ကန် ကိုယ့်တောင်ကိုယ့်တော မတိမ်ကောရလေအောင်ထိန်းထားဖို့ရာ သင့်၊ မသင့်၊အများပြည်သူနဲ့ဆိုင်တဲ့ရေကန်၊ကမ်းခြေ၊ တောင်ကုန်း၊ ရင်ပြင်အစရှိတာမျိုးတွေကို လူတစ်ယောက်၊အဖွဲ့အစည်းတစ်ခု၊ မိသားတစ်စုလက်ထဲ လုပ်ပိုင်ခွင့်ပေးသင့်၊ မပေးသင့်။
ပြောရရင် ဗြဟ္မာ ဗြဟ္မေ လျှာကုဋေနဲ့ မိုးမြေအလုံး ပြောဆိုလို့ မဆုံးနိုင်တဲ့ အကြောင်းတရားတွေ ချည်းပါ။
ဒါပေမဲ့ အဲဒါတွေကို အခြေ ခံပြီး အနှစ်ချုပ်လိုက်တော့ ပါမော က္ခခန်း(Khan)ပြောသလို လုပ် သင့်တာကို မလုပ်ဘူးလား၊ မလုပ်သင့်တာကို လုပ်သလား၊ အဲသည့် နှစ်ခုစလုံးဟာ အမှားပါတဲ့။ မှား တော့ ဘာဖြစ်လဲ။ State Failure ဖြစ်ပါတယ်တဲ့။ ကျရှုံးနိုင်ငံ။
(သုံး)
အားကစားမှာ ကျရှုံး၊ စီးပွား မှာ ကျရှုံး၊ ပညာမှာ ကျရှုံး၊ အတွေးအခေါ်မှာ ကျရှုံး၊ အနုပညာမှာ ကျရှုံး၊ စည်းကမ်းမှာ ကျရှုံး၊ စစ်ပွဲမှာ ကျရှုံး၊ မူလတန်းကျောင်း ကလေးမှာ ကျရှုံး၊ တက္ကသိုလ် ကျောင်းကြီးမှာ ကျရှုံး၊ ရုပ်ရှင်ပိတ်ကားပေါ်မှာ ကျရှုံး၊ လွှတ်တော် ထဲမှာ ကျရှုံး၊ ဇာတ်ခုံပေါ်မှာ ကျ ရှုံး၊ ခွဲစိတ်ခန်းထဲမှာ ကျရှုံး၊ စာ မျက်နှာပေါ်မှာ ကျရှုံး၊ သံရုံးထဲမှာ ကျရှုံး၊ On Line ပေါ်မှာ ကျရှုံး။
မလုပ်သင့်တာတွေကို အခု ချက်ချင်း ရပ်လိုက်ကြပါတော့။ လုပ်သင့်တာတွေကို အခုချက်ချင်းထလုပ်ကြပါတော့။ လူတွေက ကျရှုံးနိုင်ငံသားတွေ မဖြစ်ချင်ကြ တော့ဘူး။ ။
Tuesday, September 15, 2015
Friday, September 11, 2015
Thursday, September 10, 2015
အာဏာသိမ်းခြင်းလား အာဏာရှင်စနစ်ကိုဖြိုဖျက်ခြင်းလား
(၁၂. ၈. ၁၅) ရက်နေ့က ဖြစ်ပွားခဲ့သော ပြည်ခိုင်ဖြိုး ပါတီတွင်း အပြောင်းအလဲ အပေါ် ကုလသမဂ္ဂနှင့် အမေရိကန် အမတ်မစ် (ခ်ျ) မက်ကော်နယ်လ်တို့က စိုးရိမ်မှုရှိကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ အတွင်း တစ်ခုခုဖြစ်လျှင် ပြောကြ ဆိုကြသည်က ထုံးစံအတိုင်း။ သို့သော်လည်း ထူးထူးခြားခြားကြီး ဝေဖန်မှုမရှိ။ ထင်ထင်ရှားရှားကြီး ဖိအားလည်းမရှိ။
ပါတီတစ်ခု အတွင်း ကိစ္စဟု သဘောထားပြီး ရွေးကောက်ပွဲအတွက် စိုးရိမ်သည်ဟုသာ အနည်းငယ် ပြောသွားသည်။ ဤသည်က နိုင်ငံတကာ အခြေအနေ၊ ပြည်တွင်း အခြေအနေအရ မူအားလုံးက စိတ်ဝင်စားဟန် ပြခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်မှာမူ ရှမ်းပြည်နယ် စည်းရုံးရေး ခရီးစဉ်ကို ရုတ်တရက် ဖျက်သိမ်း၍ ပြန်လာသည်။
အခြားနိုင်ငံရေး လေ့လာသူများ၊ နိုင်ငံရေး သမားများ၏ အင်တာဗျူးများ အရ မြန်မာ့နိုင်ငံရေး အနာဂတ်ကို ကြီးကြီးမားမား ထိခိုက်နိုင်သည်ဟု ဆိုထားသည်ကို မတွေ့ရ။ မြန်မာနိုင်ငံ အကြောင်း အထူး လေ့လာ၍ မကြာခဏ ရေးသားလေ့ ရှိသော လာရီဂျေဂင်ကလည်း ၂၀၁၅-နောက်ပိုင်း သူရဦးရွှေမန်း၏ အခန်းကဏ္ဍ ပျောက်ကွယ် နိုင်သည်ဟု ရေးသားခဲ့ဖူးသည်ကို တွေ့ရပြီး၊ ယခုလောလောဆယ် ဖြစ်ရပ်အနေဖြင့် ရွေးကောက်ပွဲကို ထိခိုက်နိုင်စရာ မမြင်ပါဟု The Messenger အင်တာဗျူးတွင် ဖတ်လိုက်ရသည်။ ဤသည်က ပြည်တွင်း နိုင်ငံရေး အခြေအနေ။
အဝေးရောက် သုံးသပ်ကြသူများရော၊ ပြည်တွင်း ထိတွေ့ကြသူများ၏ သုံးသပ်ချက်ရော နှစ်ခုပေါင်းတွင် အားလုံးနီးပါးမှာ ယခုဖြစ်စဉ်သည် မြန်မာ့နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု၏ လားရာကို တစ်စုံတစ်ရာ ပြောင်းလဲ ထိခိုက်စရာ မရှိဟူသော အဖြေကို ပေးထားပါသည်။
အာဏာသိမ်းခြင်း မဟုတ် အာဏာရှင်စနစ် အစပျိုးခြင်းကို ဖြိုဖျက်ခြင်းသာ။
ပြည်ခိုင်ဖြိုး ပါတီအတွင်း သူရဦးရွှေမန်းကို ပူးတွဲ ဥက္ကဋ္ဌအဖြစ်မှ ဖယ်ရှားပြီး၊ ဒုတိယ ဥက္ကဋ္ဌ တစ်ဦးဖြစ်သူ ဦးဌေးဦးကို ပူးတွဲဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်ခြင်း အပေါ် အချို့သော သူများကအာဏာသိမ်းသည့် သဘောဖြင့် ရေးသားထားကြသည်ကို တွေ့ရသည်။ ရုတ်တရက် အမြင်မှာ ထိုသို့ ရှိနေနိုင်သော်လည်း အမှန်တကယ်က သိမ်းထားသည့် အာဏာ၊ သို့မဟုတ် အာဏာရှင်စနစ် ထူထောင်နေခြင်းကို အများဆန္ဒဖြင့် ဖြိုချလိုက်ခြင်းမျှသာ ဖြစ်သည်။
အမှန်တကယ်က သမ္မတ ဦးသိန်းစိန်ကသာ အာဏာ အသိမ်းခံရသူ ဖြစ်ပါသည်။ ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ အစစ်အမှန်မှာ ဦးသိန်းစိန်သာ ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လိုက်နာ၍ ပါတီနှင့် ခပ်ကွာကွာ နေပေးရသည့် ကာလ တစ်လျှောက် တဖြည်းဖြည်းနှင့် ဦးသိန်းစိန် အာဏာ အသိမ်းခံရခြင်းသာ ဖြစ်သည်။
အဖွဲ့အစည်းများ၏ လုပ်ငန်း သဘောအရ ကျောင်းအုပ်ကြီး ခရီးထွက်သည့် အချိန်တွင် ဒုတိယ ကျောင်းအုပ်ကို သူ၏ တာဝန်များ သူ-မရှိစဉ်အတွင်း ခေတ္တခဏ တာဝန် ထမ်းဆောင်စေခြင်းမျှသာ ဖြစ်သည်။ ထိုသို့ ခေတ္တခဏ တာဝန် ထမ်းဆောင်ခြင်းဖြင့် ဒုတိယကျောင်းအုပ်မှာ ကျောင်းအုပ် ဖြစ်လာစရာမရှိပါ။
ကျောင်းအုပ်ဟူ၍လည်း ဆို၍မရပါ။ ပါတီညီလာခံမှ တစ်ဆင့် ဖြစ်လာသော ပါတီ ဥက္ကဋ္ဌ၏ တာဝန်ကို အခြားသူတစ်ဦး တစ်ယောက်အား ပါတီညီလာခံဖြင့်သာ အပြောင်းအလဲပြု၍ ရပါသည်။ ယခုအခါ ပါတီဥက္ကဋ္ဌ တစ်ဦးအနေဖြင့် သူ၏တာဝန်ကို အခြားပါတီ ဒုတိယ ဥက္ကဋ္ဌ တစ်ဦးအား တာဝန် ပေးလိုက်ပါသည်။ ပါတီဥက္ကဋ္ဌ တစ်ဦး၏ လုပ်ပိုင်ခွင့် အရ ဆောင်ရွက်ခြင်းလည်း ဖြစ်ပါ၏။
ထိုကြောင့်(၁၂. ၈. ၁၅) နေ့က ဖြစ်ပွားခဲ့သော ပြည်ခိုင်ဖြိုး ပါတီအတွင်း ပြုပြင် ပြောင်းလဲရေးမှာ အာဏာသိမ်းခြင်း မဟုတ်၊ အသိမ်းခံထားရသော အာဏာကို ပြန်လည်ရယူ၍ အခြား တစ်ဦးတစ်ယောက်သို့ တာဝန် လွှဲပေးလိုက်ခြင်းသာ ဖြစ်ပါသည်။
အာဏာရှင်စနစ် အစပျိုးခဲ့သည်။
၂၀၁၁-နောက်ပိုင်း အာဏာသုံးရပ် ဖြန့်ခွဲကျင့်စဉ်ကို မြန်မာတို့ ကျင့်သုံးခဲ့ကြသည်။ ရင့်ရင့်ကျက်ကျက်မရှိ ကြသေးသော်လည်း၊ အတော်အတန် ကျင့်သုံးနိုင်ခဲ့ကြသည်။ အာဏာသုံးပါးကို ခွဲခြားကျင့်ကြံရန် ဖြစ်သော်လည်း ဥပဒေပြုရေးဘက်တွင် တစ်စတစ်စ အာဏာနီ ကျင့်ကြံမှု အားကောင်းလာပြီဟု အမတ်မင်းများထဲပင် ဆိုလာကြသည်။ နိုင်ငံရေး ဝေဖန်ကြသူ အချို့ကလည်း ဤအချက်ကို ထောက်ပြ ခဲ့ကြပါသေးသည်။
ဥပဒေပြုရေး ကဏ္ဍတွင် Law Making Power ဟူ သော ဥပဒေပြုသည့် ပါဝါသာရှိပါ၏။ အုပ်ချုပ်ရေးမှာ ကဲ့သို့ Executive Power မျိုး ၊ တစ်နည်းအားဖြင့် (Firing Power) မျိုး ပေးမထားပေ။ သို့သော်လည်း ဥပဒေပြုရေး အနေဖြင့် တစ်စနှင့် တစ်စ Executive Power ကို တိုးချဲ့ အသုံးပြုလာသည်ကို တွေ့လာရပါ၏။ လုပ်ဖော် ကိုင်ဖက်များဟု သဘောထားသော သမ္မတကို ပါတီတွင်းမှ ဖယ်ရှားရေး ကြိုးစားမှုများ တဖြည်းဖြည်း တိုးမြှင့်လာသည်။
ထို့အပြင် သမ္မတအား ဤပထမ သက်တမ်း အတွင်းမှာပင် စွပ်စွဲပြစ်တင်၊ Impeachment ပြုလုပ်ရန် ကြိုးစားလာသည်ကို တွေ့ရသည်။ သမ္မတကို တပ်မတော်က ထောက်ခံထားသည် ဖြစ်၍ များစွာ ချိန်ဆနေရဟန်သာ ရှိသည်။ သို့မဟုတ်ပါက အစောကြီးကတည်းက သမ္မတကို ဖယ်ရှားထားပြီးသား ဖြစ်နေနိုင်ပါသည်။
ဥပဒေစိုးမိုးရေးဟု ဆိုသော်လည်း ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌသည် ဥပဒေကို လိုက်နာခြင်း မရှိခဲ့ချေ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံး၏ အဆုံးအဖြတ်ကို မနာခံဘဲ ခုံရုံးကိုပင် စွပ်စွဲပြစ်တင် ဖြုတ်ချခဲ့သည်။ ဥပဒေပြုသူက အကျိုးစီးပွားအတွက် ဥပဒေကို ဘာမထီ ချိုးဖောက်လိုက်ခြင်း ဖြစ်သည်။ များစွာ အရုပ်ဆိုး အကျည်းတန်ခဲ့ပါသည်။ အရေးကြီး အဆိုများကို အင်္ဂါရပ်နှင့်မညီ မိမိဆန္ဒသဘောဖြင့် လိုအပ်လျှင် လိုအပ်သလို အရေးကြီး အဆိုများ တင်သွားခဲ့သည်။
ဥပဒေ နားလည်သူများက ထောက်ပြပြီး၊ နိုင်ငံရေး လေ့လာသူများက သတိပေးနေသည့် ကြားကပင် အရေးစိုက်ရန် မလိုဟူသော သဘောထားဖြင့်လား မသိ။ အရေးကြီး အဆိုကိုလိုလျှင် လိုသလို တင်သွင်း စေခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖာက်ခြင်း ဖြစ်ပြန်သည်။
ဝန်ထမ်းများ ခန့်အပ်ခြင်း၊ လစာတိုးခြင်း၊ ပြောင်းရွှေ့ခြင်း စသည်များမှာ အစိုးရများ လုပ်ရမည့် အလုပ်ဖြစ်သော်လည်း ဦးသိန်းစိန်၏ သဘောဆန္ဒမပါ။ ဥပဒေပြုရေးဘက်က စိတ်တိုင်းကျ ဆောင်ရွက် ခဲ့ပြန်ပါသည်။လွှတ်တော်တွင်း ကိုယ်စားလှယ်များ ဆွေးနွေးနေစဉ် ဘ၀င်မကျသူကို ဆွေးနွေးမှု ရပ်တန့် ခိုင်းသည်များပင် ရှိလာခဲ့ပါသည်။
(Legislative Power) ကို တလွဲသုံး၍ သမ္မတအား ပြည်ခိုင်ဖြိုး ပါတီတွင်းမှ ဖယ်ရှားရေး၊ သမ္မတအဖြစ် ပြန်လည် အရွေးမခံနိုင်ရေး အထိပင် ကြိုးစားခဲ့ပါ၏။ တပ်မတော်ကို ပြည်သူတို့ လက်ညှိုးထိုးအောင် မလုပ်သင့်သော မဲခွဲမှုကို အတင်းအကျပ် လုပ်ဆောင်ခဲ့ပြန်သည်။ သမ္မတကို ၀န်ကြီးများ ရိုသေကြပါ၏။ သို့သော် မကြောက်ရွံ့ကြ။ ပြန်လှန် ဆွေးနွေး၍ ရသည်။
လွှတ်တော်တွင် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ၏ မျက်နှာအမူအရာကိုသာ ကြည့်နေကြရသည်။ သမ္မတထက် များစွာ ပိုကြောက်ရွံ့ နေကြရသည်ဟု ဆိုကြသည်။ ‘စိတ်တော်သိ’ ယဉ်ကျေးမှုမှာ လွှတ်တော်အတွင်း တဖြည်းဖြည်း အားကောင်းလာပြီဟု လွှတ်တော် ကိုယ်စားလှယ် များထဲမှပင်ပြန်၍ သတိပေးမှုများ ရှိလာခဲ့ပါသည်။
ဆိုရလျှင် ပြည်သူ့ လွှတ်တော်သည် အမျိုးသား လွှတ်တော်နှင့် မတူဘဲ သီးသီးခြားခြား အာဏာရှင်စနစ် ခေါင်းထောင်လာခဲ့ပြီး၊ အာဏာနီ တည်ဆောက်မှုများ တိုးပွား လာသည်ကို တွေ့လာရပါသည်။
ဥပဒေကို အကျိုးစီးပွား အတွက် အသုံးချခဲ့သည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတတာဝန် ထမ်းဆောင်နေစဉ် အတွင်း မိမိပါတီ၏ ကိစ္စရပ်များကို ဆောင်ရွက်ခွင့် မရှိစေရဟု ပြဋ္ဌာန်ထားပါသည်။ ဤအချက်ပေါ် အခွင့်ကောင်းယူ၍ ဥပဒေကို အသုံးချကာ မိမိတို့၏ အကျိုးစီးပွားကို ပုံဖော်ခဲ့ကြသည်ဟု မြင်သည်။ Letter of Law နှင့် Spirit of Law ကို ခွဲခြားနိုင်လျှင်များစွာ ရှင်းလင်းလှပါသည်။
ဥပဒေ၏ အနှစ်သာရအရ သမ္မတ၏ အရှိန်အ၀ါဖြင့် သူ၏ပါတီကို မလျော်သြဇာသုံး၍ အကျိုး ကျေးဇူးမဖြစ်ရန် ဟန့်တားခဲ့ခြင်းမျှသာ ဖြစ်သည်။ ထို့ထက်မပိုချေ။
ပါတီတစ်ခု အတွင်း CEC, EC နေရာချထားမှုနှင့် ရွေးကောက်ခံ ကိုယ်စားလှယ်များ သတ်မှတ်ခြင်းသည် များစွာ အရေးကြီးသည့် ကိစ္စဖြစ်ပြီး၊ ပါတီဥက္ကဋ္ဌ၏ သဘောထားကို ရယူရပါမည်။ ယခုပါတီဥက္ကဋ္ဌ၏ သဘောထားကို ရယူခြင်း မရှိသည့်အပြင် ပါတီဥက္ကဋ္ဌနှင့် ၀န်ကြီးများ ကိုယ်တိုင် မိခင်ပါတီမှ ၀င်ရောက် အရွေးခံခွင့် ဆုံးရှုံးနေကြရသည့် အဖြစ်သို့ ရောက်ခဲ့ကြသည်ကို ဆောင်းပါးများစွာတွင် ဖော်ပြထားပြီး ဖြစ်၍ အကျယ် မရေးလိုတော့ပါ။
ထို့ထက်ပို၍ CEC အချို့ကို ဘေးထုတ်လိုက်ကြောင်း တွေ့ရပြီး၊ တိုင်းဒေသကြီး/ပြည်နယ် ၀န်ကြီးချုပ်များလည်း မျက်ခုံး လှုပ်နေကြသည့် အခြေအနေ ဖြစ်လာခဲ့ပါ၏။ မိမိ၏ လူများဟု ယူဆထားသူများကိုသာ ရွေးကောက်ခံ နေရာချထားပြီး၊ သမ္မတ၏ လူဟုယူဆသူများကို အနည်းငယ်သာ လက်ခံခဲ့သည်ကို တွေ့ရသည်။
ပြည်ခိုင်ဖြိုးပါတီ၏ အကျိုးတစ်ခုတည်း အပေါ်မှာသာ မှန်ကန်စွာ ကြည့်ရှု ရပ်တည်ခဲ့လျှင် All Inclusive ကို ကျင့်သုံးနိုင်ရမည်ဟု မြင်ပါသည်။ လက်တွေ့တွင်ကား ထိုသို့မဟုတ်။ အမျိုးသား ရင်ကြားစေ့ရေးဟု ဆိုထားသော်လည်း ပါတီတွင်း ရင်ကြားစေ့ရေးကိုပင် မဆောင်ရွက် နိုင်တော့ဘဲ ပါတီတွင်း ‘ရန်-ငါ’ ခွဲခြားမှုပို၍ အရှိန်ကောင်းလာမည်ကိုသာ တွေ့ရပါ၏။
အတော်များများ နိုင်ငံရေး ပါတီများက ကိုယ်စားလှယ် အမည်များ ပြုစု ပြီးထားကြသော်လည်း ပြည်ခိုင်ဖြိုး ပါတီတွင်း ညှိနှိုင်း မရနိုင်သေးမှုက ရွေးကောက်ပွဲ သတ်မှတ်ချိန် နီးလာသည် အထိ ပြေလည်မှု မရသေးသည့် သဘောဖြစ်ပြီး၊ ထိုသတင်းက ပြင်ပသို့ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာခဲ့ပါ၏။
သက်ရောက်မှု အချို့ရှိလာမည်။
များစွာ သင်ခန်းစာယူဖွယ်ရာ ကောင်းသည်ဟု ဆိုရပါလိမ့်မည်။ မြန်မာတို့ အကျိုးစီးပွား အခြေပြု အင်အား ကြီးမားဆဲ ရှိနေသေးသည်ကို တွေ့နေရပါသေးသည်။ ပြည်ခိုင်ဖြိုး ပါတီတွင်း ဖြစ်ပျက်မှုက လာမည့် ရွေးကောက်ပွဲကို မထိခိုက် နိုင်စေသော်လည်း၊ ရွေးကောက်ပွဲ ရလဒ်အပေါ် တစ်စုံတစ်ရာ သက်ရောက်မှု ရှိစေမည် ကတော့ အမှန်ပင်။ ပါတီတွင်း စည်းရုံးရေး ကောင်းစွာ မလုပ်နိုင်သော ပါတီကို ပြည်သူတို့ ယုံကြည်မှု တစ်စုံတစ်ရာ လျော့ကျမည် ကတော့အမှန်ပင်။
သုတေသနများ အရ ဦးသိန်းစိန် အပေါ် ထောက်ခံမှု (၇) ရာခိုင်နှုန်းနှင့် ဦးရွှေမန်း အပေါ် ထောက်ခံမှု တစ်ရာခိုင်နှုန်းဟု ဆိုထားသော်လည်း၊ ဦးရွှေမန်းကို ထောက်ခံသူများ၏ မဲများ ပြည်ခိုင်ဖြိုး ရရှိရန် မသေချာတော့ပါ။ ထိုမဲများက အခြား ပါတီတစ်ခုခုသို့ ရောက်သွားကြပါလိမ့်မည်။ ပြည်ခိုင်ဖြိုး ရရှိနိုင်သော မဲအရေအတွက် တစ်စုံတစ်ရာ ကျဆင်းပါလိမ့်မည်။
စစ်တမ်းများအရ ပြည်ခိုင်ဖြိုးမှ NLD ကို အောင်နိုင်ရန် မလွယ်ကူပါ။ ယခုအခြေအနေက ပြည်ခိုင်ဖြိုး ရရှိနိုင်မည့်မဲကို ပို၍အကျပ်အတည်း တွေ့စေပါလိမ့်မည်။
ကံကောင်းသည်က NLD အတွင်း၌လည်း ကြီးကြီးမားမား ပြဿနာများ ရှိနေသည်ဖြစ်ရာ NLD ကို ၁၉၈၈-မှ ယနေ့အချိန်အထိ အမြင့်မားဆုံးသော စိန်ခေါ်မှု ဖြစ်စေခဲ့ပြီး ယုံကြည်မှု အနိမ့်ဆုံးသို့ ကျနေသော အချိန်နှင့် တိုက်ဆိုင်နေပြန်ပါသည်။ ထိုမဲများသည် ပြည်ခိုင်ဖြိုးမဟုတ်၊ NLD မဟုတ်သော တတိယ အင်အားစု ပါတီများထဲ စီးဝင်သွားနိုင်ပါသည်။
ဆိုရလျှင် ပြည်ခိုင်ဖြိုးသည် လည်းကောင်း၊ NLD သည် လည်းကောင်း ယခင်ရလဒ်များကဲ့သို့ ပြတ်ပြတ် သားသား အနိုင်ရမှုမျိုးကို မမျှော်မှန်းနိုင်ကြတော့ချေ။ သို့သော်လည်း ပြည်ခိုင်ဖြိုးထက် NLD က အသားစီးရမြဲ ရရှိထားသည်ဟု ခြုံငုံ၍တော့ သုံးသပ်နိုင်ပါသည်။
ပြည်ခိုင်ဖြိုးအတွင်း ပဋိပက္ခများသည် လည်းကောင်း၊ NLD အတွင်း ပဋိပက္ခများသည် လည်းကောင်း လာမည့် ရွေးကောက်ပွဲ၏ မဲရလဒ်များကို တစ်စုံတစ်ရာ သက်ရောက်မှု ရှိလာနိုင်သည့် လက္ခဏာများက တဖြည်းဖြည်း ပို၍ ထင်ရှားလာခဲ့ပါသည်။ ထိုပါတီကြီး နှစ်ခုအနေဖြင့် အခြား မည်သည့် ပါတီများနှင့် မဟာမိတ် ပြုနိုင်မည် ဆိုသည့် ဆောင်ရွက်ချက်က ၂၀၁၅-၏ အဖြေတစ်ခုဟု မြင်လာရပါသည်။
ပါတီတစ်ခုသည် အခြားပါတီများ မယှဉ်သာအောင် အားကောင်းခဲ့လျှင် အာဏာရှင်စနစ်သို့ တစ်ဖန် ပြန်လည်၍ တွန်းပို့သလို ဖြစ်တတ်ပြီး၊ ပါတီအားလုံး မတိမ်းမယိမ်းဖြင့် အင်အားချည့်နဲ့ နေကြပြန်လျှင်လည်း ညွန့်ပေါင်းပုံစံဖြင့် ဖွဲ့စည်းကြမည် ဖြစ်ရာ ဖြစ်လာမည့် အစိုးရများမှာ Strong Government ဖြင့် အလှမ်း ဝေးနေပါလိမ့်ဦးမည်။
ပြည်ခိုင်ဖြိုးသည် လူအများ ငြီးငွေ့လာသော ပါတီဖြစ်ပြီး၊ NLD မှာမူ ဒေါ်အောင်ဆန်းစုကြည် အလွန် ကာလအတွက် စိုးရိမ်စိတ် ကြီးကြီးမားမား ရှိထားရသော ပါတီ ဖြစ်နေပြန်ပါသည်။
ပါတီတစ်ခုခုတွင် ထက်ထက်မြက်မြက် ရှိသော ခေါင်းဆောင် တစ်ဦးဦး ဦးဆောင်နိုင်ပါက မြန်မာ့ နိုင်ငံရေး အတွက် အလင်းတန်း တစ်ခု ဖြစ်လာနိုင်ဖွယ်ရာ ရှိပါသည်။ ထိုသို့ပါတီ သုံးလေးခုလောက် ဖြစ်ထွန်းလာဖို့ ကောင်းသည်။ သို့မှသာ မြန်မာ့နိုင်ငံရေး အနာဂတ်ကို ထိန်းထိန်း သိမ်းသိမ်းဖြင့် ပုံဖော်ထုဆစ် သွားနိုင်မှာ ဖြစ်သည်။
မည်သို့ဆိုစေ လောလောဆယ် ဖြတ်သန်းကြရမည်မှာ ၂၀၁၅-ရွေးကောက်ပွဲ ဖြစ်နေသည်။ နှစ်လကျော်မျှသာ လိုပါတော့၏။ ဤမျှနီးကပ်လာသည့် အချိန်အတွင်း အကြီးမားဆုံးသော ပါတီကြီး နှစ်ခုစလုံးက သူ့ပြဿနာနှင့် သူဖြစ်နေကြသည်မှာ ရွေးကောက်ပွဲ ရလဒ်အတွက် အားရဖွယ်ရာ မရှိချေ။
လောလောဆယ် လူအများ စိတ်ဝင်စား နေကြသည်မှာ ၂၀၁၅-ရွေးကောက်ပွဲထက် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌဖြစ်သူ ဦးရွှေမန်း၏ အနာဂတ် ဖြစ်လာပါသည်။ ဦးရွှေမန်း အနေဖြင့် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ တွင်ဆက်လက်၍ ရှိနေမည်လား၊ ပြည်ခိုင်ဖြိုး၏ ဒုတိယဥက္ကဋ္ဌ ရာထူးတွင် မရှိတော့ဘဲ သာမန် ပါတီဝင် တစ်ဦးအဖြစ် လျှော့ကျသွားပြီ ဖြစ်၍ ပြည်ခိုင်ဖြိုးတွင် ဆက်ရှိနေဦးမည်လား ဟူသည့် အပေါ် အများက အတော် စိတ်ဝင်စားနေကြပါ၏။
အချို့ကလည်း ပြဿနာများ ရှင်းရှင်း လင်းလင်း ရှိလာသည့် အခါတွင် ဦးရွှေမန်းကို ဒေါ်အောင်ဆန်းစုကြည် က ခေါ်ယူ၍ ပါတီ ပြောင်းသွားနိုင်သည် ဟူသော သုံးသပ်ချက်များလည်း ရှိလာပါသည်။
၂၀၁၅-တွင် ဖြူးမြို့နယ်၌ အမည်စာရင်း ပေးသွင်းထားသော ဦးရွှေမန်း အနေဖြင့် ရွေးကောက်ပွဲကိုပင် ဆက်လက် ယှဉ်ပြိုင်ပါဦးမည် လားဟူသော သိလိုသူများကလည်း မနည်းပါချေ။ ရွေးကောက်ပွဲ မယှဉ်ပြိုင်ခဲ့လျှင်မူ၊ သို့မဟုတ် ရွေးကောက်ပွဲ၌ အနိုင်မရလျှင်မူ ဦးရွှေမန်း အနေဖြင့် လွှတ်တော်တွင်း နေရာရစရာ မရှိတော့ပါချေ။
သို့သော်လည်း NLD အများစုအနိုင်ရပါက ဦးရွှေမန်း အနေဖြင့် Executive ဘက်တွင် နေရာတစ်ခု ရလာနိုင်စရာတော့ ရှိနေပြန်ပါသေးသည်။ မြန်မာ့နိုင်ငံရေးမှာ Alternative များ ယခင်ကထက် ပို၍ များလာသည် ကတော့ အမှန်ပင်။ မည်သို့ဆိုစေ စိတ်ဝင်စားဖွယ်ရာ ကောင်းလာခဲ့ပြီး၊ မြန်မာ့နိုင်ငံရေး ကံကြမ္မာ မည်သို့ အလှည့်အပြောင်းများ ဖြစ်လာမည်မှာ ပင့်သက် တရှိုက်ရှိုက် အခြေအနေ သို့တော့ ရောက်ရှိ တွန်းပို့ ခံလိုက်ရပါသည်…။
Credit By:The Messenger News နေဇင်လတ်
Subscribe to:
Posts (Atom)